နေသွင်ညိဏ်း - ဖေဖော်ဝါရီ တော်လှန်ရေး (၂၀၂၁)
ဖေဖော်ဝါရီ တော်လှန်ရေး (၂၀၂၁)
နေသွင်ညိဏ်း
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၅
‘သေနတ်တွေဟာ သူရဲဘောကြောင်သူတွေလက်ထဲမှာ ရောက်နေပြီး၊ တကယ် စွန့်လွှတ်သူတွေဟာ လက်နက်မဲ့တဲ့ လူငယ်တွေ ဖြစ်နေတယ်။’
'အမှောင်မကျခင် တရက်အလို'
ဇန်နဝါရီ ၃၀ ရက်နေ့မှာ ဆွေးနွေးဖို့ ရွေးလိုက်တဲ့ ခေါင်းစဉ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ပြန်လှည့်နိုင်သလား။ ကိုဗစ်ကပ်ဘေး နည်းနည်းသက်သာပြီး အာဏာသိမ်းနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေတဲ့အချိန် ရန်ကုန်မြို့လယ်က ဟိုတယ်မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဘိတ်ရဲ့ နဂိုပုံစံ လူပရိသတ် နည်းနည်းဖိတ်ပြီး ပထမဆုံး ပြန်ရိုက်ကူးခဲ့တဲ့ DVB Debate ဟာ နောက်ဆုံး ဖြစ်မယ်လို့ ကျနော် မထင်ခဲ့ပါဘူး။
ဒီမတိုင်ခင်ရက်တွေမှာ ရန်ကုန်မှာ စစ်တပ်ကို ထောက်ခံသူတွေက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသလို၊ သံချပ်ကာကားလည်း မြို့လယ်ကောင် ပတ်မောင်းနေခဲ့လို့ အာဏာသိမ်းနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နေခဲ့ပါတယ်။ ဒီမတိုင်ခင် သတင်းသမားလက်တဆုပ်စာပဲ တက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ' အာဏာမသိမ်းဘူးလို့ မပြောနိုင်ပါဘူး' လို့ မျက်နှာထားတင်းတင်းနဲ့ ပြောခဲ့ပါတယ်။ တိုင်းပြည်ဟာ မုန်တိုင်းကျတော့မယ့် အရိပ်အယောင်တွေ နေရာတကာမှာ ရှိနေခဲ့ပါတယ်။
DVB Debate ဆွေးနွေးပွဲမှာ ကိုမြအေးက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းမယ်ဆိုရင် ရွေးကောက်ပွဲရလဒ်ဟာ အကြောင်းပြချက်သာ ဖြစ်ပြီး အဓိကက ဖက်ဒရယ်ကို မသွားချင်တာကြောင့်လို့ ပြောခဲ့ပါတယ်။ အန်အယ်လ်ဒီရဲ့ အစိုးရဖွဲ့စည်းရေး ညှိနှိုင်းမှုတွေကို သဘောမတွေ့လို့ စစ်တပ်အာဏာသိမ်းလည်း ကောင်းတာပဲလို့ ခပ်လွယ်လွယ် ကျိတ်တွေးနေသူတွေ အမြင်ပွင့်သွားစေတဲ့ မှတ်ချက်ပါ။
ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးတဲ့ စစ်အုပ်စုဟာ ၁၉၆၂ မှာ ဖက်ဒရယ်ကို အကြောင်းပြ အာဏာသိမ်းပါတယ်။ ၂၀၂၀ မှာ ရွေး ကောက်ပွဲ မဲမသမာမှုလို့ အကြောင်းပြပြီး အာဏာသိမ်းပါတယ်။ တကယ်ကျတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရရဲ့ မပြည့်မစုံ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး ခြေလှမ်းတွေကိုတောင် စစ်အုပ်စုက သဘောမတူခဲ့ပါဘူး။ ဒီလို သဘောမတူတာတွေကို ကာချုပ်မင်းအောင်လှိုင်ပြောတဲ့ ငြိမ်းချမ်းရေး အခမ်းအနား မိန့်ခွန်းတွေမှာ အထင်အရှား တွေ့နိုင်ပါတယ်။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်းတာကို အန်အယ်လ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲရလဒ်နဲ့ပဲ ဆိုင်တယ်လို့ ယူဆသူတွေ များပါတယ်။ ကိုမြအေးလို သမိုင်းဆိုင်ရာ အမြင်ချဉ်းကပ်သူ ရှားပါတယ်။
ဒီဘိတ် ပြီးသွားတဲ့အခါ ကိုမြအေးက ‘ဟေ့လူရေ အခြေအနေမကောင်းဘူးဗျ။’ လို့ ပြောနေသံ ကြားလိုက်ပါတယ်။ စနေနေ့မှာ ရိုက်ကူးခဲ့တဲ့ ဒီဘိတ်ကို တနင်္ဂနွေညဦးမှာ လွှင့်ပါတယ်။ တနင်္ဂနွေ မိုးမလင်းခင်မှာပဲ စစ်တပ်က အာဏာသိမ်းပါတယ်။ ကိုမြအေးကိုလည်း သူ့အိမ်ကနေ လာဖမ်းသွားခဲ့တယ်။
အဲဒီညသန်းခေါင်အထိ ဆရာတင်မောင်သန်းနဲ့ အွန်လိုင်းပေါ်မှာ စကားပြောနေတာ မှတ်မိပါတယ်။ ဆရာက အာဏာသိမ်းမယ်လို့ ယတိပြတ်ဟောကိန်းထုတ်သူဆိုပေမဲ့ မသိမ်းအောင် ‘ဘယ်လို လုပ်ရင် ရမလဲဆိုတဲ့ ထွက်ပေါက်’ကို ကြံဆနေခဲ့ပုံပါပဲ။ ‘ဆေးမီသေးရဲ့လားဆရာ’လို့ ကျနော်က မေးခွန်းထုတ်ပြီး စကားပြောတာ ခဏနားလိုက်ကြပြီး ကျနော်လည်း အိပ်ရာဝင်သွားခဲ့ပါတယ်။
နိုးလာတဲ့အခါ အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေ ပြတ်တောက်နေပါတယ်။ သေချာပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်ပြီဆိုတာ သိလိုက်ပါပြီ။ စကားကျယ်ကျယ် ပြောတတ်တဲ့ အိမ်နီးချင်းတယောက်က ရေဒီယိုကျယ်ကျယ်ဖွင့်ထားရင်း စစ်တပ်အာဏာသိမ်းတာ သေချာကြောင်း တရက်ကွက်လုံးသိအောင် အော်ပြော အတည်ပြုလိုက်ပါတယ်။ ရေဒီယိုက စစ်ချီတေးတွေက သွေးစွန်းနေ့တွေကို နိဒါန်းဖွင့်ပေးလိုက်ပါတယ်။
'၂ ရက်မြောက်နေ့ '
အာဏာသိမ်း စစ်အစိုးရက အမိန့်တွေ ဆက်တိုက်ထုတ်ပြန်နေတယ်။ ဒီဘိတ်ကို ဖိတ်ဖူးတဲ့ နိုင်ငံရေးသမားတွေလည်း စစ်ကောင်စီထဲ အဖွဲ့ဝင်တွေ ဖြစ်လာတယ်။ မက်ဆင်ဂျာကနေ လှမ်းပြီး အင်တာဗျူးပေးဖို့ လှမ်းပြောလိုက်တယ်။ ဘာမျှ ပြန်မဖြေ။ လူတွေကတော့ အံ့သြတာရော၊ စိတ်ပျက်တာရော၊ နောက်ထပ် ဘယ်သူတွေ ထပ်ပါလာမလဲ မသိ။ ရန်ကုန်ဟာ ငြိမ်သက်နေဆဲ။ မုန်တိုင်းမလာခင် ငြိမ်သက်မှုမျိုး။ သွားနေကျဆိုင်တွေကလည်း စစ်အုပ်ချုပ်ရေးကာလမှ မဖွင့်ရဲလို့ အတင်းပြန်နှင်နေတယ်။ အကြောက်တရားက လူတွေစိတ်ထဲ ပြန်ရောက်လာပါပြီ။
' ၃ ရက်မြောက်နေ့ '
ရခိုင်နိုင်ငံရေးသမားတစ်ယောက် ဖုန်းလှမ်းဆက်တယ်။ ကျနော် မရှိတုန်း ခင်ဗျားတို့တွေ ဘာတွေ ဖြစ်နေကြတာလဲလို့ လှမ်းစတယ်။ ဒါက သူ့ထုံးစံပဲ။ သူ ခရီးထွက်နေတုန်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတာပဲ၊ စည်ပင်ဝင်းထဲက အမတ် ၇၀ လောက်က ကတိသစ္စာပြု လိုက်ကြတယ်။ ကျန်တဲ့အမတ်တွေကို အွန်လိုင်းကနေ လက်မှတ်ထိုးပေးမယ်လို့ ဆိုတယ်။
'၄ ရက်မြောက်နေ့ '
တက္ကစီကိုခေါ်ပြီး သူငယ်ချင်းနဲ့ သွားတွေ့တယ်။ သူတို့လင်မယားက သူတို့အိမ်မှာ အိပ်စေချင်တယ်။ နောက်မှ အေးဆေးလာအိပ်မယ်လို့ပြောပြီး ရေခဲသေတ္တာထဲက ဘီယာတဘူးစီ သောက်တယ်။ သူငယ်ချင်းအမျိုးသမီးက အမြည်းလာချပေးတယ်။ ဦးပိုင်နဲ့ တွဲလုပ်နေတဲ့ ကီရင်ဘီယာ သပိတ်မှောက်သွားမယ့်သတင်းတွေ ရန်ကုန်ဟာ ည ၈ နာရီထိုးတာနဲ့ သံပုံးတီးသံတွေနဲ့ ဆူညံနေသလောက် နေ့ဘက်မှာတော့ အရင်နေ့တွေနဲ့ သိပ်မထူးသလိုပါပဲ။ ဒါပေမဲ့ လူတွေက စစ်အာဏာသိမ်းတာကို မကျေမနပ်ဖြစ်နေတယ်။ တက္ကစီဆရာက သူ့မိန်းမက နောက်ထပ် ၃ ပတ်ဆိုရင် ကလေးမွေးတော့မှာမို့လို လက်ရှိအခြေအနေမှာ ဆေးရုံ ဆေးခန်းတွေ ပုံမှန် မလည်ပတ်တော့မှာ စိုးရိမ်နေတယ်။ ဆရာဝန်တွေ သူနာပြုတွေရဲ့ အလုပ်မဆင်းသပိတ်ဟာ အတော်လေး ကျယ်ပြန့်နေတယ်။
ကျောင်းတုန်းက အဆောင်အတူနေခဲ့ကြတဲ့သူငယ်ချင်းတွေနဲ့ အွန်လိုင်းကနေစကားပြောတယ်။ သူတို့ နိုင်ငံရေးတွေပဲ ပြောနေကြတယ်။ ဝန်ထမ်းတစ်ယောက်ကို အလုပ်မထွက်သေးဘူးလို့လားလို့ စနေကြတယ်။
အမေရိကက မိတ်ဆွေ ဖုန်းဆက်လာတယ်။ အလုပ်ထွက်ကြတဲ့လူတွေကို ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို စဉ်းစားကြတယ်။ အမေရိကန် ရေတပ်သင်္ဘောကြီး ထွက်လာတဲ့ သတင်းအကြောင်း သူက စပြောတယ်။ ညကျတော့ ဦးဝင်းထိန် အဖမ်းခံရတဲ့သတင်း ကြားရတယ်။
' ၅ ရက်မြောက်နေ့ '
အန်အယ်ဒီက အမတ်တွေ ၃၀၀ နီးပါး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့ စည်းလိုက်ကြတယ်။ အစိုးရဖွဲ့ဖို့အထိဆောင်ရွက်သွားမယ်လို့ ဆိုတယ်။ ၁၉၉၀ ရွေး ကောက်ပွဲရလဒ်ကို စစ်အစိုးရက ဖျက်သိမ်းတဲ့အချိန်ကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ဖူးတယ်။ အဲဒီကော်မတီကိုထောက်ခံတဲ့သတင်းစာမှာ နှစ်အတန်ကြာ အယ်ဒီတာ လုပ်ခဲ့ဖူးတာကိုသတိရတယ်။ သတင်းစာမှာ စာရေးဖူးတဲ့ အန်ကယ်ကြီးကလည်း ထူးထူးဆန်းဆန်း ဖုန်းလှမ်းဆက်တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အကြောင်း လှမ်းမေးတယ်။ ကန့်ကွက်သူမရှိဆိုတာကတော့ ကြုံတောင့်ကြုံခဲဆိုတာအမှန်ပါပဲ။ ဒါပေမဲ့ နောက် ဆုံးကျတော့ နိုင်ငံတစ်ခုရဲ့အပြောင်းအလဲဆိုတာ ပြည်သူတွေကိုယ်တိုင် လုပ်ယူမှပဲ ရေရှည်ခံပြီး တည်ငြိမ်တယ် မဟုတ်လား။ ညဘက် သံပုံးတီးသံဟာ ပိုကျယ်လာတယ်။ ပြီးတော့ သီချင်းတွေ ဆက်ဆိုနေကြတယ်။ ကမ္ဘာမကျေဘူး။ ငါတို့ သွေးနဲ့ရေးတဲ့ မော်ကွန်းတွေ၊။
' ၆ ရက်မြောက်နေ့ '
ဆန္ဒပြပွဲ စပါပြီ။ အိသဉ္ဖာမောင်ကို တွေ့ရတယ်။ အရင်နှစ်တွေတုန်းက ကျောင်းသားသပိတ်တွေမှာ မြင်ခဲ့ရတဲ့ ဖြူဖြူနုနု၊ အသံဝဲဝဲ ရှမ်းနီကျောင်းသူလေးဟာ စစ်အာဏာရှင်စနစ် ဖျက် သိမ်းရေးတိုက်ပွဲကို ဦးဆောင်နေပါပြီ။ တခါက လုပ်ဖော်ကိုင်ဖက် ဂျာနယ်လစ်တစ်ယောက်က တိုက်ပွဲက မွေးထုတ်ပေးလိုက်တဲ့ခေါင်းဆောင်လို့ စတေးတပ်တင်တယ်။ ကိုဝေမှူးသွင် ဖုန်းဆက်လာတယ်။ လက်ရှိအခြေအနေတွေပြောရင်း ကျောင်းသားခေါင်းဆောင်ဘဝကနေ အခု အသက် ၆ဝ ဝန်းကျင်အထိ အရေးကြုံရင် သက်လုံကောင်းတတ်တဲ့ ကိုပေါ်ကို ပိုလေးစားသလို အားလည်းနာမိတာ အမှန်ပါပဲ။
အိမ်ကဖုန်းဝင်လာတယ်။ ရန်ကုန်အခြေအနေကိုပြောပြလိုက်တယ်။ မကြာခင်မှာ ဆန္ဒပြပွဲတွေ ကျယ်ပြန့်လာနိုင်တာကြောင့် အဖေနဲ့အမေတို့အတွက် ဆေးတွေနဲ့ ရိက္ခာတချို့ ဝယ်ထားဖို့ သတိပေးရတယ်။ ရန်ကုန်မှာတော့ အင်တာနက်လိုင်းတွေ စဖြတ်လိုက်ပါပြီ၊ ညဘက်မှာ သံပုံးတီးသံတွေနဲ့ သီချင်းဆိုသံတွေက အရင်နေ့တွေကထက် ပိုကျယ်၊ ပိုကြာတယ်။ ဝရန်တာတွေမှာ အလံတွေ၊ အနီရောင်အဝတ်တွေ။ ညဘက်မှာ ကိုညီငယ်ဆီ ဖုန်းဆက်တော့ ရန်ကုန်မှာ အနည်းဆုံး ၅ နေရာလောက်မှာ ဆန္ဒပြပွဲတွေ ဖြစ်တယ်လို့ သိရတယ်။ ကောလာဟလတွေလည်း ပြန့်နေတယ်။ မနက်ဖြန် ကိုမင်းကိုနိုင် လှည်းတန်းမှာ မိန့်ခွန်းပြောမယ်ဆိုတာက စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ပါတယ်။ ည ၁၀ နာရီလောက်ကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတုတွေ ပြန့်နေတယ်။ ဒီအချိန်မှာ ဒါမျိုးဟာ ဖြစ်နေကျပဲ။ လမ်းထဲက လူတွေ ဝမ်းသာလို့ အော်ကြ၊ ကကြတယ်။ သိတဲ့လူတွေ၊ မသိတဲ့လူတွေ၊ ဖုန်းမဆက်တာ ကြာနေပြီဖြစ်တဲ့ မိတ်ဆွေတွေက ဖုန်းလှမ်းဆက်တယ်။ ဘယ်သူ့ဆီကမှ အတည်ပြုချက်မရ။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတဲ့ သတင်းတုတွေ၊ ကောလာ ဟလတွေ ဒီထက် မဆိုးလာဖို့ ဆုတောင်းရပါတယ်။
' ၇ ရက်မြောက်နေ့ '
စနေနေ့၊ ဆန္ဒပြပွဲတွေ ကျယ်ပြန့်လာတယ်။ အာရှတော်ဝင်မှာ ဆရာဝန်တွေ၊ သူနာပြုတွေက ဆန္ဒပြသမားတွေကို လှိုက်လှိုက်လှဲလှဲ အားပေးကြတယ်။ ဆန္ဒပြသမားတွေထဲမှာ လူငယ်တွေချည်းပဲ။ လူငယ်တွေက သူတို့အနာဂတ်ကို သူတို့ဖန်တီးနေတာအားရစရာ။ သပိတ်စစ်ကြောင်းတွေကို ငေးကြည့်နေတုန်း ဆရာသာ ဖုန်းဆက်လာတယ်။ ဒီဗွီဘီကို ဂြိုဟ်တုက ပြန်လွှင့်လို့ရပြီမို့ တတ်နိုင်တဲ့ အလုပ်တွေကို ဆက်လုပ်ဖို့။ အင်တာနက်လိုင်း ပြန်ပွင့်လာတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် ရောက်မှာမို့လို့ ဖွင့်ပေးတာဆိုတဲ့ ကောလာဟလတွေ ထွက်နေတယ်။ တကယ်တော့ မဟုတ်ပါဘူး။
ရန်ကုန် ဆူးလေက လူပင်လယ်ဟာ ၈၈ တုန်းက လူပင်လယ်ကို ပြန်ပြီး အမှတ်ရစရာ။ ကိုမင်းကိုနိုင်ရောက်လာတယ်။ လူငယ်တွေကိုစည်းကမ်းရှိဖို့။ ဆက်လက် ဦးဆောင်ဖို့ အားပေးစကား ပြောတယ်။ အာဏာသိမ်းပြီးတဲ့ နောက်ပထမဆုံး ကိုပေါ့ ်မျက်နှာကို ပြန်မြင်ရတာပါပဲ။ ကိုမြအေးနဲ့ တခြား အဖမ်းခံရသူတွေကတော့ သတင်းအစပျောက်နေဆဲ။ ဆန္ဒပြပွဲတွေက ရန်ကုန်သာမက မန္တလေး၊ မော်လမြိုင်၊ မြဝတီမြို့အတော်များတယ်။ မြဝတီမှာ ရဲက ဆန္ဒပြသမားတွေကို သေနတ်ဖောက် လူစုခွဲတော့ ဒီကေဘီအေတပ်တွေ ကားနှစ်စင်းနဲ့ရောက်လာတဲ့သတင်းတွေ ဖတ်ရတယ်။ ထိပ်တိုက်တွေ့မှုတွေ စတော့မှာလား။ မဖြူနဲ့ အင်တာဗျူးခွင့်ရတယ်။ စီအာပီအိတ်ချ်ရဲ့ လုပ်ငန်းတွေကို ရှင်းပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ် ကာကွယ်ဆေးထိုးတဲ့သတင်းတွေ ဖတ်ရတယ်။ စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းလိုက်တယ်။ ပြည်နယ်တိုင်း လွှတ်တော်တွေမှာတော့ အစောဆုံး ထင်ပါတယ်။ မန္တလေးမြို့တော်ဝန်ကို အရင်စစ်အစိုးရခေတ် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းကို ခန့်တယ်တဲ့။ မန္တလေးသားတွေကတော့ မခံချိမခံသာဖြစ်ကုန်ကြလိမ့်မယ်။ သံပုံးတီးသံတွေ ဆူညံပြီးတဲ့နောက် ရန်ကုန်ညဟာ ထင်တာထက် တိတ်ဆိတ်နေတယ်။ လုံခြုံမှုကင်းနေသလို။ တခုခု ကြံနေကြသလား။ ဗိုလ်ချုပ်ဂွမ်မော်က မနက်ဖြန်အတွက် စိုးရိမ်တယ်။ ပစ်မိန့်ပေးဖို့ လုံးဝ မသင့်ဘူးလို့ ရေးထားတယ်။ မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေထဲမှာ ပထမဆုံးထုတ်ပြောတာပါပဲ။ ဒါပေမဲ့ ကေအိုင်အေအနေနဲ့တော့မဟုတ်သေး။ သူတို့ ဘာကိုစောင့်နေသလဲ။ မနက်ဖြန် ၈ ရက်နေ့ ရုံးတွေ စဖွင့်မယ်။ ဝန်ထမ်းတွေရဲ့ စီဒီအမ်လှုပ်ရှားမှု ဘယ်လောက် အောင်မြင်သလဲဆိုတာ မြင်ရတော့မယ်။
' ၈ ရက်မြောက်နေ့ '
မနက် ၈ နာရီမှာ သံပုံးတီးသံတွေနဲ့ ရန်ကုန်ဟာ နိုးထလာတယ်။ စီအာရ်ပီအိတ်ချ်ဟာ သူ့အလုပ် သူလုပ်နေတဲ့ပုံ။ စစ်တပ်က အာဏာသိမ်းတာဟာ ဥပဒေချိုးဖောက်မှု ဖြစ်တယ်လို့ ခပ်ပြတ်ပြတ် ကြေညာချက်ကို ထုတ်တယ်။ ဆန္ဒပြပွဲတွေ ထင်တဲ့အတိုင်းပါပဲ။ လှည်းတန်းကနေ ချီတက်လာတဲ့ လူတန်းကြီးဟာ မဆုံးနိုင်လောက်အောင်ပဲ။ အရင်နေ့တွေက မြို့တွေအပြင် နေပြည်တော်မှာလည်း ဆန္ဒပြသမားတွေ ထွက်လာတယ်။ သူတို့ကို ရေနဲ့ပက်ပြီး လူစုခွဲတယ်။ နိုင်ငံတကာ သတင်းတွေမှာ ချက်ချင်းတက်လာတယ်။ ခေတ်က မြန်တယ်။ ဝန်ထမ်းပေါင်းစုံ (ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ မီးသတ်၊ ဆရာ ဆရာမတွေ) ချီတက်ပွဲမှာ ပူးပေါင်းလာတာ သူတို့သတ္တိကို ချီးကျူးမိပါတယ်။ ၁၉၈၈ နောက်ပိုင်း ဒီလို မြင်ကွင်းမျိုးက ပထမဆုံးပါပဲ။ ဆန္ဒပြသမားတွေ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေက မျိုးစုံ။ တချို့ ဆိုင်းဘုတ်က ပြုံးချင်စရာ။ ဒါ ဂျန်နရေးရှင်းဇီ။ ပေါ့ပါးတယ်။ ဒါပေမဲ့ လေးနက်တယ်။ သူတို့ဟာ နိုင်ငံရေးကို ကြီးကြီးကျယ်ကျယ် မပြောပေမယ့် တာဝန်ယူမှု မြင့်မားတဲ့ မျိုးဆက်။ ဆန္ဒပြရင်းနဲ့ အမှိုက်တွေပါ တခါတည်း သိမ်းသွားတယ်။ အားတက်မိတယ်။ တချိန်တည်းမှာ သူတိုနဲ့ထိုက်တန်တဲ့အစိုးရမရသေးတဲ့အတွက် ဝမ်းနည်းမိတယ်။ သူတို့ အနာဂတ်ဟာ တိုင်းပြည်အနာဂတ်ပဲ။ သူတို့မှာ နိုင်ငံရေးအရောင် မရှိဘူး။ အမှန်တရားနဲ့တရားမျှတမှုကိုတော့ သူတို့ သိတယ်။ ရင်လေးနေမိတယ်။ နုနုနယ်နယ် ဒီလူငယ်တွေကို ဖျက်လိုဖျက်ဆီးလုပ်မယ့်လူတွေ မကြာခင် ထွက်လာတော့မယ်ဆိုတာကို စစ်အစိုးရ ပြန်ကြားရေး မေတ္တာရပ်သလိုလို၊ သတိပေးချက်လိုလို ထုတ်ပြန်ချက်က ရှေ့ပြေးပဲ။ လက်ဝါးပုံ (လက်သံချောင်း ထောင်တာကို တန်ပြန်ဖို့ လက်ငါးချောင်း) စတစ်ကာတွေ ထောင် ထားပြီး၊ သာသနာ့အလံ၊ နိုင်ငံတော်အလံထောင်ထားတဲ့ကားတွေ လမ်းပေါ်ထွက်လာတဲ့ ပုံတွေကို တင်ကြတယ်။ မြန်မာပြည်မှာ ဘာပြီးရင် ဘာလာမလဲဆိုတာသိနေပေမဲ့ အဖြေမရှိ။ ခင်ဗျားတို့ အတ္တတွေလျှော့လိုက်ကြရင် ကောင်းမယ်။ မဟုတ်ရင် ဒီနိုင်ငံဟာ အစိတ် စိတ်အမြွှာမြွှာ ဖြစ်တော့မယ်။ နေအိမ်အကျယ်ချုပ်ချထားတဲ့ ဝန်ကြီးချုပ်တွေကို လာဖမ်းသွားတယ်ဆိုတဲ့ သတင်းတွေကြားရတယ်။ ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အရူးတွေလက်ထဲကို အာ ဏာအပ်လို့မဖြစ်ဘူးလို့ ရဲရဲတောက် မိန့်ခွန်းကို ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီက ဘာသံမှ မကြားရသေး။ နိုင်ငံတကာကအသံတွေ ပြန်တိတ်နေသလိုပါပဲ။ ရန်ကုန်တိုင်း လွှတ် တော်အမတ်တွေက တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့လိုက်တယ်။ ရန်ကုန်တိုင်း အန်အယ်လ်ဒီကတော့ မနက်ဖြန်မှာ ဆန္ဒပြသမားတွေနဲ့အတူ ပူးပေါင်းဖို့ ညွှန်ကြားချက်ထုတ်လိုက်တယ်။ ဒါဟာ လမ်းပေါ်နိုင်ငံရေးကို အမြဲတမ်းရှောင်လေ့ရှိတဲ့ အန်အယ်လ်ဒီရဲ့ ထူးဆန်းတဲ့ ခြေလှမ်းလို့ ပြောရမှာပါပဲ။ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်တယ်။ စစ်အုပ်ချုပ်ရေးဟာ နောက်ဆုံးတော့ သူ့အစွယ်ကို ထုတ်လိုက်ပါပြီ။
' ၁၄ ရက်မြောက်နေ့ (ဖေဖော်ဝါရီ ၁၄)'
သံချပ်ကာကားတွေ ရန်ကုန်မြို့ထဲ ဝင်လာပါပြီ၊ အာဏာမသိမ်းခင် ရက်ပိုင်းက မြို့ထဲ ပတ်မောင်းနေတဲ့သံချပ်ကာကားတွေကို တွေ့ရပြီးတဲ့နောက်မှာ ပထမဆုံး ပြန်တွေ့ရတာ ဖြစ်ပါတယ်။ လမ်းမပေါ်မှာ ကားဟွန်းသံတွေ ညံနေတယ်။ သံချပ်ကားကို ကန့်ကွက်တဲ့အနေနဲ့ ဖြတ်သွားဖြတ်လာ ကားတွေကို ဟွန်းသံပေးကြတာပါ။ ပြီးခဲ့တဲ့ရက်တွေက အဖြစ်အပျက်တွေကို ငေးမောရင်နဲ့ ဒိုင်ယာရီတောင် မရေးနိုင်အောင် ဖြစ်ခဲ့တယ်။ နေ့ဘက်မှာ ဆန္ဒပြပွဲတွေ အမြို့မြို့အနယ်နယ်မှာ အရှိန်မြှင့်ခဲ့တယ်။ ရဲနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့တာတွေလည်း ဖြစ်ခဲ့တယ်။ နေပြည်တော်မှာ ရေနဲ့ပက်၊ သေနတ်နဲ့ပစ်လို့ ဒဏ်ရရသူတွေ ရှိခဲ့တယ်။ ဦးခေါင်းကို သေနတ်မှန်သွားတဲ့ ၁၉ နှစ်အရွယ် မိန်းကလေး အသက်ဆုံးသွားတယ်။ ဒီအရေးတော်ပုံမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်ရက်တွေက ညနေဘက် ဓားနဲ့ ဝင်ထိုးတာတွေ၊ ကားနဲ့ တိုက်ပြီး ပြေးတာတွေ ဖြစ်ခဲ့တယ်။ နိုင်ငံဟာ မင်းမဲ့တိုင်းပြည်လိုပါပဲ။ အာဏာသိမ်းအစိုးရက ထောင်သားတွေကို လွှတ်ပေးလိုက်တယ်။ ဒီထဲမှာ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်လည်း ပါဝင်တယ်။ ဆိုးတာကတော့ အားလုံး ကြိုတင်ခန့်မှန်းတဲ့အတိုင်းပဲ ထောင်ထွက် ခိုးဆိုးနှိုက်တွေဟာ လူနေရပ်ကွက်တွေထဲကို ဝင်လာတယ်။ အရင်ညတွေက စီဒီအမ်လုပ်တဲ့ ဆရာဝန်တွေ၊ လူမှုရေးအဖွဲ့အစည်းခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေကို ရဲက ဝင်ဖမ်းတဲ့အခါ ရပ်ကွက်နေ ပြည်သူတွေက သံပုံးတွေ၊ အိုးခွက်တွေပြီး အချက်ပေးပြီး ဝိုင်းကာကွယ်ပေးခဲ့ကြတယ်။ ရန်ကုန်ဟာ အထိတ်တလန့်။ မနေ့ညကတော့ ရန်ကုန်မြို့၊ မန္တလေးမြို့အနှံ့မှာ လူစိမ်းတွေဝင်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဝိုင်းဖမ်းရတယ်။ တချို့တွေက မူးယစ်ဆေးဝါးသုံးစွဲထားသလို၊ တချို့က စိတ်ကျန်းမာရေးမကောင်းသူလို၊ တချို့က လူမမည်အရွယ်ကလေးတွေ ဖြစ်နေတယ်။ ထူးခြားတာကတော့ ဖမ်းမိသူတချို့က ရဲနဲ့အတူ ကားတစီးထဲမှာ အတူဖြစ်နေတယ်။ တချို့ကိုလည်း လူနာတင်ယာဉ်ပေါ်ကနေ ချပေးသွားတာလို့ မျက်မြင်တွေက ပြောကြတယ်။
ရန်ကုန်ဟာ ၁၀ နာရီနောက်ပိုင်း အုန်းအုန်းကျွက်ကျွက် ဖြစ်နေတယ်။ အဖမ်းခံရသူတွေကလည်း တနိုင်ငံလုံးမှာ ၄၀၀ နီးပါး ရှိသွားပြီ၊ အရင်က အိမ်ချုပ်ချထားတဲ့ ဝန်ကြီးချုပ်တွေကို ပြန်ဖမ်းပြီး တချို့ ထောင်ထဲ၊ စစ်ကြောရေးထဲ ပို့ထားတယ်။ ဒေါက်တာဇော်ဝေစိုးကိုလည်း တစ်ည ဖမ်းပြီး ပြန်လွှတ်လိုက်တယ်။ မနေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မို့ ရန်ကုန်အပါအဝင် မြို့တွေမှာ ဆန္ဒပြအင်အားဟာ ကျမသွားဘူး။ ထိပ်တိုက်တွေ့တဲ့သတင်းတော့ သိပ်မကြားရပါဘူး။ လူတွေက ဒေါသထွက်နေကြတယ်။ မခံမရပ်နိုင် ဖြစ်နေကြတယ်။ ဒါပေမဲ့ မြေပြင်က အဖြစ် အပျက်အားလုံးဟာ လူမှုကွန်ရက်မီဒီယာပေါ်မှာ၊ ကင်မရာရှေ့မှာဖြစ်ပျက်နေတာမို့လို့ အဓိ ကရုဏ်းအခြေအနေ မဖြစ်သေးဘူး။ စစ်ကောင်စီကထိန်းချုပ်ထားတဲ့ မီဒီယာကတော့ ဦးကျော်ဆန်း ခေတ်ကအတိုင်းပဲ ပေါက်ကရတွေ၊ မုသားတွေ လွှင့်နေတယ်။ မီဒီယာသမားလူငယ်တွေက ပြည်ထောင်စုနေ့မှာ လမ်းပေါ်ထွက်ကြတယ်။ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြကြတယ်။ အာဏာသိမ်းကောင်စီရဲ့ မီဒီယာတွေကို ထိန်းချုပ်ဖို့ ခြေလှမ်းတွေကိုလည်း တွေ့လာကြတယ်။ ပထမဆုံး ထွက်လာတာတော့ ဆိုက်ဘာလုံခြုံရေး ဥပဒေပါပဲ။ ဒါကို ဘယ်သူမှ လက်မခံနိုင်ပါဘူး။ နောက်ထပ် ထွက်လာတာကတော့ အာဏာသိမ်းအစိုးရလို့ မခေါ်ဘဲ အရေးပေါ်ကာလအစိုးရလို့ခေါ်ဝေါ်သုံးနှုန်းဖို့ ညွှန်ကြားချက်ထွက်လာတာပါပဲ။ နောက်ထပ် ထွက်လာတာက တော့ ဧည့်စာရင်းနဲ့ ၂၄ နာရီထက်ကျော်ပြီး ထိန်းသိမ်းခွင့်ဥပဒေကို ပြန်ပြင်တာပါပဲ။ မီဒီယာလွတ်လပ်ခွင့်၊ လူတွေရဲ့ လွတ်လပ်ခွင့်တွေကို ထိန်းချုပ်တော့မယ့် ခြေလှမ်းတွေ ဖြစ်ပါတယ်။ နိုင်ငံတကာမျက်နှာစာမှာတော့ ကုလသမဂ္ဂလူ့အခွင့်ကောင်စီရဲ့ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ရွေး ကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ဒီမိုကရေစီလုပ်ငန်းစဉ် ရှေ့ဆက်ဖို့ အာဏာသိမ်း အုပ်စုကို တိုက်တွန်းချက် ပါဝင်ပါတယ်။ ဒီမတိုင်ခင်မှာ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့တယ်။ ဒီလို နိုင်ငံတကာဖိအားတွေက မြန်ဆန်ပေမယ့် အဖြေတော့ မဟုတ်ဘူးဆိုတာ အားလုံး သဘောပေါက်နေကြပါတယ်။ တချို့ကလည်း အမေရိကန်က စစ်ဝင်တိုက်စေချင်နေတယ်။ နိုင်ငံတကာ သုံးသပ်ချက်တွေမှာလည်း ဘက် နှစ်ဘက် ဖြစ်နေတာကို တွေ့ရတယ်။ ဒါကတော့ ဒီဘိတ်အဟောင်းပါပဲ။ မြန်မာကို ပစ်ထားရင် တရုတ်က ပိုပြီး သြဇာသက်ရောက်မယ်ဆိုတဲ့ ဘက်နဲ့ အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်အတွက် အရေးကြီးတဲ့ စမ်းသပ်မှုဆိုတဲ့ဘက် ဖြစ်ပါတယ်။ အနာဂတ်က ဘာမှ မရေရာပါဘူး။ ဒီတခါရှုံးရင် တသက်လုံး ရှုံးမယ်လို့ ပြောနေကြတယ်။ သံချပ်ကာကားတွေ ဝင်လာပြီး နောက်တစ်ရက်မှာ အင်တာနက်ဖြတ်ပြီး အာဏာသိမ်းခဲ့တယ်။ အခုတခါ ရန်ကုန်ကို သံချပ်ကာကားတွေ ဝင်လာတယ်။ အင်တာနက်ဖြတ်ပြီး လူထုဆန္ဒပြပွဲကို နှိမ်နင်းတော့မလားဆိုတာ စိုးရိမ်ရတယ်။ မနက်ဖြန် ဘာဖြစ်မလဲ။ ဗိုလ်ချုပ်ကြီးတွေကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။
' ဖေဖော်ဝါရီ ၁၅ (မွေးနေ့)'
ကိုယ့်မွေးနေ့။ စိတ်ထဲမှာ အရင်နေ့တွေကအတိုင်းပဲ လေးလံနေတယ်။ မနက်စောစော ဘုရားကို ဆီမီးကပ်၊ ပန်းကပ်၊ ရေကပ်ပြီး ထိုင်နေမိတယ်။ ညက ၁ နာရီကတည်းက အင်တာနက် ပျက်သွားတာ။ စောစောစီးစီး ဖုန်းမဆက်တာ ကြာပြီဖြစ်တဲ့ အစ်ကို တစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်ကတော့ တရုတ်ရဲ့ အကွက်ထဲ ဝင်သွားတာပဲလို့ သူ့အမြင်ကို ပြောတယ်။ တရုတ်က တောင်တရုတ်ပင်လယ်ကိစ္စကနေ အမေရိကကို အာရုံလွှဲချင်လို့ မြန်မာပြည်မှာ အာဏာသိမ်းခိုင်းတာလို့ သူကသုံးသပ်တယ်။ အင်တာနက် ပြန်ရတော့ ညတုန်းက ဘာတွေ ဖြစ်သွားလဲ အပြေးအလွှားကြည့်ရတယ်။ ဘယ်မြို့မှာ လူဖမ်းပွဲလုပ်သွားသလဲ။ ဘာမှ ဆိုးဆိုးရွားရွားမဖြစ်ခဲ့။ ထူးဆန်းလိုက်တာ။ မနေ့ညနေက သံချပ်ကာ တင့်ကားတွေ မြို့ပေါ် ပတ်မောင်းနေတော့ လူတွေ အထိတ်တလန့် ဖြစ်ကြတယ်။ တနင်္လာနေ့မှာ နိုင်ငံလုံးဆိုင်ရာ စီဒီအမ်လုပ်မယ်လို့ ကြေညာထားတာ၊ လူတွေ အင်နဲ့အားနဲ့ လမ်းပေါ်ထွက်မလာအောင် တပ်က ဟန်ရေးပြတာလည်း ဖြစ်ချင်ဖြစ်မယ်။ နိုင်ငံတကာ သံရုံးတွေက အရေးပေါ်ကြေညာချက် ထုတ်ပြန်ရတယ်။ ဆန္ဒပြသမားတွေကို အကြမ်းမဖက်ဖို့၊ အမေရိကန်သံရုံးရဲ့ ကြေညာချက်က ပိုပြီး ရှင်းလင်းတယ်။ စီဒီအမ်လှုပ်ရှားမှုကို ထောက်ခံတယ်လို့ တရားဝင် ထုတ်ပြန်ခဲ့တယ်။ ဒါတွေကြောင့်များ တပ်က လူဖမ်းပွဲတွေ လျှော့ချလိုက်တာလား။ မြို့တွေမှာ လူစိမ်းတွေကို ပြည်သူတွေက ဝိုင်းဖမ်းတဲ့ကိစ္စတွေလည်း ညက မဖြစ်တော့ဘူး။ ထူးဆန်းလိုက်တာ။ သံချပ်ကာကားတွေ မြို့ပေါ်တက်လာတဲ့အခါ တပ်မတော် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်တယ်။ ပြည်သူတွေ စိတ်ချလက်ချ အိပ်ကြပါ။ တပ်မတော်က လုံခြုံရေး တာဝန်ယူတယ်ဆိုတဲ့ သဘောမျိုး။ လူတွေက မယုံကြတော့ဘူး။ မြန်မာပေါကားဆန်တယ်လို့ ပြောကြတယ်။ ကိုယ်လည်း ကောင်းကောင်းမအိပ်ခဲ့ရပါဘူး။ ညသန်းခေါင်အထိ ဝရန်တာ ထွက်ကြည့်တယ်။ တုတ်တွေ၊ ဓားတွေကို သတ်မှတ်နေရာမှာ ထားတယ်။ အရေးကြုံရင် ကာကွယ်ဖို့၊ ည ၁ နာရီမှာ အင်တာနက် ပြတ်သွားတော့ အဆက်အသွယ်အားလုံး ပြတ်တောက်ပေါ့။ မိုးလင်းမှ သတင်းတွေ အပြေးအလွှားကြည့်ရတယ်။ ပထမဆုံးတွေ့ရတဲ့ ပို့စ်တွေမှာတော့ အင်တာနက်ပြတ်နေတဲ့အချိန်မှာ တရုတ်ပြည် ကူမင်းနဲ့ နေပြည်တော်ကို အမ်အေအိုင်လေ ကြောင်းလိုင်းက ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲခဲ့တဲ့အကြောင်း။ ဘာသဘောလဲဆိုတာ နေ့လယ်ဘက်ကျတော့မှ ဆက်စပ်သုံးသပ်ချက်တွေ ဖတ်ရတယ်။ တင့်ကားမောင်းပေါ်က စစ်သားတွေက အသားဖြူလို့ တရုတ်ပြည်ကနေ လေယာဉ်နဲ့ ခေါ်လာတာ ဖြစ်နေမလားတဲ့။ ဒါလည်း ဘယ်သူမှမသိနိုင်တဲ့ကိစ္စပါပဲ။
ဆန္ဒပြပွဲဟာ ရက်ရှည်လာတာနဲ့အမျှ ပုံသဏ္ဌာန်လည်း ပြောင်းလဲသွားတယ်။ အရင်က လှည်းတန်းမှာ စုရပ်လုပ်ပြီး မြေနီကုန်း၊ ဆူးလေ ချီတက်ကြတယ်။ အခုတော့ ကိုယ့်စုရပ်နဲ့ ကိုယ်ပဲ ဆန္ဒပြကြတော့တယ်။ ရေရှည်တိုက်ပွဲအတွက် ပြင်ဆင်နေတဲ့ သဘောလားမသိ။ သံရုံးရှေ့ ဆန္ဒ ပြပွဲတွေကလည်း ပုံမှန်ဖြစ်လာတယ်။ မြန်မာပြည်အတွက် ဘယ်လိုနည်းနဲ့ အရေးယူတာဖြစ် ဖြစ် (စစ်ရေးလည်း ရတယ်) ထောက်ခံတယ်ဆိုတဲ့ ပို့စတာတွေလည်း စတွေ့လာရတယ်။
တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေကလည်း ရှိနေသေးတယ်။ မန္တလေးက အရင်နေ့ထက် ပိုများတယ်။ ရန်ကုန်မှာ သံချပ်ကာ ကားတွေ ရှိနေပေမယ့် လူတွေက ဆန္ဒပြတာ မပြတ်ပါဘူး။ ဗဟိုဘဏ်မှာ တင့်ကားတွေက အထူးလုံခြုံရေးချတယ်။ မနက်စောစောကတည်းက ဘဏ်တွေကနေ ပိုက်ဆံတွေ ထုတ်သွားတယ်လို့ ဒီဗွီဘီက သတင်းထုတ်တယ်။ မနက်ပိုင်း ထိပ်တိုက်တွေ့တာ မရှိခဲ့ပါဘူး။ မွန်းလွဲပိုင်းကျတော့ အန်အယ်လ်ဒီရုံးချုပ်ကို စစ်တပ်က ဝိုင်းပြန်တယ်။ လူတွေက ရုံးချုပ်နား စုရုံးလာပြီး အထဲမှာ ပိတ်မိနေတဲ့ အန်အယ်လ်ဒီအမတ်တွေ၊ အဖွဲ့ဝင်တွေ စုစုပေါင်း ၁၆ ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတယ်။ လိုချင်နေတဲ့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါ်မေဝင်းမြင့်ကိုမတွေ့တော့ ရဲကားတွေ ပြန်လှည့်သွားတယ်။
မန္တလေးနဲ့ မြစ်ကြီးနားမှာ ဆန္ဒပြသမားတွေကို ရဲက သေနတ်နဲ့ပစ်၊ လောက်လေးခွနဲ့ ပစ်လို့ တချို့ ဒဏ်ရာရသွားတယ်။ တနိုင်ငံလုံး အဖမ်းခံရတဲ့ အရေအတွက်က သိသလောက် ၄၀၀ ကျော်နေပြီ၊ အစောဆုံး အဖမ်းခံရတဲ့ ကိုမြအေးတို့ အဖွဲ့လည်း သတင်းအစအန မရ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ချုပ်ထားတာ နှစ်ပတ်ပြည့်ပေမယ့် နောက်ထပ် နှစ်ရက် ရမန်ယူလိုက်တယ်လို့ ရှေ့နေက ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစကားတွေကို တင်လေ့ရှိတဲ့ Chair NLD စာမျက်နှာကနေ မတရားတဲ့အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြလို့ တင်ထားတယ်။ ဒီနေ့ ပုဂ္ဂလိက ဘဏ်တွေအားလုံး မဖွင့်နိုင်။ စစ်တပ်ပိုင် မြဝတီဘဏ်လည်း နေ့တဝက်လောက်နဲ့ ပြန်ပိတ်ခဲ့ရ။ မနက်ဖြန် စစ်ကောင်စီရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲနေ့။ ဘယ်မီဒီယာတွေ စီဒီအမ်ကြမလဲ အငြင်းပွားနေကြဆဲ။
' ဖေဖော်ဝါရီ ၁၉ '
မရေးဖြစ်တာ သုံးရက်ကြာသွားတယ်။ နေပြည်တော်မှာ သေနတ်ဒဏ်ရာကြောင့် ဦးနှောက် သေဆုံးခဲ့ရတဲ့ အသက် ၂၀ ကျောင်းသူ ဒီနေ့ သေဆုံးသွားပါပြီ၊ ဒီနေ့ ဆူးလေမှာ ရဲတွေ တော် တော်များများ ချထားတယ်။ ဒါပေမဲ့ လူတွေက ဆူးလေမှာ များများစားစား မစုရုံးတော့။ လွန်ခဲ့တဲ့နှစ်ရက်တော့ ဆူးလေမှာ လူတွေ သန်းချီမယ်။ ကိုမင်းကိုနိုင်ဆီက အသံဖိုင် ပို့တာ ကြားရတယ်။ အွန်လိုင်းကနေ အင်တာဗျူးအစီအစဉ်ကို ပထမဆုံး ပြန်လုပ်ဖြစ်တယ်။ ၁၉၈၈ နောက် ပိုင်း အကြီးမားဆုံး လူထုစုရုံးမှုဖြစ်ပါတယ်။ အနုပညာသမားတွေ အများကြီးလည်း စကားပြောတာ တွေ့ရတယ်။ မနက်ကတည်းက ရန်ကုန်ဟာ အရေးကြီးတဲ့လမ်းတွေမှာ ကားတွေ ပျက်ဟန်နဲ့ ဆန္ဒပြကြတယ်။ လူငယ်တွေရဲ့ အာဏာဖီဆန်ရေးနည်းလမ်းတွေက ကားသမားတွေ၊ ဆိုက်ကားသမားတွေကလည်း လိုက်လုပ်ကြတယ်။ ဆိုက်ကားတွေ၊ စက်ဘီးတွေလည်း လမ်းပေါ်မှာလှဲချထားကြတယ်။ ဒီအကြောင်းကို ဘီဘီစီကမ္ဘာတလွှားအပါအဝင် နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြကြတယ်။ မြန်မာတွေရဲ့ နိုင်ငံရေး အန်တုမှုနည်းလမ်းနဲ့ ဝန်ထမ်းတွေရဲ့ အလုပ်မဆင်းဘဲ သပိတ်မှောက်တာကို ကမ္ဘာကြီးက စိတ်ဝင်စားကြတယ်။ မြန်မာလူငယ်တွေ စတင်ခဲ့တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တိုက်ပွဲဟာ ရှေ့တိုးနေတယ်။ အာဏာသိမ်း စစ်ကောင်စီက ကြုံသလို တုံ့ပြန်နေရတယ်။ ကိုမင်းကိုနိုင်နဲ့ ဆိုရှယ်မီဒီယာမှာ လူသိများသူတွေကို ဝရမ်း ထုတ်လို့ မလုံလောက်သေးတော့ ရုပ်ရှင်မင်းသားတွေကိုပါ ဖမ်းဝရမ်းထုတ်တယ်။
ဒီရက်မှာ အရေးကြီး သတင်းတစ်ပုဒ်ကတော့ ဗဟိုဘဏ်ရဲ့ ဆက်သွယ်ရေးစနစ်ကို ဟက်ကာတွေကို ဝင်ရောက်ဖျက်ဆီးပစ်လိုက်တယ်ဆိုတဲ့ ကမာရွတ်မီဒီယာရဲ့ သတင်းပါပဲ။ ဘဏ်တွေ ရပ်နေရတယ်။ စစ်တပ်ပိုင်မြဝတီဘဏ်မှာ လူတွေ မနက်မိုးမလင်းခင်ကတည်းက ငွေထုတ်ဖို့ တန်းစီစောင့်ကြရတယ်။ လူတွေက ဘဏ်ထဲက ငွေတွေကို ရသလောက် ပြန်ထုတ်နေလို့ ဘဏ်ကလည်း အကန့်အသတ်နဲ့ ခွင့်ပြုရတာကနေ နောက်ဆုံး လုံး၀ ပိတ်လိုက်ရတယ်။ တခြား ပုဂ္ဂလိကဘဏ်တွေလည်း ပြန်မဖွင့်နိုင်သေးဘူး။ လမ်းတွေမှာ ရုံးတက်တဲ့ကားကို အနှောင့်အယှက်ပေးဖို့ လူငယ်တွေက နည်းမျိုးစုံ သုံးတယ်။ ကားတွေကို အနှေးမောင်းတာ၊ အုပ်စုလိုက် လမ်းဖြတ်ကူးတာ၊ မျဉ်းကြားကနေ လမ်းကူးရင်း ဖိနပ်ကြိုးချည်၊ ဒီနေ့ကတော့ လမ်းမပေါ်မှာ ကြက်သွန်တွေ ကြဲချပြီး လိုက်ကောက်တာ၊ မူးမေ့ယောင်ဆောင်ပြီး လူတွေအုံ ဝိုင်းကြည့်နေတာမျိုး။ ဒီမျိုးဆက်ရဲ့ ပါဖွန့်မင့်ပါတဲ့ ဆန္ဒပြနည်းတွေ။ ဒါကို သဘောမကျတဲ့ လူတွေကလည်းရှိတာ အမှန်ပါပဲ။ မနေ့က ဘုန်းကြီးနဲ့ လူလက်တဆုပ်စာက လမ်းဘေးမှာ ရပ်ထားတဲ့ ကားမှန်တွေကို ရိုက်ခွဲသွားလို့ လူတွေက ဒေါသထွက်ကြတယ်။ ဒီတခါ ဘုန်းကြီးတွေ အနည်းအကျဉ်း ပါပေမဲ့ ၂၀၀၇ ထက်စာရင်တော့ ငြိမ်ချက်သား ကောင်းလှတယ်။ သီတဂူဓမ္မသတင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာကတော့ အဓိပ္ပာယ်ခွဲခြားရခက်တဲ့ ဆုံးမစာလိုလို၊ ဩဝါဒလိုလို တင်နေတာကလည်း နေ့တိုင်း ဖတ်နေရတယ်။ အခုကိစ္စမှာ သီတဂူဆရာတော်ဘုရားက ဘယ် လိုရပ်တည်သလဲဆိုတာကို လူတွေက သိချင်ကြတယ်။ ဖောရိန်းပေါ်လစီ မဂ္ဂဇင်းမှာတော့ ဦးဝီရသူပုံနဲ့ သုံးသပ်ချက်တစ်ပုဒ် ရေးထားတယ်။ သံဃာတွေက စစ်တပ်ကို ထောက်ခံပေးသော အခါ။ စစ်ကောင်စီကိုတောင် အံ့ဩသွားစေတဲ့ မျိုးဆက်သစ်တွေကတော့ မင်းလောင်းမမျှော်နဲ့ ဆိုလားပဲ။ ခေတ်သစ်တော်လှန်ရေးကို သူတို့နည်းနဲ့ ရှေ့ဆက်နေတယ်။ စစ်တပ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်း ကုမ္ပဏီတွေက ထုတ်တဲ့ ကုန်ပစ္စည်းတွေကို မဝယ်ကြဖို့ တလမ်းဝင် တလမ်းထွက် စည်းရုံးနေပြန်တယ်။
အနယ်နယ်အရပ်ရပ်မှာ ဆန္ဒပြပွဲတွေက လွန်ခဲ့တဲ့နှစ်ရက်က အံ့မခန်းဖြစ်ခဲ့ပြီး ပြန်ပြီး ခဏနားထားတဲ့ပုံမျိုးပဲ။ သတင်းပေးပို့တာတွေ နည်းသွားတယ်။ ဒီကြားထဲမှာ မန္တလေးနဲ့ မြစ်ကြားနားမှာ ဆိုးဆိုးရွားရွားတွေ ဖြစ်ခဲ့တယ်။ မန္တလေး မီးရထားဝင်းကို သေနတ်နဲ့ ဝင်ပစ်တာ၊ မြစ်ကြီးနားမှာ ရဲတွေက လူအုပ်ကို အတင်းဝင်ရိုက်တာကြောင့် လူတချို့ ဒဏ်ရာရကြတယ်။ အခုထိ အဖမ်းခံရသူကလည်း ၅၀၀ ဝန်းကျင် ရှိနေပြီ၊ မနေ့ကတော့ ဒေါက်တာအေးမောင် စစ်တွေ ပြန်ရောက်တဲ့အခါ လေဆိပ်မှာ လူတွေ ကြိုကြတယ်။ အရင်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို တစ်မှု ထပ်တိုးတယ်။ မန္တလေဝန်ကြီးချုပ်၊ မကွေးဝန်ကြီးချုပ်၊ ဦးဝင်းထိန်တို့ကို ရုံးထုတ်တယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု နောက်ပိုင်းထပ်တိုးအဖြစ် ယူကေနဲ့ ကနေဒါက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တယ်။ တချို့က ဒီလောက်နဲ့ မကျေနပ်ဘဲ စစ်ရေးအရ အရေးယူချင်တဲ့သဘောမျိုး ရေးနေကြတယ်။ စစ်ကောင်စီက အကြံပေးအဖွဲ့ စာရင်းကို ထုတ်ပြန်ရာမှာ ဒီဘိတ်ကို လာဖူးတဲ့ ဒေါ်ရင်ရင်နွယ်နဲ့ ဆလိုင်းငွန်ကျုံးလျှံတို့လည်း ပါဝင်လာတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ လူတွေက ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ချစ်နိုင်(စိတ်ပညာ)ရဲ့ စာအုပ်တွေကို ဖျက်ဆီးမီးရှို့နေစဉ်မှာပဲ နာမည်ကြီး ဘာသာပြန် စာရေးဆရာ သင့်လူကလည်း ရာထူးတိုးသွားလို့ စိတ်ပျက်လက်ပျက် ဖြစ်နေကြတယ်။ ဒီအချိန်မှာ ဘယ်သူက ဘယ်လို ရပ်တည်သလဲဆိုတာ သိရဖို့ အကောင်းဆုံး အချိန်ပါပဲ။ လူတွေက ည ၈ နာရီဆိုရင် အားရပါးရ သံပုံးတီးဆဲ။ ရပ်ကွက်အလိုက် ကင်းစောင့်ဆဲ။ မကြာခင် အောင်ပွဲရမယ်လို့ ယုံကြည်နေကြဆဲ။
' ဖေဖော်ဝါရီ ၂၀ '
ဒီနေ့ လူသေပြန်ပြီ၊ မန္တလေးမှာ မနက်ကတည်းက ရဲနဲ့ ပြည်သူတွေ ရုန်းရုန်းရုန်းရုန်း ဖြစ်နေတယ်။ ညနေကျတော့ မကြားချင်တဲ့ သတင်းကို ကြားရတယ်။ လူအနည်းဆုံး နှစ်ယောက် သေဆုံးပြီး တော်တော်များများ ဒဏ်ရာရတယ်။ ကျည်အစစ်တွေ၊ စနိုက်ပါတွေနဲ့ ပစ်တယ်လို့ မျက်မြင်တွေက ဖေ့စ်ဘွတ်ခ်မှာ ရေးကြတယ်။ နောက်ထပ် သေဆုံးနိုင်ပါသေးတယ်။ တချို့က ၇ ယောက်လောက် သေနိုင်တယ်လို့ ရေးနေကြတယ်။ လူတွေ ဒေါသထွက်နေကြတယ်။ စစ်ကောင်စီဟာ တစစနဲ့ အကြမ်းဖက်မှုတွေကို လက်ရဲဇက်ရဲ လုပ်လာတယ်။ မန္တလေးကို ဖိနှိပ်နေတာ ရက်အတန်ကြာနေပြီ၊ တချိန်တည်းမှာ ပျက်နေတဲ့ အုပ်ချုပ်ရေးယန္တရားကိုလည်း အစား ထိုးဖို့ အတင်းအကျပ် လုပ်လာတယ်။ ဧရာဝတီတိုင်းထဲက ရွာတစ်ရွာမှာတော့ စစ်ကောင်စီက အစားထိုးခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သံပုံးတီးပြီး မောင်းထုတ်ကြတယ်လို့ သတင်းဖတ်ရတယ်။ အင်းစိန်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ကို ရပ်ကွက်က ကန့်ကွက်ဖို့ စုဝေးနေတုန်း ဆိုင်ကယ်တစ်စီးက တမင်ဝင်တိုက်သွားလို့ လူတွေ ဒဏ်ရာရကြတယ်။ နောက်ထပ် လူသေစာရင်းတွေ တိုးလာဖို့ ရှိပါတယ်။ ဆန္ဒပြသမားတွေကို ညအချိန် ဒီလို ရည်ရွယ်ချယ်ရှိရှိ တိုက်ခိုက်တာက ဒါက ပထမဆုံး မဟုတ်ပါဘူး။ အရင်ကလည်း ဒီလို အဖြစ်အပျက်မျိုးနဲ့ အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ပြီးပါပြီ၊ ဒီစနေနေ့ဟာ အကြမ်းဖက်ခံရတဲ့ နေ့လို့ပဲ ဆိုရပါမယ်။ အကြမ်းဖက်မှုတွေက တစ်နေ့တစ်မျိုး မရိုးအောင်ပါပဲ။ ဒီလို အကြမ်းဖက်လို့ လူတွေ နောက်ဆုတ်သွားမယ်လို့ ထင်နေရင် မှားလိမ့်မယ်။ ရန်ကုန်မှာတော့ ဒီနေ့ ထိပ်တိုက်တွေ့တဲ့သ တင်းတွေ မရှိခဲ့ပါဘူး။ မွန်းလွဲပိုင်းမှာ လူငယ်တွေက လှည်းတန်းမှာ အာဏာသိမ်းမှုကို ဆန့် ကျင်တဲ့ Rap ရွတ်ကြတယ်သေးတယ်။ သူ့ခေတ်နဲ့သူပေါ့။ ညနေပိုင်း မန္တလေးမှာ ဒီလို ဖြစ်မယ်မှန်းသိရင် သူတို့လည်း ရွတ်နိုင်မယ် မထင်ပါဘူး။ ဆိုရှယ်မီဒီယာခေတ်ဖြစ်လို့ မြန်မာပြည် တစ်နေရာက နာကျင်မှုကို တခြားနေရာက ခံစားနေရတယ်။ မြစ်ကြီးနားမှာ ဆန္ဒပြသမားတွေနဲ့ သတင်းသမားတွေ နေ့တိုင်း လေးခွစာမိနေတယ်လို့ သတင်းသမားတစ်ယောက်က ရေးတင်ထားတယ်။ ခြိမ်းခြောက်မှုတွေ၊ တိုက်ခိုက်မှုတွေကလည်း နည်းမျိုးစုံပါပဲ။ မနေ့ညသန်းခေါင်လောက်မှာ ရန်ကုန် အစွန်အဖျားက တက္ကသိုလ်ကို ရဲတွေ သွားဝိုင်းသေးတယ်။ ကျောင်းသားတွေက နိုင်ငံတော်အလံ နေရာမှာ သမဂ္ဂအလံကို အစားထိုးထားလို့ ပြန်ဖြုတ်ချခိုင်းဖို့လို့ ဆိုတယ်။ ဒီထက်ပိုတာ၊ ဒါမှမဟုတ် တခြားရည်ရွယ်ချက်လည်း ရှိနိုင်ပါသေးတယ်။ နေ့လယ်ပိုင်းမှာ ကျောင်းသားထုရဲ့ အစည်းအဝေးပွဲကို တက္ကသိုလ်မှာ ကျင်းပခဲ့တာကိုး။ သပိတ်ဟာ သုံးပတ်ထဲ ရောက်လာပြီမို့ ရင့်ကျက်မှုအပိုင်းလည်း စရောက်လာပုံရတယ်။ သပိတ်ကော်မတီတရပ် ဖွဲ့စည်းတဲ့ ကြေညာချက်ကို ဖတ်ရတယ်။ နိုင်ငံရေးပါတီတွေ၊ ရွှေဝါရောင်သံဃာအဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။
ဒီနေ့မှာ အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့ တခြားအရေးကြီးတဲ့သတင်းတစ်ပုဒ်ကတော့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မလုပ်သေးဘူးလို့ ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်တယ်။
နော်ဝေအစိုးရရဲ့ ကြေညာချက်က အာဏာသိမ်းမှုကြောင့် နော်ဝေအစိုးရက အရင်က အစိုးရလုပ်ငန်းတွေအတွက် ပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းလိုက်တဲ့ အကြောင်းပါ။ မြန်မာတွေ ဝဋ်အတော်ကြီးတာပဲ။ တချို့က နိုင်ငံတကာတပ်ကြီး (အထူးသဖြင့် အမေရိကန်တပ်) ဝင်လာရင်ကောင်းမယ်လို့ ပြောနေကြတယ်။ ကိုယ့်နိုင်ငံ စစ်တပ်ကို ရွံမုန်းတဲ့အဆင့် ရောက်ကုန်ပြီ၊ ဒီအဖြစ်အပျက်တွေကြောင့် စစ်တပ်နဲ့ ရဲဟာ လူထုရဲ့ အမုန်းကို ရသွားပါပြီ၊ ပြည်သူကို ကာကွယ်တဲ့ တပ်မတော်ဆိုတာကို ဘယ်သူမှ လက်မခံနိုင်ကြတော့ဘူး။ ရင်ကြားစေ့ရေးနေရာမှာ ကမ္ဘာမကျေဘူး ဆိုတာတွေပဲ မြင်နေ၊ ကြားနေရတော့တယ်။ ဈေးဆိုင်တွေကတောင် စစ်သားနဲ့ ရဲကို ဈေးမရောင်းပါ ဆိုင်းဘုတ်တွေ တင်လာကြတယ်။
' ဖေဖော်ဝါရီ ၂၁ '
စာရေးတဲ့အချိန် ည ၁၂ နာရီခွဲနေပြီ၊ နောက်မိနစ်ပိုင်းအတွင်းမှာပဲ အင်တာနက် ပိတ်တော့မယ်။ ဒီတခါ ပိတ်တာ အရင်နေ့တွေကထက် ပိုကြာလိမ့်မယ်။ မနက်ဖြန် နေ့လယ် ၁၂ နာရီအထိ ဆိုတော့ ၁၁ နာရီ ကြာမယ်။ မနက်ဖြန် တနင်္လာနေ့ (၂၂-၂-၂၀၂၁) အထွေထွေသပိတ် ခေါ်ထားတယ်။ ဒီညကတည်းက မြို့ရဲ့ လမ်းတွေကို စစ်ကားတွေက ပိတ်ထားလိုက်ပြီ၊ အထူး သဖြင့် သံရုံးတွေဆီကို သွားတဲ့လမ်းတွေကို ပိတ်ထားတယ်။ စစ်ကားတွေဟာ နေပြည်တော်ကနေ လာပုံရတယ်။ ညနေတုန်းက ရမည်းသင်း ရောက်နေတဲ့ မိတ်ဆွေတစ်ယောက်က စစ်ကားတန်းတွေ ရန်ကုန်ဘက် ဦးတည်မောင်းလာတဲ့ ဓာတ်ပုံတွေကို ပို့ပေးလာတယ်။ စစ်ကောင်စီဟာ လူထုသပိတ်ကို အစပိုင်းမှာအရေးမထားသလိုနေခဲ့ပေမယ့် အခုတော့ သပိတ်တွေကြောင့် အတော်ဒုက္ခရောက်နေပုံရတယ်။ သပိတ်တွေကို တိတ်တဆိတ် ဖြိုခွင်းဖို့ ကြိုးစားလာတယ်။ ဒါပေမဲ့ မန္တလေးမှာ ဖြစ်ဖြစ်၊ နေပြည်တော်မှာ ဖြစ်ဖြစ်၊ မြစ်ကြီးနားမှာ ဖြစ်ဖြစ် အဖြစ်အပျက်တိုင်းကို ပြည်တွင်းကသာမက ပြည်ပကလည်း သိနေတယ်။ မန္တလေးမှာ မနေ့က ပစ်ခတ်မှု ဖြစ်လို့ လူ ၂ ယောက် သေဆုံးတဲ့ ကိစ္စကို နိုင်ငံတကာက ဝိုင်းကန့်ကွက်ကြတယ်။ စင်ကာပူတောင် ပါသေးတယ်။ မန္တလေးသားတွေက ညတွင်းချင်းပဲ ဆုတောင်းပွဲလုပ်သလို၊ ဒီနေ့လည်း သပြေပန်းတွေကိုယ်စီ လက်မှာကိုင်ပြီး ထွက်လာကြတယ်။
မနက်ဖြန်ကတော့ ရန်ကုန်သားတွေ သတ္တိပြရမယ့်နေ့ပဲ။ တစ်နေ့လုံးကတော့ အထွေထွေသပိတ် ကော်မတီကိစ္စကို ဖေ့စ်ဘွတ်ခ်မှာ ငြင်းနေကြတယ်။ ပြည်ပရောက်နေတဲ့ ကိုမိုးသီးဇွန်က ဦးဆောင်တယ်ဆိုတဲ့ ကောလာဟလက သဘောကွဲလွဲမှုတွေ ဖြစ်စေလို့ ကာယကံရှင်က မဟုတ်ကြောင်း ရှင်းတာလည်း တွေ့ရတယ်။ တကယ်ကျတော့ ဒီအချိန်မှာ ဒီလိုသပိတ်ကော် မတီဆိုတာလိုအပ်တာမှန်ပေမယ့် စာတစ်တန် ပေတစ်တန် ထုတ်နေတာကလည်း ပြဿနာလို့ ထင်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ကြေညာချက်ကတော့ စီအာရ်ပီအိတ်ချ်က ထုတ်တဲ့ ကြားဖြတ်ကာလ အုပ်ချုပ်ရေးအဖွဲ့ဆိုတာပါပဲ။ အဓိကကတော့ ကိုယ့်ဒေသနဲ့ကိုယ် လွှတ်တော် အမတ်တွေ ဦးဆောင်တဲ့ ပြည်သူလူထု အုပ်ချုပ်ရေးကို ဖော်ဆောင်မယ်လို့ ဆိုတယ်။ လက်တွေ့ကတော့ အင်မတန် ခက်လိမ့်မယ်ပါတယ်။
နေပြည်တော်က ကျောင်းသူလေးရဲ့ဈာပနမှာတော့ လူသိန်းချီ တက်ရောက်တယ်လို့ သတင်းတွေ ဖတ်ရပါတယ်။ ရန်ကုန်မှာ ဒီနေ့ တချို့ နေရာတွေမှာ မိုးဖွဲဖွဲကျတယ်။ လဟာ ပက်လက်ထွက်နေတာ ၄၊ ၅ ရက်ရှိနေပြီ၊ ဒါဟာ အတိတ်နိမိတ်ကောင်းလို့ တချို့က ထင်နေကြတယ်။ ဒီတိုင်းပြည်မှာ အာဏာသိမ်းတာ ၂၁ ရက်ရှိပြီ၊ မငြိမ်မသက် ဖြစ်တာလည်း အတူတူပါပဲ။ ကချင်မှာ တိုက်ပွဲတွေဖြစ်တယ်လို့ သတင်းတွေ ဖတ်ရတယ်။ ကရင်ပြည်နယ် မြဝတီမြို့ပေါ်ကို ကရင်ရွာသားတွေ ဆန္ဒပြဖို့ တက်လာတော့ ကေအန်ယူက လက်နက်အပြည့်အစုံနဲ့ လိုက်ပါစောင့် ရှောက်လို့ ပိတ်ထားတဲ့ဂိတ်တွေကို ဖွင့်ပေးခဲ့ရတယ်။ ကချင်မှာလည်း အရင်ရက်တွေက ဒီလို ဖြစ်ဖူးတယ်။ ဒီနိုင်ငံမှာ လက်နက်က ငြိမ်းချမ်းရေးကို ဖြစ်စေတာလား။ စစ်တပ်ဟာ လက်နက်မရှိတဲ့ အရပ်သားတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြလည်း သေနတ်နဲ့ ပစ်တယ်။ လက်နက်ကိုင်တပ်တွေ ပါလာတဲ့အခါ ဆန္ဒပြသမားတွေကို ရန်မလုပ်ရဲဘူး။ ဒါဟာ ဘာသဘောလဲ။ မနက်ဖြန် ရန်ကုန်မှာ လမ်းပေါ်ထွက်လာမယ့် ဆန္ဒပြသမားတွေကို စောင့်ရှောက်မယ့် လက်နက်ကိုင်တပ်ဖွဲ့ မရှိပါဘူး။ ပြည်သူကို ကာကွယ်ရမယ့် တပ်ဖွဲ့တွေဟာ ပြည်သူကို ရန်သူလို ဆက်ဆံနေတာ။
မနေ့ညက ရွှေပြည်သာဘက်က ရပ်ကွက်ကင်းစောင့်သူတစ်ယောက်ကို ရဲလှည့်ကင်းကားပေါ်ကနေ သေနတ်နဲ့ ပစ်သွားတယ်။ မိသားစုက ရဲစခန်းမှာ သွားတိုင်တော့ အမှုမဖွင့်ပေးခဲ့ဘူး။ အာဏာသိမ်းတဲ့နေ့ကစလို့ ဘယ်သူမှ မလုံခြုံဘူး။ မနေ့ညက ရုပ်ရှင်သရုပ်ဆောင် လူမင်းကို အိမ်ထဲအထိ အတင်းဝင်ပြီး ဖမ်းသွားခဲ့တယ်။ တခြား သရုပ်ဆောင်တွေလည်း ဝရမ်းပြေးတပိုင်း ဖြစ်နေကြတယ်။ ဒီနေ့ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ မေတ္တာရပ်ခံစာ ထွက်လာတယ်။ ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော်တွေရဲ့ စာထွက်လာတယ်။ စစ်ခေါင်းဆောင်တွေက ဒီစာကိုလည်း အရင်စာတွေလိုပဲ လျစ်လျူရှုပါလိမ့်မယ်။ သံဃာအများစုက စစ်တပ်အာဏာသိမ်းတာကို အသံတိတ်ပေးကြတယ်။ သီတဂူဆရာတော်ကလည်း ကဗျာလိုလိုစာတွေကို နေ့စဉ် ထုတ်တယ်။ အဓိပ္ပာယ် နားလည်သူ နည်းလိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်လိုသလို အဓိပ္ပာယ်ဖွင့်ကြလိမ့်မယ်။ စစ်ကောင်စီဟာ ငါးပါးသီလ အကုန်ချိုးဖောက်နေတာ လူတိုင်း သိတယ်။ ဘုန်းကြီးတွေလည်း သိပါလျက်နဲ့ အမျိုးဘာသာကို စောင့်ရှောက်မယ်ထင်ပြီး နှုတ်ဆိတ်နေတာပဲ ဖြစ်ပါလိမ့်မယ်။ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတကာ ဖိအားများလေလေ တရုတ်ရင်ခွင်ထဲ တိုးဝင်လေလေ။ တိုင်းပြည်ဟာ အမှောင်တိုက်ထဲ တစစ ဆွဲသွင်းခံနေရတယ်။ ပြည်သူလူထုရဲ့ မကြောက်တရားဟာ အကြောက်တရားကို ဆက်လက်အာခံနေဆဲ။
' ဖေဖော်ဝါရီ ၂၂ '
ညက အတွေးနဲ့ အိပ်မရ။ မိုးလင်းခါနီးမှ အိပ်ပျော်သွားတယ်။ ကြွေးကြော်သံနဲ့ နိုးလာတယ်။ ၂ ငါးလုံး အရေးတော်ပုံကြီး စပါပြီ။ အင်တာနက်ပြတ်မသွားခင်အထိ ငြင်းခုံမှုတွေရှိပေမယ့်၊ သတင်းတုတွေ၊ ခြောက်လုံး ဟန့်လုံးတွေ ဝေခွဲရခက်ပေမယ့် လူတွေ လမ်းပေါ် ထွက်လာကြပါတယ်။ ကျွန်းတောလမ်းမပေါ်မှာ လူတွေ ဟိုတစ်စု၊ ဒီတစ်စု။ ပြည်လမ်းပေါ်မှာ လူတွေ ချီတက် နေကြပြီ၊ သံရုံးတွေရှိတဲ့ ပြည်ထောင်စုရိပ်သာလမ်းမှာ လူငယ်တွေ ကြွေးကြော်နေကြပြီ။ ဆေးရုံကြီးနားက လူတန်းကြီးက အတော်ရှည်တယ်။ ဆူးလေဘက်ကို ချီတက်နေကြတယ်။ ရုပ်ရှင်ရုံတွေရှေ့က နေရာကွက်ကွက်လေးက လွဲလို့ လမ်းမကြီးတွေအားလုံး လူတွေနဲ့ ပြည့်နေတယ်။ တံတားတွေပေါ်လည်း လူတွေအပြည့်။ နေအပူကို အန်တုရင်း၊ ခြိမ်းခြောက်မှုတွေကို အန်တုရင်း ကြွေးကြော်သံတွေတိုင်၊ စိတ်အားတက်စေမယ့် သီချင်းတွေ ဆိုနေကြတယ်။
မန္တလေးအဖြစ်အပျက်မှာ ကျူးလွန်တယ်လို့ ယူဆရတဲ့ လက်ဖြောင့်သေနတ်သမားရဲ့ ပုံက လမ်းပေါ်မှာ။ လူတွေက နင်းသွားကြတယ်။ တံတားဘောင်ပေါ်မှာလည်း သူ့ပုံတွေ ကပ်ထားတယ်။ သူ့ပုံကို နင်းဖို့ရော၊ သူ့ကိုရော စိတ်မဝင်စားပါဘူး။ တကယ်တော့ ဒီအဆင့်တွေက ဘာမှ အဓိပ္ပာယ် မရှိတဲ့ ခိုင်းတာလုပ်တဲ့ အကြံတုံး၊ ဉာဏ်တုံး လူ့ဗာလတွေလောက်ပါပဲ။ တကယ့်တရားခံတွေက သူတို့အဘတွေပဲ မဟုတ်လား။ ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း၊ စည်းကမ်းတကျပါပဲ။ ဒါကိုပဲ ဆူပူသူတွေလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးက ထပ်တလဲလဲ ပြောနေတယ်။ ဒီလို သိက္ခာမရှိတဲ့ ကျင့်ဝတ်မရှိတဲ့ မုသာဝါဒယန္တရားတွေကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တာ နည်းသေးတယ်။ အခုတော့ မြဝတီ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တပ်မတော်သတင်းမှန် ပြန်ကြားရေး စာမျက်နှာတွေ အားလုံး ဖြုတ်ချခံလိုက်ရပါပြီ၊ ဒါလည်း သူတို့က ရှက်စရာလို့ ထင်ဦးမှာ မဟုတ်ပါဘူး။ အာဏာက လွဲလို့ ဘာကိုမှမဆင်ခြင်၊ သိက္ခာမှ မရှိတဲ့ လူတွေ။
နေ့လယ် ၁၂ နာရီမှာ အင်တာနက်လိုင်းတွေ ပြန်ဖွင့်လာတယ်။ အနယ်နယ်မှာ လူတွေ သိန်းချီ ထွက်တဲ့ ပုံတွေ တွေ့ရတယ်။ မန္တလေးဟာ အံ့မခန်းသတ္တိကို ပြနေဆဲ။ ပုသိမ်မှာ လူပင်လယ်။ လှည်းတန်းမှာလည်း လူပင်လယ်။ ဒီနေ့အတွက် အဖမ်းဆီး သတင်းက နေပြည်တော် ပျဉ်းမနား။ စစ်ခေါင်းဆောင်တွေဟာ နေပြည်တော် ပျဉ်းမနားကို ဆန္ဒပြပွဲတွေ ကင်းမဲ့ရာဇုန်ဖြစ်စေချင်ပုံပါပဲ။ ဒါကြောင့် ပထမဆုံး နှိမ်နင်းခံရတာဟာလည်း နေပြည်တော်ပဲ ဖြစ်ခဲ့တယ်။ ဒီနေ့လည်း သေနတ်နဲ့ မပစ်တော့ဘဲ ဆန္ဒပြသမားတွေကို တရကြမ်း လိုက်ဖမ်းတယ်။ မိန်းကလေးငယ်တွေ အပါအဝင် လူရာနဲ့ချီ အဖမ်းခံရနိုင်တယ်လို့ ခန့်မှန်းကြတယ်။ တချို့လည်း အနီး အနားက တောထဲမှာ ပုန်းနေတာကို လုံခြုံရေးတပ်တွေက တောမီးရှို့တယ်။ အတော်လူမဆန်၊ အငြိုးကြီးတဲ့ လူမဆန်သူတွေ။ ရန်ကုန်မှာလည်း ဗဟန်း ၃ လမ်းဘက်မှာ ရဲနဲ့ စစ်သားတွေ အင်အားအလုံးအရင်း တွေ့ရလို့ ဆန္ဒပြနေတဲ့လူငယ်တွေအတွက် လူအများက စိတ်ပူကြတယ်။ ကံကောင်းလို့ အခြေအနေ ဆိုးဆိုးရွားရွား ဘာမှ မဖြစ်ခဲ့ပါဘူး။
မွန်းလွဲပိုင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေး ရှိပါတယ်။ ကုလ အတွင်း ရေးမှူးချုပ်ရဲ့ မိန့်ခွန်းမှာ ဒီနေ့ခေတ်မှာ အာဏာသိမ်းမှုတွေအတွက် နေရာမရှိဘူးလို့ ပြောသွားတယ်။ တရုတ်ကတော့ ထုံးစံမတိုင်း ပြည်တွင်းရေးပါဆိုပြီး ကာကွယ်နေဆဲ။ အာဆီယံဘက်က ထွက်လာတဲ့သတင်းတွေကလည်း အားရစရာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာ စစ်မျက်နှာအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ကြေညာချက်နှစ်စောင် ထွက်လာတယ်။ ချင်းလူမျိုး ဒေါက်တာဆာဆာကို ကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ် ခန့်တဲ့သတင်းနဲ့ အမေရိကမှာ စီအာပီချိတ်ရဲ့ ကိုယ်စားလှယ်ရုံးဖွင့်လိုက်တဲ့ ကြေညာချက်ပါပဲ။ တာဝန်ခံကတော့ အပြင်လူတွေ သိပ်မသိပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ခဲ့ပြီး၊ နောက်တော့ အမေရိကားမှာ အခြေချသွားတဲ့ အိုင်တီဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ပါပဲ။ ရက်ပိုင်းအတွင်းမှာပဲ ဒီလို ခြေလှမ်းတွေ ခပ်သွက်သွက်လှမ်းနိုင်တာ ကောင်းပါတယ်။ အခု ဒီစာကို မရေးခင်လေးမှာ ဘီဘီစီနဲ့ ကိုမင်းကိုနိုင် အင်တာဗျူး နားထောင်လိုက်ရတယ်။ စုပေါင်းခေါင်းဆောင်မှုကနေ မျိုးဆက်အလိုက် ခေါင်းဆောင်မှုအထိ ချီတက်နေတာဟာ အားတက်စရာပဲလို့ ပြောသွားတယ်။ အခုအရေးတော်ပုံကလည်း နိုင်ငံတစ်နိုင်ငံရဲ့ အရေးတော်ပုံ မဟုတ်ဘဲ ကမ္ဘာကြီးရဲ့ အရေးတော်ပုံတစ်ခု၊ လူမျိုးတစ်မျိုးရဲ့ အရေးတော်ပုံ ဆိုတာထက် လူသားအား လုံးရဲ့အရေးတော်ပုံဖြစ်တယ်ဆိုတဲ့သတင်းစကားကို ပေးသွားတယ်။ ၈ လေးလုံး ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၂ ငါးလုံး အရေးတော်ပုံအပေါ် အကဲဖြတ်ချက်ဟာ စိတ်ခွန်အား ဖြစ်စေတယ်။ အနာဂတ်ဟာ ဘာမှ မရေရာပါဘူး။ ဒီလို ခွန်အားတွေ၊ အောင်စိတ်တွေကြောင့်ပဲ လူတွေဟာ ရှေ့ဆက်နေကြတယ်။
ယနေ့ပြုလုပ်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်က မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားသည်မှာ ... ဒီမိုကရေစီ အနှစ်သာရကို ယုတ်လျော့စေခြင်း၊ ရက်စက်စွာ အင်အားသုံးခြင်း၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခြင်းများနှင့် ဖိနှိပ်မှုမျိုးစုံ လုပ်ဆောင်နေမှုများကို ကျွန်ုပ်တို့ တွေ့မြင်နေရပါသည်။ ပြည်သူလူထု၏ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်များကို ကန့်သတ်ချုပ်ချယ်မှုများ၊ အရပ်ဘက် ပြည်သူများအား တိုက်ခိုက်မှုများ၊ ရိုဟင်ဂျာလူမျိုးစုများအား မျိုးတုံးသတ်ဖြတ်မှုဟု အမှန်အကန် ခေါ်ဆိုခဲ့သည့် ချိုးဖောက်မှုအပါအဝင် လူနည်းစုများအား တာဝန်ခံမှုမရှိ ပြင်းထန်သည့် ချိုးဖောက်မှုများ စသည့် ကျူးလွန်ချိုးဖောက်မှုများစွာ ဆက်လက်ရှိနေပါသည်။ ဖရိုဖရဲ ကသောင်းကနင်း အခြေအနေသို့ ဦးတည်နေပါသည်။
မြန်မာစစ်တပ်ဖိနှိပ်မှုများကို ချက်ချင်း ရပ်တန့်ရန် ကျွန်ုပ် ယနေ့ တောင်းဆိုပါသည်။ ဖမ်းဆီး ထိန်းသိမ်းထားသူများအား လွှတ်ပေးပါ။ အကြမ်းဖက်မှုများကို အဆုံးသတ်ပေးပါ။ လူ့အခွင့် အရေးများနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဖော်ပြခဲ့သည့် ပြည်သူတို့၏ ဆန္ဒကို လေးစားပါ။ ကျွန်ုပ်တို့ ခေတ်မီတိုးတက်သည့်ကမ္ဘာတွင် အာဏာသိမ်းမှုများအတွက် နေရာမရှိပါ။
လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ကျွန်ုပ် ကြိုဆိုပါသည်။ သင်တို့၏ တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် ကတိပြုပါသည်။ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော မြန်မာနိုင်ငံ ပြည်သူပြည်သားများအား ကျွန်ုပ် အပြည့်အဝ ထောက်ခံအားပေးပါသည်။ (United Nations Myanmar)
' ဖေဖော်ဝါရီ ၂၃ '
အင်ဂျင်နီယာသပိတ်စစ်ကြောင်းကို လမ်းဘေးကနေ ငေးကြည့်နေမိတယ်။ တသက်လုံး အင် ဂျင်နီယာမလုပ်ခဲ့ပေမယ့် ကျောင်းသံယောဇဉ်က အမျှင်မပြတ်။ ဝတ်စုံပြည့်နဲ့ အနားက ဖြတ်သွားတဲ့ အစ်ကိုတယောက်က မလိုက်ဘူးလားလို့ မေးတယ်။ ရုတ်တရတ် မမှတ်မိ။ သေချာကြည့်မှ ကျောင်းတုန်းက ဘောလုံးကန်ဖက် စီနီယာတယောက် ဖြစ်နေတယ်။ ‘ကျောနံပါတ် ၄ ဘယ်မှာလဲ။ ကျောနံပါတ် ၅ ဘယ်မှာလဲ။ ကျောနံပါတ် ၁၀ ဘယ်မှာလဲ’လို့ သူက မေးနေတယ်။ နည်းနည်းဝလာတာက လွဲလို့ ဦးထုပ်အောက်က ချွေးပြန်နေတဲ့ မျက်နှာကို မှတ်မိတယ်။ ကျောင်းတုန်းက ကိုယ်က ကျောနံပါတ် ၁၇- စတီဗင်ဂျာရတ် နံပါတ်။ သူ မေးတဲ့လူတွေ တော်တော်များများက စင်ကာပူမှာ။
ဒါပေမဲ့ သူတို့လည်း ညဘက် video call ခေါ်ကြတယ်။ ဒီအရေးတော်ပုံမှာ သူငယ်ချင်းတွေ ပြန်စုမိကြတယ်။ အရင်က ဘာသိဘာသာ နေတယ်လို့ထင်တဲ့ လူတွေတောင် အလွန်တက်ကြွနေကြတယ်။ အင်ဂျင်နီယာကျောင်းသားဆိုတာ သူပုန်ကျောင်းသားပဲ။ ဒီအစဉ်အလာကို အင်ဂျင်နီယာသပိတ်စစ်ကြောင်းက သက်သေပါပဲ။ ဦးကိုကိုကြီးနဲ့ အင်တာဗျူးတယ်။ ရွေးကော်နဲ့ သွားမတွေ့တဲ့အကြောင်း ပြောရရင်း နိုင်ငံရေး အစာမကြေတာတွေ တော်တော်ပြောသွားတယ်။
' ဖေဖော်ဝါရီ ၂၄ '
တပ်မတော် ထောက်ခံသူတွေ ဆူးလေ ထွက်လာတယ်။ စစ်သီချင်းဖွင့်ထားတဲ့ လူတန်းကြီးကို ဆူးလေတဝိုက်က ပြည်သူတွေက အိုးခွက်ပန်းကန် တီးပြီး ကန့်ကွက်ကြတယ်။ သူတို့လက်ထဲမှာ ဓားမြှောင်တွေ၊ အချွန်တွေ လေးခွတွေ ပါတယ်။ ရဲတွေက အရင်က ပိတ်ထားတဲ့ အရံအတားတွေ ဖွင့်ပေးလိုက်တယ်။
ရန်လိုတဲ့ လူတွေက တွေ့ရာလူကို ရန်ရှာတယ်။ ရိုက်နှက်တယ်။ လူတယောက် ဓားထိုးခံရတယ်။ လူတချို့က မီးရထားဝင်းထဲ ဝင်ရမ်းကားလို့ ရပ်ကွက်သားတွေက အနာခံပြီး လူ ၂၀ လောက်ကို ဝိုက်းဖမ်းကြတယ်။
အာဏာရူးတွေဟာ လူထု အရေးတော်ပုံကို သေးသိမ်အောင် ပုံဖျက်ဖို့ အောက်လမ်းနည်းတွေ တခုပြီး တခုသုံးတယ်။ ပြည်သူက အနာခံပြီး ရအောင် ထိန်းတယ်။ အခုဆို ပြည်သူတွေဟာ ညတွေလည်း ကင်းစောင့်ရ၊ မီးကင်းစောင့်ရ။
ညဘက် ကျောက်မြောင်းဘက်မှာ သေနတ်ပစ်ပြီး ခြောက်တယ်။ သူတို့ခန့်တဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လက်မခံလို့တဲ့။ ဒီရက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်တယ်ဆိုပြီး လမ်းတွေ ရပ်ကွက်တွေ ကြေညာကြတယ်။ CRPH ရဲ့ အစီအစဉ်ကို ဝိုင်းအကောင်အထည်ဖော်ပေးကြတာပါပဲ။
' ဖေဖော်ဝါရီ ၂၆ '
မနက်ဘက် လှည်းတန်းနဲ့ မြေနီကုန်းမှာ လူစုခွဲတယ်။ အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒသွားပြတဲ့ စုပြည့်လည်း ထိုင်းသံရုံးအထိ ပြေးလိုက်ရတယ်။ ညဘက် ကုလအထွေထွေညီလာခံမှာ အမြဲတမ်းအတွင်းဝန် ဦးကျော်မိုးထွန်းက CRPH ကို ထောက်ခံတဲ့ မိန့်ခွန်းပြောတယ်။ အမှန်တရား အောင်ပွဲပါပဲ။ မနက်ဖြန် အငြိုးတကြီး တုံ့ပြန်တော့မယ် ထင်ပါတယ်။
' ဖေဖော်ဝါရီ ၂၇ '
လှည်းတန်း မြေနီကုန်း လူစုခွဲပြန်တယ်။ လူတချို့အဖမ်းခံရတယ်။ မုံရွာမှာလည်း ရန်ကုန်အတိုင်း လူစုခွဲပေမယ့် လူတွေက ရန်ကုန်အတိုင်းပဲ ဆက်အာခံကြတယ်။
စစ်ကောင်စီက ဦးကျော်မိုးထွန်းကို တာဝန်ရပ်စဲတဲ့စာ ထုတ်တယ်။ ကုလက စစ်ကောင်စီကို အစိုးရရယ်လို့ အသိအမှတ်မှ မပြုထားတာ။ ဘာဆက်ဖြစ်မယ် မသိ။ စစ်ကောင်စီဟာ နိုင်ငံတကာမှာ အရေးနိမ့်နေတော့ နိုင်လို့ရတဲ့ လက်နက်မဲ့ ပြည်သူကိုပဲ အရှက်မဲ့ အနိုင်ကျင့်နေတယ်။ သူတို့ ကျဆုံးဖို့ အချိန်မဝေးတော့ပါဘူး။
' ဖေဖော်ဝါရီ ၂၈'
ဖေဖော်ဝါရီ ငရဲခန်းဟာ ဒီနေ့ ၂၈ ရက်နေ့။ ညကလည်း ထုံးစံအတိုင်း မနက် ၄ နာရီလောက်အထိ အိပ်မရ။ မနက်နိုးလာတဲ့အခါ မနက် ၉ နာရီ။ အမြန်မျက်နှာသစ်ပြီး မြေနီကုန်းဆီ ချီတက်သွားတယ်။ ကျွန်းတောလမ်းမှာပဲ ထိပ်တိုက်တွေ့နေကြပြီ၊ ဒါဟာ တနေ့တာ ထိပ်တိုက်တွေ့မှုတွေရဲ့ အစဖြစ်ပြီး ညနေ ၆ နာရီအထိ စိတ်မချမ်းသာစရာသတင်းတွေချည်းပဲ။ ကြည့်မြင်တိုင်၊ လှည်းတန်း၊ မြေနီကုန်း၊ သာကေတ။ ရန်ကုန်အပြင်မှာလည်း မန္တလေး၊ မော်လမြိုင်။ ပဲခူး၊ ထားဝယ် သပိတ်စစ်ကြောင်းတွေ ရက်ရက်စက်စက် ဖြိုခွင်းခံရတယ်။ ကြည့်မြင်တိုင် ပညာရေးသပိတ်မှာ သေဆုံးသွားတဲ့ ဆရာမက ကိုယ်ဝန်နဲ့လို့ သိရတယ်။ လှည်းတန်းဟာလည်း စစ်မြေပြင်ဖြစ်လို့ လူ ၂ ယောက် သေဆုံးတယ်။ ဒဏ်ရာရသူတွေ၊ အဖမ်းခံရသူတွေ ဘယ်လောက်ရှိမလဲ ဆိုတာ အတိအကျ မသိနိုင်ပါဘူး။ ထားဝယ်မှာ သေနတ်ထိမှန် သေဆုံးသွားတဲ့ လူငယ်ရဲ့ဓာတ်ပုံက မကြည့်ရက်စရာ။ ထားဝယ်မှာ စုစုပေါင်း သုံးယောက် သေဆုံးတယ်။ မန္တလေးမှာလည်း အမျိုးသမီးတစ်ယောက် သေဆုံးတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ သူရဲဘောကြောင်မှုတွေကြားက သူရဲကောင်းဆန်တဲ့ အပြုအမူတွေကိုလည်း တွေ့ရတယ်။ မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေကို လိုက်ဖမ်းပြီး ငြှိမ်းသတ်နေတဲ့ လူငယ်တွေရဲ့ သတ္တိဟာ အံ့မခန်းပါပဲ။ သေနတ်တွေဟာ သူရဲဘောကြောင်သူတွေလက်ထဲမှာ ရောက်နေပြီး၊ တကယ် စွန့်လွှတ်သူတွေဟာ လက်နက်မဲ့တဲ့လူငယ်တွေ ဖြစ်နေတယ်။
နယ်သာလန်က မိတ်ဆွေက ကုလသမဂ္ဂ သံအမတ်ကြီးရဲ့ သတ္တိရှိမှုကို ချီးကျူးတယ်။ လမ်းပေါ်က လူငယ်တွေက ပိုပြီးသတ္တိရှိတယ်လို့ ထင်တယ်။ ဖေဖော်ဝါရီ ငရဲဟာ တစစ ပိုဆိုးလာတယ်။ သုတေသနလုပ်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ စာရင်းအရ အခုအထိ သေဆုံးသူ ၃၀ ကျော်ပြီလို့ ဆိုတယ်။ အဖမ်းခံထားရသူက ၈၀၀ နဲ့ ၁၀၀၀ ကြား ရှိမယ်ထင်ပါတယ်။ စစ်အုပ်စုဟာ လူထုအရေး တော်ပုံကို ကမူးရှူးထိုးလုပ်တော့မယ်ဆိုတာ ရှင်းလင်းနေတယ်။ ဒါပေမဲ့ လူထုကလည်း ဒါကို နောက်ဆုံးတိုက်ပွဲသတ်မှတ်ပြီး တော်လှန်နေတာ။ မနက်ဖြန်ဆိုရင် တော်လှန်တဲ့ မတ်လ။
အရေးတော်ပုံ အောင်ရမည်။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar