Breaking News

လေခဏီ - သံဃာသွေးစိမ်း



လေခဏီ - သံဃာသွေးစိမ်း

မိုးမခ ၊ မတ် ၁၉ ၊ ၂၀၂၅


စာသင်တိုက်တတိုက်အပေါ်  နိမ့်နိမ့်လေး နှစ်ခေါက် ပတ်ပျံပြီး ဗုံးလေးလုံး ကြဲလို့ ကိုရင်လေးတွေရှစ်ပါး ဒကာ ဒကာမတွေနဲ့ ဦးဇင်းလေးတပါးဟာ ဘုရားရှင်သော်မှ မခံစားဘူးတဲ့အဆုံးစွန်သောနာကျင်ဒုက္ခနဲ့ ပျံလွန်သွားကြရတဲ့အပေါ်မှာ ငါးသိန်းနီးပါးသော သံဃာတော်တွေ ဘာပြောကြမလဲ။

အထူးသဖြင့် ဘဝတူ စာသင်တိုက်ရဟန်းငယ်တွေ စာချကိုယ်တော်တွေက ဘာပြောကြမလဲ။ ဗမာပြည် သံဃာအားလုံးရဲ့ကိစ္စအဝဝကို စီမံခန့်ခွဲနေတဲ့ သံဃနာယကအဖွဲ့အစည်း အဆင့်ဆင့်က ဘာဩဝါဒ မြွက်ကြမလဲ။ သီလရှင်ဝတ်စုံ ရုံကြော်ငြာတဲ့ သင်္ကန်းဆိုင်ကို တောင်းပန်ဝန်ချခိုင်းတဲ့ကိုယ်တော်ကြီးရော ဘယ်လို တောင်းပန်ခိုင်းမလဲ။ ဓမ္မကထိကအကျော်တွေကရော  အနိစ္စ အမြဲမရှိလား။ အနတ္တ အစိုးမရလား။ ဒုက္ခ ဆင်းရဲပါတကားလား။ ရာဇတော-မင်းဆိုးဘေးလား။ အမနုဿတော-လူစိတ်ပျောက် ခွေးစိတ်ရောက်ဘေးလား။ ဇနပဒတော-မန်းလေးရန်ကုန်မြို့ကြီးမဟုတ် ဇနပုဒ်ဘေးဆိုတာလား။ အသဒ္ဓမ္မတော- သရဲဘီလူး အရူးအနှမ်း အကန်းအယုတ် အစုတ်ပလုပ်ဘေးလား။

ဘုရားဒကာရဲ့ အမိန့်မို့ အများတကာလို လှိမ့်ခံရမလား။  ဒီသေခြင်းကို ချီးမွမ်းထောမနာကြမလား။ ဒီသတ်ခြင်းကို တိတ်တိတ်နေကာ လက်ခံလိုက်ကြမလား။ ဘယ်ကိုရင် ဘာဖြစ်ဖြစ် ငါ့ကျောင်းက ကိုရင်တွေက စာမေးပွဲဂဇက်မှာ ပဒုတဖြစ်ပဟဲ့ဆိုပြီး လိုင်းပေါ်တင် ဂုဏ်ဆင်ကြမလား။ စာအောင်ဂုဏ်ပြုပူဇော်ပွဲတွေ ကျင်းပကြမလား။ ဘုရားသားချင်းတွေအပေါ် သီတင်းသုံးဖော်တွေအပေါ် ပစ္စည်းလေးပါး ဒကာ ဒကာမတွေအပေါ် ကိုယ်တော့်ကရုဏာတွေ ခံစားစေချင်ပါရဲ့။ ဘက်မလိုက်တရားမျှတမှု ဥပေက္ခာဖြစ်ဖြစ်ပေါ့။ နိဗ္ဗာန်ရောက်ကြောင်း ချမ်းသာရကြောင်း သမ္မာဒိဋ္ဌိ-အမြင်မှန်ဆိုတာလေးဖြစ်ဖြစ်ပေါ့။ သမ္မာဝါစာမဟုတ်တောင် ကျိုးကြောင်းပြညွှန်ဆုံးမစကားလေးနဲ့ သမ္မာအာဇီဝမြောက်တဲ့ ဆွမ်းတလုပ်သံဖြစ်ဖြစ်ပေါ့။ 

အသေဝနာစ ဗာလာနံ လူမိုက်ဆိုလျှင် ရှောင်သွေ လွှဲ မမှီဝဲ ကင်း၊ ပဏ္ဌိတာနဉ္စ သေဝနာ ပညာရှိလူလိမ္မာကိုပေါင်းသင်း နည်းယူ၊ ပူဇာစ ပူဇနေယျာနံ မထောက်ခံထိုက်သူ မထောက်ခံ မချီးမြှောက်သင့်သူပစ်ပယ်တာ ဒဏ်ခတ်တာဖြစ်ဖြစ်ပေါ့။

သာသနာဟာ ရာဇာ ပဓာနံတုန်းလား။ တရား ဆိုတာ ဘာလဲ။ ဓမ္မ ဆိုတာ ဘာလဲ။ လိပ်ပြာ ဆိုတာ ဘာလဲ။ သီလ ဆိုတာ ဘာလဲ။ ဝတ္တ- ဝတ္တရား ဆိုတာ ဘာလဲ။ သမာဓိ ဆိုတာ ဘာလဲ။ ပညာ ဆိုတာ ဘာလဲ။ နိဗ္ဗာန် ဆိုတာ ဘာလဲ။ ဆင်းရဲဆိုတာ ဘာလဲ။ လွတ်မြောက်မှုဆိုတာ ဘာလဲ။ ဗုဒ္ဓ ဆိုတာ ဘာလဲ။ ဝိဘဇ္ဇဝါဒီဆိုတာ ဘာလဲ။ အဝိဇ္ဇာ ဆိုတာ စောက်တလွဲသိမှုဆို။ တဏှာက ဂွဒ်ဖီလင်လား။ ဥပါဒါန်ဆိုတာ ကွန်ဖော့ဇုန်ထဲက မထွက်တော့တာလား။ အဲဒါဟာ ရဟန်းဘဝလား။ အားလုံးဟာ စစ်အာဏာရူးဇာတိမှာ အရွယ်မတိုင်ခင် ဇရာရတာလား။ မအိုမနာဘဲ ဥပစ္ဆေဒက မရဏကံထိုက်ကြရတာလား။  စစ်မှုထမ်းဥပဒေသောက၊ စားဝတ်နေရေးပရိဒေဝ၊ မီးလောင်ပြင် ပင်ပန်းဆင်းရဲ ညှဉ်းဆဲနှိပ်စက်ဒုက္ခ၊ ဘာတခုမှ စိတ်ချမ်းသာစရာမရှိ ငရဲဒေါမနဿ၊ လောင်ကျွမ်း ပန်း ပူ မရှူနိုင် မထူနိုင် မလူနိုင်ဥပါယာသတွေနဲ့။

ဪ လမ်းပေါက်သာလျက် အပြေးခက် လမ်းတွက်မဟုတ်ချေဆို။ သဗ္ဗေသတ္တာ အဝေရာ မဟောန္တုတော့ဘူးပေါ့။ ကမ္မသကာ ခံကြကွာပေါ့။ ကိုယ့်အခွန်ငွေနဲ့လက်နက်ဝယ် ကိုယ့်လူမမည်ရင်သွေးလေးကို အပိုင်းပိုင်းဖြတ် သတ်တဲ့ကောင်ကိုဘဲ ရေမြေ့သနင်း ပြည့်ရှင်မင်းလဲ ရငြားပါစေ အမျှဝေ၏လို့ မိသားစုတွေက ငိုရင်းရှိုက်ရင်း လိုက်ဆိုပေးနေရတုန်းလား။ ဆွေမျိုးမိတ်ဆွေတွေက နာကြည်းရင်း တောက်ခေါက်ရင်း လိုက်ဆိုနေရတုန်းလား။ ဘုန်းကြီးတွေက လိုက်ဆိုခိုင်းရက်ကြတုန်းလား။ အဲဒါဟာ သနားကရုဏာဓမ္မလား။ ကျိုးကြောင်းဆင်ခြင်မှုအသိဉာဏ်ပညာကိစ္စလား။ မိစ္ဆာဒိဋ္ဌိလမ်းမလား။ ရက်စက်ခြင်းလား။ အပင်းလား။ 

သတ်တယ်။ သေတယ်။ သေသူအတွက် ကောင်းမှုလုပ်ပြီး သတ်သူကို ကောင်းကျိုးမျှဝေပေးရတယ်။ ဒါဟာ လောကဓမ္မဖြစ်လား။ မောဟဓမ္မဖြစ်လား။ ဒေါသဓမ္မဖြစ်လား။ ဗုဒ္ဓဩဝါဒဖြစ်လား။ လမ်းပြသူအမှန်ဟုတ်လား။ မှန်သောစကားဆိုသူလား။ ဖြောင့်မတ်တည်ကြည်သူလား။ ကိုးကွယ်ထိုက်သူလား။

ဟေတုပစ္စယော-မတရားအာဏာသိမ်းလို့ ပြည်ပျက်။ ခွေးအဓိပတိဖြစ်လို့ သွေးအဝီစိထိရောက်။ အာဏာရူးနဲ့ သဟဇာတဖြစ်လို့ ဓမ္မကွာကျ။ ခွေးရူးနဲ့ အညမည ဖြစ်လို့ ကြဉ်ကြ ဖယ်ကြ နယ်ကြနင်းကြ။ လူသတ်ကောင်နဲ့ နိဿယဖြစ်လို့ ကြိတ်ကြ။ ဒီစောက်ရူးတွေ နတ္ထိမှ အများသူငါ ချမ်းသာရာရမှာ သာသနာပါစည်ပင်မှာ။ ဒီငနာတွေ ကင်းမှ သာသနာလဲ လင်းမှာ။ မဟုတ်ရင် ဗြင်းတာခံရမှာ။ ရှင်းတာခံရမှာ။ 

ဗုဒ္ဓဟာ အများကောင်းစားရေးအတွက် ပွင့်တော်မူခဲ့တာ ဖြစ်ပါတယ်။ အုပ်ချုပ်သူ လူတစုကောင်းစားဖို့အတွက်ဆို ထီးနန်းစွန့်စရာမှ မလိုခဲ့တာလေ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar