Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၈ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၃၈ )

မိုးမခ၊ မတ် ၁ ၊ ၂၀၂၅

27/2/25

Diary in the darkness 

ထရမ့်ရဲ့ ဆင်သွားရင် လမ်းဖြစ်တယ် ဆိုတဲ့ အင်အား အားကိုးဗျူဟာတွေဟာ လူပြောများနေကြတယ်။ ဆင်သွားရင် လမ်းဖြစ်ဗျူဟာက ဆင်ကန်းတောတိုးဗျူဟာဖြစ်သွားရင် တကမ္ဘာလုံးချောက်ထဲကျမှ အသေ အချာပါပဲ။ 

လမ်းထိပ်အိမ်က စစ်မှုထမ်းလိုင်းကြေး တစ်လ တစ်သိန်းခွဲ ပေးနေရတယ်လို့ ရပ်ကွက်ထဲမှာပြောနေကြတယ်။ သူ့အိမ်က လူငယ်တစ်ယောက် နိုင်ငံခြားမှာ အလုပ်လုပ်နေလို့ အခုလို လိုင်းကြေးပေးရတာလို့ ပြောနေကြတယ်။ အချို့ကတော့ တစ်လ လေး ငါးသောင်း လိုင်းကြေးပေးနေရတာ ကြာပြီလို့ ပြောပါတယ်။ စစ်မှုထမ်းလိုင်းကြေးလိုက်ကောက်တဲ့ အုပ်ကြီးတွေ၊ ပြူစောထီးတွေ နေ့စဉ်နဲ့အမျှ အသတ်ခံနေရတယ်။ လိုင်းကြေးမပေးနိုင်သူတွေက ထွက်ပြေးသူပြေး၊ ပြေးမလွတ်နိုင်သူတွေက ကိုယ့်ကိုယ်ကိုယ်သတ်သေကြတဲ့ သတင်းတွေကလဲ ကြေကွဲစရာ။ 

မြဝတီက စောချစ်သူနဲ့ BGF အဖွဲ့ကတော့ ကယောင်ချောက်ချား ဖြစ်နေတယ်။ ကျားဖြန့်ကို သူတို့မသိပါဘူးလို့ မိုးကြိုးပစ် ထန်းလက်နဲ့ ကာနေတယ်။ တရုတ်ကြီးကတော့ အပေါ်စီးကနေစောင့်ကြည့်နေတယ်။ ဘယ်ကောင်ကို အရင်စားမလဲ မသိဘူး။ 

မြန်မာ့နိုင်ငံရေး လေ့လာသူတွေကတော့ တရုတ်ကြီးက ကိုယ့်ဖဲကိုချိုး၊ ကိုယ်ဖဲကိုယ်ဝေကာ ဂျိုကာတွေ ကိုင်ထားပြီလို့ ဆိုကြတယ်။ မကြာမီ မြန်မာတနိုင်ငံလုံးကို သူ့စိတ်ကြိုက် ကစားဖို့ အခွင့်အရေးတွေ ပိုရနေတယ်။ နွေဦးတော်လှန်ရေးရဲ့ ယိုးဒယားနယ်စပ် ထောက်ပို့လမ်းကြောင်းကို တရုတ်လက်ထဲ ရောက်မှာ စိတ်ပူနေကြတယ်။ 

ပြည်တွင်း နွေဦးတိုက်ပွဲတွေကတော့ အောင်ပွဲသတင်းတွေ ဝေဆာနေတယ်။ စစ်ကောင်စီက တပ်တွေက သေနတ်သံကြားတာနဲ့ပြေးကြတယ်။ တပ်ထဲမှာ လက်နက်ချဖို့၊ ထွက်ပြေးဖို့ ကြိုးစားတဲ့ စစ်သားတွေကို နောက်ကျောက ပစ်သတ်တယ်။ ထွက်ပြေးလို့ ဖမ်းမိသူတွေကို ရိုက်သတ်တဲ့သတင်းတွေ အွန်လိုင်းပေါ်မှာ တွေ့နေရတယ်။ 

လက်ဖက်ရည်ဆိုင် နိုင်ငံရေးစကားဝိုင်းတွေမှာ နွေဦးတော်လှန်ရေးသတင်း ပြီးရင် လူပြောအများဆုံးက ဒေါ်နယ်ထရမ့်ရဲ့အင်အားနဲ့ အနိုင်ယူတဲ့ဗျူဟာပါပဲ။ ထရမ့်ဟာ ရန်သူပူတင်ကို မိတ်ဆွေဖွဲ့လိုက်တော့ သူ့မိတ်ဆွေအီးယူရဲ့ယုံကြည်မှုကိုလက်လွှတ်လိုက်ရပြီး အမေရိကန်ကိုယုံကြည်မိသူတွေ နောင်တကြီးကြီး ရ ကုန်ကြတယ်။ အထူးသဖြင့် ယူကရိန်းပေါ့။ အခု ယူကရိန်းက အားမတန်မာန်လျှော့ရမယ့် အခြေအနေ ဖြစ်သွားတယ်။ ထရမ့်ရဲ့ ဆင်သွားရင်လမ်းဖြစ်တယ် ဆိုတဲ့ အင်အားအားကိုးဗျူဟာတွေဟာ လူပြောများနေကြတယ်။ ဆင်သွားရင် လမ်းဖြစ် ဗျူဟာက ဆင်ကန်းတောတိုးဗျူဟာ ဖြစ်သွားရင် တကမ္ဘာလုံး ချောက်ထဲကျမှ အသေအချာပါပဲ။ 

ဒီနေ့ နိုင်ငံရေးအခင်းအကျင်းကို ကြည့်ပြီး ကျွန်တော်တို့လို နိုင်ငံငယ်ကလေးတွေက အင်အားကြီးတဲ့ ဆင်ကြီးတွေနောက်ကို မျက်စိမှိတ်ကာ အားကိုးတကြီး မလိုက်မိဖို့ လိုတယ် ဆိုတဲ့ သင်ခန်းစာကို ရလိုက်ပါတယ်။ 

သင်ခန်းစာတွေကလည်း ရပြီးရင်း ရနေပါပြီလေ။

အန်ကယ် တူမီး

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar