TNLA နဲ့ စစ်ကောင်စီတို့ရဲ့ ကူမင်းဆွေးနွေးပွဲ အခြေအနေ
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၇ မြင်ကွင်း
မိုးမခ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅
TNLA နဲ့ စစ်ကောင်စီတို့ရဲ့ ကူမင်းဆွေးနွေးပွဲ အခြေအနေ
ယမန်နှစ် သြဂုတ်လ တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ နေပြည်တော် ခရီးစဥ်က စလို့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ပေါ်လစီ အလှည့်အပြောင်း ဖြစ်ပေါ်ခဲ့တာ အားလုံး သိရှိပြီးဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အစိုးရနဲ့ ခပ်ခွာခွာနေခဲ့တဲ့ တရုတ်နိုင်ငံဟာ ၂၀၂၄ ခုနှစ် သြဂုတ်လမှာတော့ စစ်တပ်ခေါင်းဆောင်ရှိရာ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ခဲ့ပြီး မြန်မာနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံပေါ်လစီဟာ အာဏာသိမ်းမှုကို ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ အာဏာသိမ်းတဲ့ စစ်တပ်ပြိုကွဲတဲ့ အနေအထား ရောက်လို့ မဖြစ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို ရပ်ကာ စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေကို တစတစ တိုက်ခိုက်သိမ်းယူနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးကာ ဖိအားပေးဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးမှာ ယမန်နှစ် သြဂုတ်လ တရုတ်နိုင်ငံခြားရေး ဝန်ကြီး နေပြည်တော်ခရီးစဥ်ကို အလှည့်အပြောင်း အမှတ်အသားတခုအဖြစ် ရှုမြင်နိုင်ပြီး တရုတ်နိုင်ငံအနေနဲ့ စစ်တပ်အင်အားချိနဲ့စေမယ့် နယ်မြေ သိမ်းယူတဲ့ စစ်ဆင်ရေးတွေကို ၄င်းတို့တတ်နိင်သမျှ တားဆီးဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူလို့ ၄င်းတို့ကိုယ်တိုင်နဲ့ သတင်းမီဒီယာတွေက ခေါ်ဆိုသူ အများစုက ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ လက်ချက်နဲ့ မကင်းဘူးလို့ ကောက်ချက်ချကြပေမယ့် ထင်ရှားတဲ့ အထောက်အထားတခုမှတော့ မပြသနိုင်ကြပါဘူး။ သို့ပေမယ့် အဆိုပါ စစ်ဆင်ရေး ဖြစ်ပွားပြီး တလကျော် ၂ လဝန်းကျင် အတွင်းမှာပဲ ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် တရုတ်နိုင်ငံက ကြားဝင်တိုက်တွန်းခဲ့ပြီး ဇန်နဝါရီလ ၁၁-၁၂ ရက်တွေမှာ ဟိုင်ဂင် သဘောတူညီချက်နဲ့ လအတန်ကြာ အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။ အထူးသဖြင့်တော့ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ အပစ်ရပ်ခဲ့ကြတာတွေ့ရပါတယ်။
ပထမအကြိမ် အပစ်ရပ်သဘောတူညီမှုဟာ ယမန်နှစ် နှစ်လယ်လောက်မှာ ပျက်ပြယ်ခဲ့ပြီး ကိုးကန့်၊ တအာင်း လက်နက်ကိုင် အဖွဲ့တွေက စစ်ဆင်ရေးတွေ ပြန်လည်စတင်ခဲ့ပြီး ဒုတိယအကျော့ စစ်ဆင်ရေးတွေမှာ မြို့တွေ ထပ်မံသိမ်းယူခဲ့တာဖြစ်ပါတယ်။ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါတို့ကို သိမ်းယူပြီးနောက် တရုတ်ရဲ့ ပေါ်လစီ အပြောင်းအလဲ ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ကိုးကန့်၊ ဝ၊ နမ့်ခမ်းနဲ့ ကချင်ပြည်နယ် က နယ်စပ်စခန်းတွေအထိ မြန်မာနိုင်ငံဘက် ကုန်ပစ္စည်း ပို့ဆောင်မှုပိတ်ဆို့ပြီး လက်နက်ကိုင် အဖွဲ့တွေကို ဆွေးနွေးဖို့ ပိုမိုဖိအားပေးလာခဲ့တာ ဖြစ်ပါတယ်။
ဒုတိယ အကျော့ စစ်ဆင်ရေးအပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိအားပေးမှုတွေကနေ MNDAA နဲ့ စစ်ကောင်စီအကြား အပစ်ရပ် သဘောတူညီချက်ကို ယခင်လက ရရှိခဲ့ပြီး ဒုတိယအနေနဲ့ တအာင်း လက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီ ဆွေးနွေးဖို့ အခုလို ဖြစ်ပေါ်လာတာပါ။
ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဆွေးနွေးနေတဲ့ ဆွေးနွေးပွဲ ၂ ရက်မြောက်ပြီးချိန်မှာတော့ ဆွေးနွေးပွဲအကြောင်းအရာ တချို့ ဆိုရှယ်မီဒီယာမှာ ပေါ်ထွက်လာတာတွေ့မြင်ရပါတယ်။ ဆွေးနွေးပွဲ မှာပါဝင်တဲ့ လက်နက်ကိုင် ၂ဖွဲ့က တရားဝင်ထုတ်ပြောတာမျိုး မရှိပေမယ့် နီးစပ်ရာကတဆင့် ဆိုရှယ်မီဒီယာမှာ ထုတ်ဖေါ်ရေးသားကြတာလို့ ယူဆရပါတယ်။
ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာတဲ့ ရေးသားမှုတွေအရ TNLA ဘက်က တောင်းဆိုချက်က စည်ပင်သာယာမြို့နယ် ၁၄ ခု နဲ့ မြို့နယ်ခွဲ ၂ ခု စုစုပေါင်း ၁၆ ခုကို ပလောင်ပြည်နယ် အဖြစ် အသိအမှတ်ပြုဖို့ စစ်ကောင်စီဘက်ကို တောင်းဆိုပြီး အကယ်၍ အသိအမှတ်ပြုခဲ့ရင် ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတွေကို ချွင်းချက်မရှိ အားလုံး ပြန်လွှတ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက် ဖြစ်ပါတယ်။ ဒါ့အပြင် အထက်တောင်းဆိုချက်ကို စစ်ကောင်စီဘက်က သဘောတူခဲ့ရင် TNLA အနေနဲ့လည်း ပြည်ထောင်စုထဲက ဘယ်တော့မှ ခွဲမထွက်မယ့် ကတိကိုလည်း ပေးနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
TNLA က တောင်းခံတယ်ဆိုတဲ့ မြို့ ၁၄ မြို့ အပေါင်း အခြား၂ မြို့ထဲမှာ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ မူဆယ်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ မိုင်းငေါ့၊ အစရှိတဲ့ မြို့တွေပါဝင်တယ်လို့ ရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ပြည်နယ် အသိအမှတ်ပြုတဲ့ကိစ္စကို ၄င်းတို့ ဆုံးဖြတ်ခွင့်မရှိဘဲ နောင်တက်လာတဲ့ အစိုးရကျမှ ပြောဆိုဖို့ တုံ့ပြန်ကြောင်း ရေးသားကြပါတယ်။ ဒီအချက်အလက်တွေက သီးခြားအတည်ပြုထားတဲ့ အချက်အလက်တွေ မဟုတ်သော်လည်း TNLA အနေနဲ့ တရုတ်နိုင်ငံက ဖိအားပေး လုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲကို နိုင်ငံရေးအရ အကောင်းဆုံး အသုံးချဖို့ လုပ်ဆောင်မယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။
စစ်ကောင်စီ ဘက်ကတော့ အခုလို ဆွေးနွေးပွဲတွေမှာ ၄င်းတို့အနေနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ သိမ်းယူထားတဲ့ မြို့တွေ ပြန်ဆုတ်ခွာဖို့၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့လို လိုလားချက်တွေ တောင်းဆိုမှာ သေချာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ TNLA အနေနဲ့ တရုတ်နိုင်ငံရဲ့ဖိအားကြောင့် ဒီဆွေးနွေးပွဲကို တက်ရောက်ရတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလိုဆွေးနွေးပွဲမှာ TNLA အနေနဲ့ လိုလားချက်ဖြစ်တဲ့ သိမ်းယူထားတဲ့ မြို့အချို့ကို အများ အသိအမှတ်ပြုခံရဖို့ အတွက် ဆွေးနွေးပွဲမှာ ထုတ်ပြောတာလို့လည်း မှန်းဆကြည့်မိပါတယ်။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီ အနေနဲ့ နယ်မြေဆိုင်ရာ အသိအမှတ်ပြုမှု ပေးအပ်ပိုင်ခွင့် ၄င်းတို့လက်ဝယ်မှာ မရှိတာ အသေအချာဖြစ်ပါတယ်။ သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကိုပါ ချိုးဖောက်ပြီး ၄င်းတို့ကိုယ်တိုင် အာဏာသိမ်းထားတာ ဖြစ်လို့ အာဏာသိမ်း အစိုးရက အခုလို ပလောင်ပြည်နယ် တည်ထောင်မှုကို အသိအမှတ်ပြုပိုင်ခွင့် မရှိတာ သာမန်နိုင်ငံရေး အသိဥာဏ်နဲ့ သိပြီးဖြစ်ပါလိမ့်မယ်။
အခုဆွေးနွေးပွဲ မတိုင်ခင် MNDAA လက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေးပွဲမှာလည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းယူထားတဲ့ မြို့၊ နယ်တွေကို ကိုးကန့် အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် အသိအမှတ်ပြုထည့်သွင်းဖို့ ပြောဆိုခဲ့တဲ့ သတင်းလည်း ဖတ်ရှုခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။ စစ်ကောင်စီ အနေနဲ့ကတော့ ၄င်းတို့ အသိအမှတ်ပြုခွင့်မရှိတဲ့ အကြောင်း တုံ့ပြန်ခဲ့တယ်လို့ သတင်းအချို့မှာ ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။
MNDAA လက်နက်ကိုင် အဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ ဘာတွေ သဘောတူခဲ့တယ် ဘာတွေရခဲ့တယ်ဆိုတာ ၂ ဖက်အဖွဲ့လုံးက ထုတ်မပြောကြပေမယ့် MNDAA သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားပြီး နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေးခဲ့တာ တွေ့ရပါတယ်။
TNLA အနေနဲ့ MNDAA လို စစ်ကောင်စီနဲ့ သဘောတူညီမှုကို လက်မှတ်ထိုးမယ့် အခြေအနေ ရောက်မယ် မရောက်ဘူးဆိုတာတော့ ခုရက်ပိုင်းအတွင်း အဖြေထွက်လာမှာဖြစ်လို့ စောင့်ကြည့်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar