မြန်မာနိုင်ငံရဲ့ ပထမ စစ်အာဏာသိမ်းပြီးနောက် နှစ် ၆၃ နှစ်အကြာ
မြန်မာနွေဦးခရိုနီကယ် - မတ် ၂ မြင်ကွင်း
မိုးမခ၊ မတ် ၃၊ ၂၀၂၅
မြန်မာနိုင်ငံရဲ့ ပထမ စစ်အာဏာသိမ်းပြီးနောက် နှစ် ၆၃ နှစ်အကြာ
မြန်မာနိုင်ငံရဲ့ ပထမဆုံး စစ်အာဏာသိမ်းမှုလို့ဆိုရင် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန်ရေး ကောင်စီဆိုတဲ့ နာမည်နဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပထမဆုံးလို့ တရားဝင် အနေနဲ့ ပြောရမယ်လို့ထင်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ဖဆပလအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ဦးနုက အိမ်စောင့်အစိုးရလို့ အမည်ပေးထားတဲ့ စစ်တပ်ထံ အာဏာလွှဲအပ်ပေးပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ လုပ်ဆောင်မှုကို သမိုင်းမှတ်တမ်းတချို့က ပထမစစ်အာဏာသိမ်းမှုအဖြစ် မှတ်ယူကြတာမျိုးလည်း ရှိတာ ဖြစ်ပါတယ်။ အာဏာသိမ်းဖို့ သေချာနေတဲ့ အနေအထားကို စစ်အာဏာသိမ်း အစဥ်အလာကို ရှောင်လွှဲဖို့အတွက် ဦးနုက အိမ်စောင့်အစိုးရဖွဲ့ပြီး အာဏာလွှဲတဲ့ နည်းလမ်းနဲ့ ရှောင်လွှဲခဲ့တာလို့ သမိုင်းမှတ်တမ်းတွေက ရေးကြပါတယ်။ နံပါတ် ၁ တချက်က စစ်တပ်က ယာယီအိမ်စောင့် အစိုးရအဖွဲ့သာ ဖွဲ့စည်းခဲ့တဲ့အချက်၊ ရွေးကောက်ပွဲ လုပ်ပြီး အာဏာပြန်လွှဲပေးခဲ့တဲ့ အချက်တွေကြောင့် စစ်အာဏာသိမ်းမှုလို့ တိတိပပ သတ်မှတ်ရခက်ပေမယ့်လည်း စစ်တပ် အနေနဲ့ နိုင်ငံရေးသမားတွေ၊ ရွေးကောက်ပွဲနဲ့ ပါတီစုံ နိုင်ငံရေးကို အဆုံးသတ်ဖို့ ၁၉၅၈ ခုနှစ်ကတည်းက ဆန္ဒရှိနေခဲ့တာ ဖြစ်ပြီး ဒီလို အမြင်ရှိကြတာ ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်တဲ့ ဗိုလ်နေဝင်းတဦးထည်းတင်မဟုတ်ပဲ ဗမာ့တပ်မတော်ထဲက လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ တပ်ထဲစတင်ဝင်ရောက်လာခဲ့ကြတဲ့ အချို့သော တပ်မှူးတွေပါ အလားတူ အမြင်မျိုးရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာတော့ တိုင်းရင်းသား လူမျိုးစုနိုင်ငံရေး အဖွဲ့အစည်းတွေက ဖက်ဒရယ်မူဝါဒနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အသံလွှင့်ရုံမှာ ဆွေးနွေးနေကြတဲ့အချိန်မှာ ပြည်ထောင်စုပြိုကွဲတော့မယ်ဆိုတဲ့ အကြောင်းပြချက်၊ တိုင်းပြည်ချောက်ထဲ ကျဖို့အန္တရာယ်ရှိနေပြီဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်စောစောမှာ အာဏာသိမ်းခဲ့တာလို့ ဆိုပါတယ်။
၁၉၅၈ ခုနှစ် စစ်တပ်က အာဏာသိမ်းမယ့်အရေးကို ရှောင်လွှဲဖို့ အိမ်စောင့်အစိုးရ ဖွဲ့စည်းခဲ့ရတဲ့ ဖြစ်ရပ်ဖြစ်ခဲ့သည့်တိုင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်နေဝင်း အနေနဲ့ အာဏာသိမ်းလိမ့်မယ်လို့ ဦးနုအနေနဲ့ မျှော်လင့်ထားပုံမရပါဘူး။ နေအိမ်ကို လာဖမ်းတဲ့ စစ်အရာရှိတွေကို ဒီကိစ္စ ဗိုလ်နေဝင်းသိသလားလို့ မေးခဲ့တယ်ဆိုတဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့နဲ့ ပတ်သက်တဲ့ မှတ်တမ်းရေးသားမှုတွေမှာ ဆိုကြပါတယ်။ ထိုအချိန်က သမ္မတဖြစ်သူ စပ်ရွှေသိုက် နေအိမ်ကို သွားရောက်ဖမ်းဆီးရာမှာ သမ္မတရဲ့ သားဖြစ်သူ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။ သွေးမြေမကျ အာဏာသိမ်းမှုလို့ ဆိုနိုင်မယ့် စစ်အာဏာသိမ်းမှုထဲမှာ အဆိုပါ ဖြစ်ရပ်တခုသာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အဖြစ်အပျက်ရှိခဲ့တာဖြစ်ပါတယ်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရကို အာဏာလွှဲတဲ့ဖြစ်ရပ်မတိုင်ခင်မှာ လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက တည်ထောင်လာခဲ့တဲ့ ဖဆပလ အဖွဲ့ကြီးထဲမှာ ဦးနုနဲ့ အချို့သော ခေါင်းဆောင်တွေက တဖက် ဦးကျော်ငြိမ်းနဲ့ ဦးဘဆွေ ခေါင်းဆောင်တဲ့ အဖွဲ့တွေကတဖက် အကွဲအပြဲတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကာလမှာလည်း တည်မြဲ အုပ်စုနဲ့ သန့်ရှင်းအုပ်စုလို့ အမည်ပေးထားကြတဲ့ ပါတီ ၂ ပါတီရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကာ စစ်တပ်က တပ်မှူးအချို့ က တည်မြဲအုပ်စုဘက်က ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ အနိုင်ရအောင် ဘက်လိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိပြီး ဗိုလ်နေဝင်းက ရွေးကောက်ပွဲအပြီး အဆိုပါ တပ်မှူးအချို့ကို အနားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၂ နှစ်မပြည့်ခင်မှာပဲ ဖက်ဒရယ်မူဝါဒနဲ့ပတ်သက်လို့ တိုင်းရင်းသားပြည်နယ် အချို့က ဆွေးနွေးပြောဆိုလာတာကို အကြောင်းပြ စစ်အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းတဲ့ အုပ်ချုပ်ရေးကောင်စီကို တော်လှန်ရေးကောင်စီလို့ အာဏာသိမ်းစစ်တပ်က အမည်ပေးခဲ့ပြီး သတင်းစာ တချို့က စစ်ကောင်စီလို့ အတိုကောက် သုံးနှုန်းခေါ်ဆိုခဲ့တဲ့ အဖြစ်ကလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်ပေးခဲ့ပေမယ့် သတင်းမီဒီယာတွေက စစ်ကောင်စီလို့ ခေါ်ဆိုကြတာ နှိုင်းယှဥ်ကြည့်စရာ သမိုင်းဖြစ်စဥ် တခုလို့ဆိုရမှာပါ။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ ကမ္ဘာမှာ စစ်အေးတိုက်ပွဲက အရှိန်ပြင်းထန်ချိန်၊ အနောက်အုပ်စုလို့ ယေဘုယျခေါ်ကြတဲ့ အမေရိကန်ပြည်ထောင်စု ခေါင်းဆောင်တဲ့ အနောက်ဥရောပ အရင်းရှင်နိုင်ငံတွေ အနေနဲ့ ကွန်မြူနစ်နိုင်ငံ မဖြစ်ရေးသာ အဓိက၊ ကွန်မြူနစ်၊ လက်ဝဲအစိုးရသာမဟုတ်ရင် ဘယ်လို စစ်ခေါင်းဆောင်ဖြစ်ဖြစ် ထိတွေ့ဆက်ဆံနိုင်တဲ့ အနေအထားမျိုး ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။ အ
ရှေ့တောင်အာရှမှာ စစ်အာဏာရှင်တွေ အာဏာရတာ အုပ်ချုပ်တာ ပြဿနာမဟုတ် ဆိုဗီယက် ရုရှား၊ တရုတ်နဲ့ မဟာမိတ်ဖွဲ့တဲ့ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံ မဖြစ်ရင်ပြီးရော ဆိုတဲ့ ရပ်တည်ချက်နဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို အနောက်နိုင်ငံတွေက မထောက်ခံသည့်တိုင် မကန့်ကွက်ခဲ့ကြပါဘူး။
၆၂ ခုနှစ် အာဏာသိမ်း စစ်ကောင်စီကလည်း တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမရှိသလို ဆိုဗီယက်ပြည်ထောင်စုနဲ့လည်း မဟာမိတ် မဟုတ်တာကြောင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ် ဖြစ်စေ၊ စစ်ကောင်စီ ဖြစ်စေ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တရားဝင်ဆက်ဆံရေးတွေ ဆက်လက်ထိန်းသိမ်းထားခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရပြီး တပါတီစနစ်နဲ့ သွားဖို့ ပြင်ဆင်နေတာ ၁၉၆၆ ခုနှစ်ထိတိုင်ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းမှုကို မူအရ ရပ်တည်ကန့်ကွက်ခဲ့ကြတဲ့ အင်အားစုဆိုလို ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေသာ ရှိခဲ့ပြီး အာဏာသိမ်း စစ်တပ်ကလည်း ၁၉၆၂ ခုနှစ် ဇူလိုင်လ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦ ဗုံးခွဲကာ ကျောင်းသား ရာချီသေဆုံးခဲ့တဲ့ ဆဲဗင်းဂျူလိုင် အရေးအခင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို ကျောင်းသားအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကသာ တည့်တည့်လင်းလင်း ဆန့်ကျင်ခဲ့ကြပြီး မြေပေါ် အင်အားစုလို့ဆိုနိုင်တဲ့ နိုင်ငံရေးအင်အားစုတချို့က အာဏာသိမ်း စစ်ကောင်စီက ဆိုရှယ်လစ်စနစ်ကို အမှန်တကယ် အကောင်အထည်ဖေါ်လိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့ အထိ အကဲခတ်လွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။
၁၉၆၂ စစ်အာဏာသိမ်းမှုကနေ ပြည်သူပိုင်သိမ်းခြင်း၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီလုပ်ငန်းတွေကို နိုင်ငံပိုင် သိမ်းတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုက မြန်မာနိုင်ငံအဖို့ ပြည်တွင်းစစ်ကို သက်တမ်းရှည်စေဖို့ အကြောင်းရင်းတခုလည်း ဖြစ်စေခဲ့သလို နိုင်ငံရေးနယ်ပယ်မှာ စစ်တပ်က အာဏာရယူမယ့် အစဥ်အလာကို စတင်အမြစ်တွယ်စေခဲ့တာလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar