ကိုသန်းလွင် - ဆိတ်ငြိမ်ခြင်း
ကိုသန်းလွင် - ဆိတ်ငြိမ်ခြင်း
(မိုးမခ) မတ် ၁၀ ၊ ၂၀၂၅
( ၁ )
လူသားဟူ၍ ဖြစ်ပေါ်လာရန် စကြဝဠာကြီး၏ အစမှာ ဘစ်ဘင် (Big Bang) ကြီးတွင် အခြေခံသည်ဟု သိပ္ပံပညာရှင်များက သဘောတူညီကြပါသည်။ ထိုဘစ်ဘင်သည် အသံမထွက်သည့် ပေါက်ကွဲမှုကြီး ဖြစ်သည်ဟု ပုံ ဖော်နေကြပါသည်။ သဘာဝကြီးတွင် ထိုအချိန်က အသံကူးပြောင်းသွားစရာ ကြားခံနယ်မရှိသေးပါ။ ပတ်ဝန်းကျင်တခုလုံး လေဟာနယ်ဖြစ်နေပြီးရေ၊ မြေ၊ လေ စသည့် ကြားခံအရာ ဘာမှမရှိသေးသော အခြေအနေ ဖြစ်ပါသည်။ ထိုသို့ အသံမထွက်သည်ကို အသံထွက်သကဲ့သို့ ပြောခြင်းမှာ နာမည်မှား၍ပေးခြင်း ဖြစ်ပါသည်။
လူတို့၏ ကြားနိုင်စွမ်းပေါ်တွင် မူတည်၍ ဆိတ်ငြိမ်ခြင်း (Silence) ဖြစ်ပေါ်ခဲ့ရာ ထိုအကြောင်းအရာပေါ် တွင် မူတည်၍ လူတို့၏ အသံကြားခြင်းဆိုင်ရာပြပွဲ (The exhibition Of Silence) တစ်ခုကို ပဲရစ်မြို့ Cite des Sciences of del industries) တွင် ယမန်နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှ စတင်၍ ယခုနှစ်သြဂုတ်လအထိ ဖွင့်လှစ် ကျင်းပလျက်ရှိပါသည်။ အလားတူပြပွဲတစ်ခုကို ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့တွင် ၂၀၁၈ နိုဝင်ဘာလ ၉ ရက်မှ ၂၀၁၉ ခု ဇူလိုင်လ ၂၀၁၉ အထိ ကျင်းပခဲ့ဖူးပါသည်။
( ၂ )
လွန်ခဲ့သော ရာစုနှစ်အတွင်းက ဆူညံနှုန်း တဖြည်းဖြည်း မြင့်မားလာခဲ့ရာ ထိုအသံတို့အပေါ် သမိုင်းအမြင်၊ အသံတို့ကြောင့် လူတို့ ကျန်းမာရေး ထိခိုက်ရပုံအကြောင်းကို ပြသခြင်း ဖြစ်ပါသည်။ ဘစ်ဘင်၏နာမည်မှား၍ ခေါ် ခြင်းမှာလည်း လူတို့သည် အသံများမရှိသော လောကကိုမမြင်နိုင်ပုံကို ရည်ညွှန်းနေပါသည်။ အသံ ၏ပမာဏကို ဒက်စီဘယ် (Decibel) များဖြင့် တိုင်းတာခဲ့ကြပါသည်။ လမ်းများတွင် ကားတို့သွားသည့် အသံများထွက်ပေါ် ခဲ့ရာ အဆိုပါဆူညံသံသည် ဆိတ်ငြိမ်ခြင်းကို အစားထိုးခဲ့ပါသည်။
ငြိမ်သက်ခြင်းဆိုသောစကားလုံးသည် လက်တင်ဘာသာ Silentium မှ လာပါသည်။“တစုံတယောက်မှစကား ပြောဆိုခြင်းမရှိ” ဟူသော သဘောဖြစ်သည်။ အသံမရှိ ငြိမ်သက်ခြင်းကို ဗြိတိသျှစာရေးဆရာမ ဆာရာ မိတ်လင် (Sara Maitland) က “A book of Silence” အမည်ဖြင့် စာအုပ်တအုပ်ရေးခဲ့ရာသူက Skye ကျွန်းပေါ် မှ အိမ်တလုံးတွင် တစ်ယောက်တည်းနေထိုင်ခဲ့ရပုံများကို ရေးပြထားပါသည်။ သူမက ငြိမ်သက်ခြင်းသည် “ဘာမှမရှိခြင်းကို ပြဆိုခြင်း မဟုတ်။ ၎င်းမှာ အရာများဖြင့် ပြည့်နေသော နေရာ” သာဖြစ်သည်ဟု ရေး သား ဖော်ပြခဲ့သည်။
ထို့ပြင် ၂၀၁၃ ခုနှစ်က ကရိုက် (Inke Kirite) ၏တွေ့ရှိချက်များမှာ ကြွက်များကို တနေ့လျှင် ၂ နာရီမျှ ငြိမ်သက်စွာ၊ ဘာသံမှမကြားရသောနေရာမှာထားခြင်းဖြင့် သူတို့ဦးနှောက်တွင် ဆဲလ်နျူရုန်းများတိုးပွားလာကြသည်ဟု ဆိုသည်။ ကြွက်များ၏ ဟိုက်ပိုသားလမတ် (Hypothalamus ) တွင် နျူရုန်းများတိုးလာခြင်းမှာ ထိုနေရာသည် သူတို့၏သင်ကြားခြင်း၊ မှတ်ဉာဏ်နှင့် ခံစားချက်များကိုထိန်းချုပ်သောနေရာ ဖြစ်သည်။ ဦးနှောက်သည် အပိုအလုပ်များကင်းစင်သွားသောအခါ သူ့ဘာသာသူ ပြန်၍စီစဉ်နေရာချထား စုစည်းနိုင်ခြင်းကို ပြသည်။
လုံးဝ အသံကင်းမဲ့၍ ငြိမ်သက်သောနေရာမှာ တခါတရံ အရှာရခက်ပါသည်။ ၂၀၁၃ ခုနှစ်က ခရစ္စကိုဖာ နှိုက် (Chirstopher Knight) သည် မိန်းပြည်နယ်မှ တောထဲတွင် ၂၇ နှစ်ကြာမှ တယောက်တည်း နေခဲ့သည်။ သူ့အိမ်မှ လိုက်လံရှာဖွေရာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပြီး သူ့ကားနှင့် နောက်ဆုံး သူ စားသောက်သွားသည့်အကြွင်းအကျန်များကိုသာ တွေ့ရသည်။ သူသည် အနီးအနားအိမ်များမှ စားစရာများကို ခိုးယူ စားသောက်နေသည်။ သူက အနှောင့်အယှက်ကင်းစွာ တစ်ယောက်တည်းနေလိုရင်းဖြစ်သည်ဟု နောင်အခါ ရှင်းပြသည်။ သူသည် ရဲအဖမ်းခံရပြီး ထောင် ၇ နှစ်ကျသည်။ သူ ခိုးယူသည့်ပစ္စည်းများတွင် ရေဒီယိုတစ် လုံးနှင့် နားကြပ်တစ်စုံပါဝင်သည်။
ပြပွဲစီစဉ်သူတို့က မိတ်လင်နှင့် နိုက်တို့ အတွေ့အကြုံမှ လူတို့၏စိတ်ငြိမ်ရာနေရာရှာကြပုံများကို သိရှိရာမှ ပြပွဲစီစဉ်ရန် စိတ်ကူးရကြသည်ဟု ဆိုပါသည်။
အသံ ဆူညံခြင်း ဆိုရာ၌ မကောင်းသောအဓိပ္ပာယ်များ ပါဝင်နေသည်။ အော်ဂလီဆန်ခြင်းနှင့် စိတ်ဒုက္ခပေး ဆိုသော အဓိပ္ပာယ်များ ပါဝင်ပါသည်။ အသံဟု ဆိုရာ၌ ကျယ်လောင်သော ဆူညံခြင်းဖြစ်စေ၊ တိုးတိုးညင်သာသော ဆူညံခြင်းဖြစ်စေ အန္တရာယ်ရှိသည်သာ ဖြစ်သည်။ ဆူညံသော အသံများဖြင့် နေရခြင်းသည် နှလုံးကို (attack) ရစေသည်။ တခါတရံ ဘာသံမှ မကြားရခြင်းကို အကျဉ်းသားများအား နှိပ်စက်ရာတွင် အသုံးပြုသည်ဟု ကြားရဖူးသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းသည်မှာ ဥရောပတိုက်တွင် အသံကြောင့် နှစ်ပေါင်း တသန်းမျှသော ကျန်းမာသည့် ဘဝများဆုံးရှုံးရသည်ဟုဆိုသည်။ အသံနှင့်ပတ်သက်၍ အငြင်းအခုံဖြစ်ရပြီဆိုလျှင် များသောအားဖြင့် တရားရုံးမှာ ဖြေရှင်းရသည်။ ဆိတ်ငြိမ်ရာကိုရှာသည့် လူပေါင်းများစွာမှာ တရားအား ထုတ်သည့်စခန်းများသို့ သွားနေကြသည်။
ပြပွဲလာသူများကိုနားကြပ်ကို တပ်ဆင်စေပြီး ပြခန်းများသို့ သွားလာစေပါသည်။ ထိုနားကြပ်ကို ပြခန်းများရှိ Sensor များကရှာဖွေပြီး ဆိုင်ရာအသံများကို ကြားစေသည်။ အမြင်ကြောင့်မဟုတ်ဘဲ ကြားရသည့် အသံနှင့်ပင် လှုပ်ရှားမှုကိုဦးဆောင်သည်။ လူက လျှောက်ဝင်လိုက်သည်နှင့် လေတိုက်နေသော တောတန်း၊ ခြေထောက်က စနိုးထဲတွင်လမ်းလျှောက်တိုးဝင်သွားရပုံများ၊ သင်သည် လျှောက်သွားရင်းဖြင့် ငြိမ်သက်ခြင်းအကြောင်းကို တွေးတောနေမိပါလိမ့်မည်။ သင်ရောက်ရသောနေရာ ပတ်ဝန်းကျင်တို့က သင့်ကိုငြိမ်သက်ခြင်းအကြောင်း ပြောပြကြပါသည်။
အသံကိုဘယ်လို တိုင်းတာသည် ဆိုခြင်းကို ခံစားမိနေပါသည်။ ထို့နောက် အသံမည်မျှကျယ်လောင်သည် ဖြစ်စေ သင်နားယဉ်သွားပုံကို တွေ့ရပါလိမ့်မည်။ ထိုအခါ ငြိမ်သက်ခြင်းသည် တဖြည်းဖြည်းနှင့် ဝေးကွာသွားရပုံကို တွေ့ရပါလိမ့်မည်။ ရာစုနှစ်အတွင်း အသံများ တဖြည်းဖြည်းပျောက်သွားပုံ၊ အသံ၏အကျိုး ကျေးဇူးနှင့် အန္တရာယ်ဖြစ်ပေါ်ပုံ၊ သင်က လိုက်ကာတခုကို တိုးဝင်လိုက်သည်နှင့် မစ္စတာနိုက် ကြုံတွေ့ရသော နေရာများကို မြင်ယောင်မိပါလိမ့်မည်။ တဖြည်းဖြည်းရှေ့တိုးသွားသောအခါ မိတ်လင်၏လေတဟူး ဟူးတိုက်နေသော ပင်လယ်ကမ်းစပ်က အိမ်ကလေးထဲတွင် ခံစားရသလို ခံစားနိုင်ပါသည်။
မိတ်လင်တွေ့ရှိခဲ့သလိုသဘာဝကြီးမှာ ကျယ်လောင်လှသည်။ ရေတံခွန်များမှ ရေစီးကျသံ၊ ကားလမ်းမကြီးမှာ အမြဲဆူညံနေပြီး ပင်လယ်ရေပြင်အောက်မှာလည်း ငြိမ်သက်သည့်အချိန်ဟူ၍ မရှိပါ။ ရေသံ၊ လှိုင်းသံများ တိရစ္ဆာန်များ၏အသံမျိုးစုံတို့ဖြင့် ဆူညံနေသည်။ မနီးဆိုတားပြည်နယ် Orfield Laboraties မှ တည် ဆောက်ထားသော (anechoic chamber) မှာ ကမ္ဘာပေါ်ရှိ နေရာများထဲတွင် အငြိမ်သက်ဆုံးနေရာဟု ဆိုရိုးရှိပါသည်။ ဟာလီ ဒေဗီဆင် (Harley Davidson) မော်တော်ဆိုင်ကယ်များမှ ဆူညံသံကို တိုင်းတာလေ့ရှိသည်။ သို့သော် ဤအခန်းမှာ အသံအားလုံး၏ ၉၉ ဒသမ ၉ ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်ပါသည်။ ထိုအခန်းထဲ ရောက်သွားသည့်အခါ အချိန်အနည်းငယ်ကြာပြီဆိုသည်နှင့် သင်၏နှလုံးခုန်သံကိုပင် ကြားနိုင်သွားသည်ဟု ဆိုကြပါသည်။
လူတို့သည် ဆိတ်ငြိမ်ခြင်းနှင့် သဘာဝအားဖြင့် ဆန့်ကျင်သည်ဟုဆိုနိုင်ပါသည်။ အပြင်မှာ ငြိမ်သက် နေသော်လည်း ရင်တွင်းမှာကျယ်လောင်စွာ အော်ဟစ်နေတတ်သည်။ ထိုအသံတို့သည် စိတ်ဓာတ်၏အရင်းခံစိတ်ခံစားမှုမှအသံများ ဖြစ်ကြပါသည်။ အချို့ဘာသာရေးလိုက်ရာသူတို့က ထိုအသံတို့ကို နားထောင်ကြသည်။ ကြည်ညိုကြသည်။ တခါတရံ စိတ်ကိုချောက်ချားစေတတ်သလို၊ တခါတရံ စိတ်ကိုအေးချမ်းတည်ငြိမ်စေသည်။ ထို့ကြောင့် အပြင်ပအသံများနှင့် အတွင်းက ထွက်လာသောအသံတို့ ခြားနားချက်မှာ သေးငယ်လှပါ သည်။
လူသည် ငြိမ်သက်ခြင်းကိုအလိုရှိသော်လည်း စင်စစ်မှာ ကျယ်လောင်သောအသံကို နှစ်ခြိုက်ကြသည်။ ပြပွဲမှာ ဂျွန်ကေ့ချ် (John Cage) ၏တီးဝိုင်းမှ ဆင်ဖိုနီတေးသံဖြင့် ထွက်ခွာခဲ့ရသည်။ ဂျွန်ကေ့ချ်၏တီးဝိုင်းသံမှာ တခါတရံ သူ၏ကိရိယာများကိုမလှုပ်မခတ်ဘဲ သူ့အတိုင်းပစ်ထားသောအချိန်များရှိသည်။ ထိုအခါမျိုးမှာ ပရိ သတ်၏ချောင်းဆိုးသံ၊ တီးတိုးပြောသံ နောက်ဆုံးတော့ ရယ်သံများလည်း ကြားရသည်။ သင်သည် ပြပွဲမှ ငြိမ်သက်ခြင်း၏ စွမ်းအင်ကို သိခဲ့ရပါသည်။
( ၃ )
ဒိုင်ယာနာပါရီ (Diana Parry) ဆိုသော ဗြိတိန်ပြည်မှ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးကြီးတစ်ယောက်သည် (Tenzin Palamo) ဟူသော အမည်ဖြင့် ဟိမဝန္တာ၌ အမြင့်ပေ ၁၃၂၀၀ ရှိ အုတ်ဂူငယ်ကလေးတစ်ခုအတွင်းဝယ် ၁၂ နှစ်ကြာအောင် တစ်ဦးတည်းနေခဲ့သည်။ သူ၏နေထိုင်ခြင်းမှာ အိန္ဒိယအစိုးရ၏မီဇာပြဿနာကြောင့် ရုတ်တရက်ရပ်ဆိုင်းသွားရသည်။ သူ့ဂူတွင် အိပ်စရာ နေရာမရှိပေ။ တထိုင်စာ နေရာကလေးထဲတွင် တချိန်လုံးနေခဲ့သည်။ သူ၏ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများအပြင် ဆိတ်ငြိမ်ခြင်း၏ အဓိပ္ပာယ်ကို သိရှိရန် ဖြစ်သည်။ တနှစ်လျှင် ၈ လကြာအောင် ရေအေးခဲနေပြီး သုညအောက် ၃၅ ဒီဂရီတွင် ငြိမ်သက်မှုမှာ မတွေ့ချင်၍မရ၊ အမြဲတိတ်ဆိတ်နေသည်။
သူသည် ဤနေရာတွင် သူမ၏ စွမ်းအင်နှင့်အချိန်များကို အရေးကြီးသည့် တရားအားထုတ်ခြင်းတွင် လုံးဝအာရုံစိုက်နိုင်ခဲ့သည်။ သူမသည် သူမ၏အတွင်းကမ္ဘာကို ရှာဖွေခြင်း ဖြစ်သည်။ ဤကမ္ဘာကြီးသည် ကြီးမားကျယ်ပြန့်ပြီး အံ့သြဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ကို ငြိမ်သက်သည့် ပတ် ဝန်းကျင်တွင် ငြိမ်သက်ခြင်းဖြင့် ရှာဖွေရမည်ဖြစ်ပါသည်။ ဆိတ်ငြိမ်ရာကိုချဉ်းကပ်ခြင်းဖြင့် လူ့ဝိညာဉ်၏ အေးချမ်းရာ ထာဝရငြိမ်းချမ်းခြင်းကိုရနိုင်လိမ့်မည်ဟု ယုံကြည်ခြင်း ဖြစ်ပါသည်။
ကိုသန်းလွင်
Ref: Stillness of heart, Can you experience silence? By Laura Spinney Nature 6 February 2025.
-
t.me@moemakaPlease show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar