ပုဏ္ဏားကျွန်းဇူးဝေ - ပြောပြချင်တယ် မခင်စိန်(၆)
ပြောပြချင်တယ် မခင်စိန်(၆)
ပုဏ္ဏားကျွန်းဇူးဝေ
(မိုးမခ) မတ် ၃၊ ၂၀၂၅
ကြည့်စမ်းပါဦး မခင်စိန်
ဒီမှာပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်နေတယ်
ဟိုမှာအနာဂတ်တွေ တစ်ဘဝပြီးတစ်ဘဝ
ကြွေလွင့်ပိတ်မှောင်သွားကြပေါ့
ရင်ဘတ်တွေလည်း နွမ်းလျကြေမွလို့
ခင်မင်သူတွေရဲ့အနမ်းတွေကို
ပန်းကြွေကောက်သလို ကောက်မရတဲ့အခါ
အခါကြီးနေ့ကြီးရက်တွေမှာ
တောင်းတဲ့ဆုတွေလည်း
ပြည့်မယ်မထင်ဘူး မခင်စိန် ..
နော် ....။
တွေးကြည့်ရင် ဖြစ်တယ်မှုကိုနှမြောတယ်
ကံကြမ္မာကိုအပြစ်တင်ရင်လည်း
ကိုယ်တွေဟာ လူညံ့ပေါ့
ကြိုးစားခွင့်တောင်မရှိတဲ့ဘဝမှာ
စနစ်တကျ တည်ဆောက်ခဲ့သလိုမျိုး
မလုပ်နိုင်ခဲ့ဘူး
မတရားအမိန့်အာဏာရဲ့လမ်းမှာ
ပန်းတိုင်ကို ကမ်းကပ်နိုင်ဖို့စိတ်နဲ့
အာဏာစင်ကို ဓားတင်ခဲ့သူပါ မခင်စိန်။
ကိုယ့်ဘာသာကိုယ်နားလည်တဲ့စကားလုံးတွေနဲ့
တိုင်းပြည်ကို အတင်းစည်းလုံး
ဘူတာအိုဟာ ငိုကြွေးရုံကလွဲ၍
ဘယ်ရထားမှ ဆိုက်လာမှာမဟုတ်ဘူး
ဒီလိုနဲ့ အဝေးရောက်တွေက
မိသားစုကိုလွမ်း၍ တမ်းတတဲ့အခါ
ဒီရာစုမှာ အင်တာနက်မရှိပါ ဖုန်းလိုင်းမရှိပါ
လူကြုံနဲ့သတင်းစကားပါးရအောင်းလည်း
ပြန်စရာ ရွာမရှိတော့တဲ့အခါ
ဗုံးဒဏ်ထိသွားတဲ့ရွာဟာလည်း
အဝေးရောက်တွေကို
မမျှော်တတ်တော့ဘူး မခင်စိန်။
နွေဦးမှာပွင့်နေကျ
ကံ့ကော်ပင်ကြီးဟာလည်း
ရိုးတံပြိုင်ပြိုင်နဲ့ပါလား မခင်စိန်
ရွာဦးမှာ တေးဆိုဖူးတဲ့အချိန်တွေဟာ
သိပ်လွမ်းစရာပေါ့....။
ဘာပဲဖြစ်ဖြစ်
ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေအတွက်
တေးကဗျာတစ်ပုဒ် သီဆိုဖို့ ငါပြန်ရဦးမယ်
ဘာဘဲဖြစ်ဖြစ်
သူရဲကောင်းတွေရဲ့ နှလုံးသားကို
သေရှာစိုက်ကြည့်ပြီး
အလေးပြုဖို့ ငါပြန်ရဦးမယ်
ဘာပဲဖြစ်ဖြစ်
ဒဏ်ရာရ ရဲဘော်သူရဲကောင်းနဲ့
တညလုံးထိုင်စကားပြောဖို့ ငါပြန်ရဦးမယ်
အဲဒီညဟာ
ကြယ်တွေ လတွေ စုံတဲ့တညပေါ့ မခင်စိန်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar