ARSA တည်ထောင်သူ ခေါင်းဆောင်နှင့် ၉ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၈ မြင်ကွင်း
မိုးမခ၊ မတ် ၁၉၊ ၂၀၂၅
ARSA တည်ထောင်သူ ခေါင်းဆောင်နှင့် ၉ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး
၂၀၁၆ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လတွေမှာ ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲကင်း၊ ရဲစခန်းတွေကို စတင်တိုက်ခိုက်ခဲ့ရာက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်ပွားလာခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တည်ထောင်သူနဲ့ ခေါင်းဆောင်ဖြစ်သူ အက်တာအူလာ အဘူအမာဂျူနူနီ ကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ RAB က မတ်လ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
အခုလို ဆယ်စုနှစ် တခုကျော်ကြာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ အခြေစိုက်ပြီး ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေမှာ ပြောက်ကျား တိုက်ခိုက်မှု၊ လှုပ်ရှားမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ အတွက်တာဝန်ရှိတဲ့ ARSA အဖွဲ့ရဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ RAB လို့ ခေါ်တဲ့ အထူးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေး၊ နယ်စပ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်လို့ မူဝါဒ ပြောင်းလဲသွားပြီလား ဆိုတဲ့ ယူဆချက်တွေလည်း ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာလူနည်းစုတွေ ဖိနှိပ်ခံနေရတာကြောင့် ၄င်းအခွင့်အရေးတွေ ရရှိဖို့အတွက် ဖွဲ့စည်းခဲ့တာလို့ ဆိုသည့်တိုင် ARSA အဖွဲ့ဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာကျေးရွာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တချို့ကို သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပြီး AA လက်နက်ကိုင်တပ်နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့ ၂၀၂၃ အကုန်၊ ၂၀၂၄ ခုနှစ်တွေမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာ သို့မဟုတ် AA ရဲ့ တိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နေရတဲ့ စစ်ကောင်စီတပ်ဘက်က ခုခံကာကွယ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။
Arakan Rohingya Salvation Army လို့ လူသိများတဲ့ ARSA လက်နက်ကိုင် အဖွဲ့ကို အချို့က အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အဖြစ် သတ်မှတ်ထားကြပြီး ဂျီဟဒ်လို့ခေါ်ဆိုတဲ့ ဘာသာရေးအပေါ် အခြေခံတဲ့ အယူအဆနဲ့ လက်နက်ကိုင် တိုက်ခိုက်တဲ့ အဖွဲ့အဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်။ ယခု ဖမ်းဆီးခံရတဲ့ ခေါင်းဆောင်ဖြစ်သူ အက်တာအူလာဟာ ဒီဒေသမှာ မွေးဖွားကြီးပြင်းသူ တဦးမဟုတ်ပဲ ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ မွေးဖွားကြီးပြင်းသူ ဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေမှာ လှုပ်ရှားမယ့် ARSA လက်နက်ကိုင် အဖွဲ့ကို ဆော်ဒီအာရေဗျ နိုင်ငံမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်း အနေနဲ့လည်း ARSA လက်နက်ကိုင် အဖွဲ့ရဲ့ လုပ်ဆောင်မှုအားလုံးကို ထောက်ခံအားပေးနေတာမျိး မဟုတ်သလို ARSA ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေကို ထောက်ပြဝေဖန်တဲ့ သူတွေ ပျေက်ကွယ်သွားတာ၊ သတ်ဖြတ်ခံရတာတွေ အတွက်လည်း ARSA အဖွဲ့မှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။
ARSA လက်နက်ကိုင် အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ဝင်ထွက်လှုပ်ရှား နေခဲ့တာ ဆယ်စုနှစ် တခုကျော်ရှိခဲ့သလို ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ARSA အဖွဲ့က တာဝန်ရှိတယ်ဆိုတာလည်း သိရှိခဲ့ပေမယ့် ARSA လက်နက်ကိုင်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ကြိုးစားခဲ့တာ မတွေ့ခဲ့ရဘဲ အခုလိုအချိန်ကျမှ ဖမ်းဆီးဖို့ ဘယ်လိုအကြောင်းရင်းက စေ့ဆော်လာတာလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။
ယမန်နေ့က ARSA ကို ဖမ်းဆီးတဲ့ အဖွဲ့ဖြစ်တဲ့ Rapid Action Battalion လို့ခေါ်ဆိုတဲ့ အထူးရဲတွေဟာ ၂၀၀၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အထူးရဲ အဖွဲ့ဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာရှိတဲ့ အဖွဲ့ဖြစ်သလို ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ထားတယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေရှိတဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အာဏာရှင် ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ ရှိတ်ဟာဆီနာ အစိုးရပြုတ်ကျပြီးနောက် ရွေးကောက်ပွဲကျင်းပပေးဖို့ ကြားဖြတ်အစိုးရ အဖြစ်တာဝန်ယူထားတဲ့ ကမ္ဘာ့နိုဘယ်ဆုရှင် တဦးဖြစ်သူ မူဟာမက် ယူနွတ်စ်က အစိုးရအဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူထားချိန်လည်း ဖြစ်ပါတယ်။
နယ်စပ်မျဥ်းရဲ့ တဖက်မှာတော့ ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်အုပ်ချုပ်လာတဲ့ ဗဟိုအစိုးရရဲ့ လက်နက်ကိုင်တပ်တွေကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်အောင်မြင်ကာ သိမ်းပိုက်အုပ်ချုပ်ထားချိန် ခုရက်ပိုင်းအတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာဒုက္ခသည် အရေးကို အဖြေရှာဖို့ရာမှာ Arakan Army နဲ့လည်း ထိတွေ့ဆက်သွယ်စကားပြောဆိုရမယ့် အဖွဲ့တဖွဲ့အဖြစ် မှတ်ချက်ပေးပြီး ရက်ပိုင်းအကြာမှာ အခုလို ARSA လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖမ်းဆီးလိုက်တာလည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကို ဆက်စပ်သုံးသပ်ကြည့်ရင် ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ ရခိုင်နဲ့ ပတ်သက်တဲ့ အရေးဖြေရှင်းဖို့ အခြေခံ ရပ်တည်ချက်၊ စဥ်းစားပုံ၊ မဟာဗျူဟာ နည်းဗျူဟာတွေ စတင်ပြောင်းလဲလာပြီလားဆိုတဲ့ တွေးဆမှုတွေလည်း ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။
ARSA ခေါင်းဆောင်နဲ့ ၄င်းအဖွဲ့ဝင်တွေကို အခုလို ဖမ်းဆီးမှုအပေါ် နောက်ယူဆချက် တခုက မကြာသေးတဲ့ ရခိုင်ပြည်နယ်စစ်ပွဲတွေ အတွင်း AA ရဲ့ ထိုးစစ်တွေကို ခုခံကာကွယ်ဖို့ စစ်ကောင်စီတပ်တွေနဲ့ အတိုင်းအတာတခုထိ ပူးပေါင်းမှုရှိခဲ့တဲ့ ARSA လက်နက်ကိုင် တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးခြင်းဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်ကို တရားမျှစီရင်နိုင်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ၄င်းအဖွဲ့ကို အသုံးချခဲ့တဲ့ စစ်ကောင်စီ တပ်ရဲ့ တာဝန်ရှိသူတွေ ခေါင်းဆောင်တွေရဲ့ ကျူးလွန်မှုတွေကိုလည်း ICC လို တရားရုံးမှာ တရားစီရင်နိုင်ဖို့ အချက်အလက်အားဖြင့်ရော၊ အမှန်တရားအောင်ပွဲခံမှုအဖြစ် ပြယုဂ်အဖြစ် ရှုမြင်မှုတွေလည်း ရှိကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အထက်က ဖြစ်နိုင်ခြေ နှစ်ရပ်ထဲက မဟုတ်ပဲ နားလည်ရခက်ခဲတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးရဲ့ အသုံးချခံ ဇာတ်လမ်းဇာတ်ကွက်တခု မဖြစ်ဖို့လည်း မျှော်လင့်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar