Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၇ )

(မိုးမခ) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၅

17/2/25

Diary in the darkness 

အိမ်ပေါက်စေ့ တံခါးခေါက်ပြီး လူတိုင်းစေ့ကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီကို အိမ်တိုင်း အိမ်တိုင်းရှိ လူတိုင်း လူတိုင်းက ရှိရာပစ္စည်းများကို လက်နက်အဖြစ် အသုံးပြုကာ တိုက်ခိုက်ကြတော့မယ့် အရေး မဝေးတော့ပါဘူး။ အရိပ်နိမိတ်တွေက ပြနေပါပြီ။

ရပ်ကွက်ထဲမှာ ရေပြတ်လို့ လှုပ်လှုပ်ရှားရှားဖြစ်။ တချို့က အဝီစိတွင်းရှိတဲ့ အိမ်မှာ သွားခပ်ကြတယ်။ တချို့ က ရေမီတာလာကောက်တဲ့သူနဲ့ညှိပြီး ရေလာတဲ့ပိုက်တွေဆီက ခိုးသွယ်ကြတယ်။ မျက်စောင်းထိုးအိမ်ကတော့ ငွေနှစ်သိန်း လာဘ်ပေးပြီး ခိုးသွယ်လိုက်တာ အဆင်ပြေသွားတယ်။ ခြေရင်းအိမ်ကတော့ ရေကားတစ်စီး ဝယ်သုံးတယ်။ ငါးသောင်း ကုန်တယ်။ သုံးရက်စာတော့ ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့အိမ်ကတော့ ညဘက် မီးလာချိန် မော်တာနဲ့စုတ်တင်တာ ရနေသေးတယ်။ မီးသမားတွေ မော်တာသမားတွေ အလုပ်ဖြစ်နေတယ်။ သူတို့က မီးလာချိန်နည်းလို့ ရေပြတ်တာလို့ ပြောကြတယ်။ 

ဘေးအိမ်ကို လူသစ်တွေ ရောက်လာတယ်။ အိမ်လခ တစ်သိန်းခွဲကနေ သုံးသိန်းခွဲ တိုးတောင်းလိုက်တော့ လူဟောင်းတွေ ပြောင်းပြေးကြရပြီ။ လူသစ်တွေက ထမင်းချိုင့်ဆွဲ ပို့တဲ့ လုပ်ငန်းလုပ်တယ်။ နေ့စဉ် ဝင်ငွေရှိတဲ့ လုပ်ငန်းဆိုတော့ ဒီခေတ်ကြီးမှာ အဆင်ပြေတယ်လို့ ပြောရမှာပါပဲ။ 

ဒီရက်ပိုင်းအတွင်း KIA က ဗန်းမော်မြို့သိမ်းတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ လူထုကလဲ မျှော်နေတယ်။ တိုက်ပွဲတွေက ပြင်းထန်တုန်းတဲ့။ AA ကလဲ သံတွဲမြို့သိမ်းဖို့ အပြင်းအထန်တိုက်စစ်ဆင်နေတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ KNU ဟာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ရောက်နေပြီ။ ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူး စတဲ့ မြို့တွေနားထိရောက်နေပြီ။ ရန်ကုန် မန္တလေးလမ်းဟောင်းအထိ ရောက်နေပြီ။ မြဝတီ မြို့စားကြီး စောချစ်သူကတော့ ထိုင်းစစ်တပ်ကို မျက်နှာချိုသွေးနေရတယ်။ ကျားဖြန့် လူတွေ သောင်းနဲချီ ဖမ်းပြီး ထိုင်းလက်အပ်နေရတယ်။ ထိုင်းကလဲ တရုတ်ကို မျက်နှာချိုသွေးပြီး တရုတ်အလိုကျ ကျားဖြန့်တွေကို တရုတ်လက်အပ်နေရတယ်။ ထိုင်းနဲ့ စောချစ်သူတို့က ကျားဖြန့်တရားခံစစ်စစ်ဟာ ဗမာ စစ်ကောင်စီသာ ဖြစ်တယ်လို့ တရုတ်ကြီးကြီးကို ရွှေနားတော်သွင်းနေကြဟန်တူပါတယ်။ သူမိုက် သူယုတ်တွေဟာ အပြစ်ဒဏ်ခံရတော့မယ်ဆိုရင် အပေါင်းအသင်း ရောင်းရင်းတွေကိုပါ ဆွဲထည့်လေ့ရှိတာသဘာဝပါ။ 

စကားမစပ် ပြောရဦးမယ်။ စစ်မှုထမ်းဥပဒေနဲ့ အလုပ်ဖြစ်နေတဲ့ အုပ်ကြီးတွေ ဓာတ်ဆီနဲ့ပက်၊ မီးရှို့ခံရတဲ့ သတင်းတွေ၊ ဓားနဲ့ အပိုင်းပိုင်း ခုတ်ခံရလို့ သေသွားတဲ့ သတင်းတွေ လူကြိုက်များ၊ လူပြောများနေပါတယ်။ 

ရန်ကုန်လေဆိပ်မှာလဲ နိုင်ငံခြားထွက်မယ့် လူငယ် လူရွယ်တွေကို စစ်မှုထမ်းဥပဒေအရ ပိတ်ပင်လိုက်ပါပြီ။ တနည်းအားဖြင့် စစ်မှုထမ်းဥပဒေနဲ့ လုပ်စားကြီးပွားနေသူတွေ သန်းထီပေါက်ကြပြီပေါ့။

နွေဦးတော်လှန်ရေးဟာ အစိမ်းနဲ့ အနီတို့ရဲ့ ပဋိပက္ခသာ မဟုတ်ပါဘူး၊ လူထုကြီးတရပ်လုံးနဲ့ စစ်အာဏာရှင်တို့ ပဋိပက္ခ ဆိုတာ ပိုမိုရှင်းလင်းကာ ပြတ်ပြတ်သားသား ပေါ်လွင်နေပါပြီ။ 

အိမ်ပေါက်စေ့ တံခါးခေါက်ပြီး လူတိုင်းစေ့ကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီကို အိမ်တိုင်း အိမ်တိုင်းရှိ လူတိုင်းလူတိုင်းက ရှိရာပစ္စည်းများကို လက်နက်အဖြစ် အသုံးပြုကာ တိုက်ခိုက်ကြတော့မယ့် အရေး မဝေးတော့ပါဘူး။ အရိပ်နိမိတ်တွေက ပြနေပါပြီ။

အန်ကယ် တူမီး



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar