ဘထွေးညို - "ရွှေကြေးစည်တီးလို့သတိပေးချင်သော်လည်း"
"ရွှေကြေးစည်တီးလို့သတိပေးချင်သော်လည်း"
ဘထွေးညို
(မိုးမခ) မတ် ၁၀၊ ၂၀၂၅
လွန်ခဲ့တဲ့နှစ်ပေါင်းသုံးလေးဆယ်ကျော်လောက်တုန်းကရေဒီယိုခေတ်ဆိုတော့ နိုင်ငံတကာသတင်းတွေကို မနက်တစ်ကြိမ် ညတစ်ကြိမ်နားထောင်ကြလေ့ရှိပြီးနိုင်ငံတကာသတင်းတွေနားထောင်တဲ့သူအချင်းချင်းစုမိကြရင် နိုင်ငံတကာရေးရာအကြောင်းစပ်မိစပ်ရာတွေပြောဖြစ်ကြတယ်။ အခုခေတ်စကားနဲ့ပြောရရင် လက်ဘက်ရည်ဆိုင်မှာ ပွားကြတာပေါ့ဗျာ။
ကမ္ဘာပေါ်မှာဖြစ်ပျက်လှုပ်ရှားနေတဲ့စစ်ရေးနိုင်ငံရေးတွေကို သတင်းထောက်တွေက အပြေး အလွှားလိုက်လံသတင်းယူပြီး မြင်ကြားတွေ့သိတာတွေကို ရေးသားကြ။ ပြီးမှတဖန်အဲဒီ သတင်းတွေကို စုပေါင်းလို့ သူ့ကဏ္ဍနဲ့သူကျွမ်းကျင်ကြတဲ့သူတွေက အကိုးအကားအချက်အလက်တွေနဲ့ဝေဖန်ကြပေါ့။ ပြောရရင် အဲဒီခေတ်အခါတုန်းကသတင်းဝေဖန်ချက်တွေရေးတဲ့သူနဲ့ပြောတဲ့သူရော နားထောင် ဖတ်ရှုကြတဲ့သူတွေရော အားလုံးအေး အေးဆေးဆေးဗျ။
ဒါပေသိ အခုကျတော့လည်း မြန်ဆန်လွန်းတဲ့သတင်းဆက်သွယ်ရေးခေတ်ကြီးမို့ အရင်နဲ့မတူတော့ပါကလား။ သတင်းတွေက ၂၄ နာရီတောက်လျှောက်တက်နေပြီး ရှေ့ကသတင်းကိုအာရုံစိုက်နေတုန်း နောက်ကသတင်းအသစ်တစ်ခုကပေါ်လာပြန်တဲ့အခါ သတင်းစိတ်ဝင်စားတဲ့ကျုပ်တို့မှာလည်းစဉ်းစားတွေးခေါ်ချိန်လေးတောင်မရတော့ပါဘူး။ ဦးနှောက်ထဲမှာအကုန် လုံးဒရောသောပါးဖြစ်ကုန်ရင်း ဘာမှမမှတ်မိတော့တဲ့အပြင် ရှေ့ ကအသစ်ပေါ်လာတာနဲ့ နောက်ကဟာတွေလည်း အော်တိုမစ်တစ်မေ့ကုန်ပါလေရော။ နို့ပြီး အေအိုင်၊ အေအိုင်နဲ့ တအေအိုင်တည်းအေအိုင်ဖြစ်နေတဲ့အချိန်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တက်လာတာတိုက်ဆိုင်နေတော့ ဘာဖြစ်မယ်မှန်းမသိ၊ ထူးခြားလှတယ်၊တစ်ခုခုတော့ တစ်ခုခုပဲ။ ငါတို့ကမ္ဘာရွာကြီးမှာ ရွာသူနှောက်ရှက်ပြီး အပူတိုက်တော့မယ်ထင်ရဲ့လို့ပဲ မအူမလည်နဲ့တွေးမိလိုက်သဗျ။
"That is Not Normal (ပုံမှန်မဟုတ်ဘူးတဲ့)"
ဟိုတစ်နေ့တုန်းက ထရမ့်က သူ့အစိုးရတက်လာပြီး ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်မှာမိန့်ခွန်းပြောတယ်။ ခန်းမထဲကို သူဝင်လာတော့ သူ့နောက်ကနေပြီး ဒီမိုကရက်အမတ်တစ်ယောက်က That is Not Normal လို့ ရေးထားတဲ့ဂျပ်စက္ကူလေးထောင်ပြထားတယ်။ ပုံမှန်မဟုတ်ဘူးပေါ့။ ကျုပ်တို့ကျောင်းသားတုန်းက စာသင်ခန်းထဲမှာတစ်ယောက်ကို တစ်ယောက်ချောက်ချကြတဲ့အကွက်မျိုးပဲဗျ။
ဒါပေတဲ့ထရမ့်ကဂရုစိုက်တာမဟုတ်ဘူး။ အချိန်အကြာဆုံးစံချိန်တင်ပြီးမိန့်ခွန်းကိုချွေတော်မူတယ်။ ရှေ့က သမ္မတအဆက်ဆက်ပြောခဲ့တဲ့မိန့်ခွန်းတွေထက်အချိန်ပိုကြာပြီး နှာတစ်ဖျားသာမက ခေါင်းတစ်ခုလုံးကျော်သွားတဲ့အထိ အသာစီးယူချလိုက်တယ်။ ပြီးတော့သူမိန့်ခွန်းပြောနေတုန်း ဆူညံအနှောင့်အရှက်ပေးနေတဲ့ ဒီမိုကရက်အမတ်တွေကို လုံခြုံရေးအစောင့်တွေခေါ်ပြီး အပြင်ကိုဆွဲထုတ်ခိုင်းသတဲ့။ ခပ်ကြမ်းကြမ်းပဲ။ သူ့ရှေ့ကသမ္မတအဆက်ဆက်မှာ အဲသလိုမျိုးအကြမ်းအရမ်းတွေမရှိခဲ့တာမို့ ဪ ဟော် ဟော် ခင်ဗျားတို့ဆီမှာလည်း ဒီလိုရှိသကိုးလို့ပဲတွေးလိုက်ရတော့တာပဗျာ။
နို့ပြီး သူ့မိန့်ခွန်းကလည်း သူဘယ်သို့ဘယ်ညာလုပ်ခဲ့ကြောင်းတွေကိုပဲ ရွှန်းရွှန်းဝေနေပြီး ရှေ့မှာဘာလုပ်မယ်ဆိုတဲ့အကြောင်းတွေ တစ်ခုမှမပါဘူးတဲ့။ ကြည့်ရတာတော့ ကိုယ်တော်ကြီးက ငါဘုရင်ပဲ ဘယ်နှပတ် ပတ်ပတ်ဆိုတဲ့မူကို အကောင်အထည်ဖော်လိုက်ဟန်တူပါရဲ့။ လွှတ်တော်နှစ်ရပ်စလုံးမှာ သူ့ရဲ့ရီပတ်ဘလီကင်တွေကအားကောင်းနေတော့ ဒီမိုကရက်အမတ်တွေလည်း မလှုပ်သာဘူး။ အဲသလိုသူမိန့်ခွန်းပြောနေတုန်းမှာပဲ သူ့လူရီပတ်ဘလီကင်တွေကလက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ဝှဲချီးဩဘာပေးကြပြီး ဂိတ်ဆုံးအထိရောက်အောင် ဝိုင်းအုံလို့ ဘုံမြှောက်ပေးလိုက်ကြတယ်။ အဲဒါကို ဘယ်သူဘာပြောချင်သေးလဲ။
"ရူးချင်တာပါပဲကွာ"
သမ္မတဒေါ်နယ်ထရမ့်က ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့ရဲ့ကုန်ပစ္စည်းတင်သွင်းမှု စည်းကြပ်အခွန်တိုးကောက်မယ့်ကိစ္စကို ရက်ရွှေ့ဆိုင်းလိုက်တယ်ဗျ။ စောစောတုန်းက ချက်ချင်းလက်ငင်းဆော်တော့မလိုလိုဖြစ်နေလို့ ပျာယာခတ်ကုန်ပြီး ကနေဒါကလည်း ပြန်ခြင်းလေးခပ်ပြီးလက်တုန့်ပြန်ဖို့ စီစဉ်ထားတယ်။ နိုင်တာမနိုင်တာ အပထား၊ပါးကိုက်ရင် နားကိုက်ကြရမှာပဲမဟုတ်လား။ အခုအဲသလို ဆိုင်းငံ့ထားလိုက်ပြန်တော့ မက္ကဆီကိုနဲ့ ကနေဒါတို့ခမျာ သမ္မတကြီးကိုးဇူးတင်ပါတယ်လို့ပြောရပြန်ရော။ ဒါပေတဲ့ သတ်မှတ်ရက်ကျော်လွန်ရင် ဘယ်လိုလုပ်ဦးမလဲမသိနိုင်ဘူး။ သူ့စိတ်က ခန့်မှန်းရခက်လို့ ရင်တထိတ်ထိတ်နဲ့နေရတော့မှာပ။
အလားတူပဲ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံလည်းစိတ်ရှုပ်ပြီးပျာတောက်ကုန်တယ်။ ဒီနှစ်နိုင်ငံရဲ့ရန်ကိုကာကွယ်ဖို့အတွက် အမေရိကန်တပ်တွေကိုချပေးထားရတာဖြစ်လို့ အဲဒီအတွက် ပိုက်ဆံပေးသင့်တယ်လို့ လေသံပစ်လိုက်တာကိုးဗျ။ စိတ်မရှုပ်ဘဲဘယ်နေပါ့မလဲ။ စကတည်းကအခမဲ့ကာကွယ်ပေးထားတာဖြစ်ပြီးပိုက်ဆံပေးဖို့စာချုပ်ထဲမှာမပါပါဘူး။ ဒါပေတဲ့ ထရမ့်က စာချုပ်ကိုဂရုမစိုက်ရင် မခက်ပါလား။ ဒါက နိုင်ငံအချင်းချင်း ပေါ်ပေါ်တင်တင်ငွေညှစ်လိုက်တဲ့သဘောပဲ။ ဂျပန်ဝန်ကြီးချုပ်လည်း ဒီကိစ္စအတွက်ဦးနှောက် ခြောက်နေသတဲ့။ နိုင်ငံခေါင်း ဆောင်မဟုတ်ဘဲ သာမာန်အရပ်သားလိုသာဆိုရင်တော့ လက်ဘက်ရည်ဆိုင်မှာ ခေါင်းတဗျင်းဗျင်းကုပ်ရင်း ငါတော့ရူးချင်တာပါပဲကွာလို့ ညည်းရှာကြမယ်ထင်ရဲ့။
"စဉ်းစားဦးမယ်"
ယူကရိန်းသမ္မတဇာလန်းစကီးက ထရမ့်ရဲ့စီစဉ်မှုအောက်မှာ ယူကရိန်းရုရှားငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှာဖြစ် ကြောင်း အကြောင်းကြားလိုက်တယ်။ နိုင်ငံငယ်လေးဖြစ်တော့ ရေရှည်မှာတင်းမခံနိုင်တော့ဘူးပေါ့။ ဥရောပခေါင်းဆောင်တွေက ဇာလန်းစကီးကို ထရမ့်နဲ့ပြန်လည်ဆွေးနွေးကြဖို့ တိုက်တွန်းကြတယ်။ ဒီတော့ဇာလန်းစကီးက အိမ်ဖြူတော်ကို သွားတဲ့အခါ ဗြိတိန်ဝန်ကြီးချုပ်ကီယာစတာမာနဲ့ ပြင်သစ်သမ္မတ အီဖန်နျူရယ်မက်ခရွန်တို့ကို သူနဲ့အတူလိုက်ပါစေချင်တယ်။
အရေးဟဲ့အကြောင်းဟဲ့ဖြစ်လာတဲ့အချိန်မှာ ရပ်ကွက်ထဲက သိက္ခာသမာဓိရှိတဲ့ ရပ်ကွက်လူကြီးတွေကိုအားကိုးသလိုမျိုးပေါ့ဗျာ။ အဲဒီလိုကျတော့လည်း ကီယာစတာမာနဲ့ မက်ခရွန်တို့က စဉ်းစားဦးမတဲ့။ ပုံမတော်သူတို့ပါလာမှ ထရန့်က သူ့အကျင့်အတိုင်း ဟိန်းလားဟောက်လားလုပ်ရင် သူတို့ပါ ကြားကနေအချောင်ခံလိုက်ရပြီး အရှက်ဗျန်းဗျန်းကွဲမှာကိုများ ကြိုပြီးတွေးလိုက်လေသလားပဲ။
"မပိုင်ရင် ခြင်တောင်မရိုက်ရဲ"
ဒီလိုအချိန်မှာရုရှားက ယူကရိန်းကိုဒုံးကျည်တွေ၊ဒရုန်းတွေနဲ့တိုက်ခိုက်တယ်။ အမေရိကန်က ယူကရိန်းကိုအကူအညီပေးတာတွေ ခေတ္တခဏ ဟပ်ဖ်တိုင်းနဲ့ရပ်ဆိုင်းထားတဲ့အချိန်မှာ အခွင့်ကောင်းယူလိုက်သလိုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ကိုယ့်ဖက်က အထက်စီးကနေ ဆွေးနွေးဖို့အတွက် ကြိုတင်ပြီးတစ်ကွက်နင်းကြည့်လိုက်တဲ့သဘောပဲ။
အဲတော့ ထရမ့်လည်းမနေသာတော့ပဲ ရုရှားက စစ်မြေပြင်မှာ တိုက်ခိုက်နေရင်တော့ ငြိမ်းချမ်းရေးနဲ့အပြီးသတ်ဖြေရှင်းရေးသဘောတူညီချက် မပြီးမချင်း ရုရှားအပေါ်ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်မှုတွေ၊ပိတ်ဆို့အရေးယူမှုတွေနဲ့အခွန်စည်းကြပ်မှာတွေအပါအဝင် အကြီးစားအရေးယူမှုတွေလုပ်ဖို့ပြင်းပြင်းထန်ထန်စဉ်းစားနေပါတယ်။ ရုရှားနဲ့ယူကရိန်း အချိန်မနှောင်းခင် ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဆီကို လာကြပါတဲ့။
ခက်တာက ရုရှားကလည်း နဘေးကဘာညာပြောနေကြပေမယ့် ထရမ့်ကို သိပ်ယုံကြည်တာမဟုတ်ဘူး။ သူ့အတွက် ငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိမှလာမယ်လို့ စောစောက တည်းကကြိုပြောထားနှင့်တယ်။ အမှန်တော့ရုရှားကလည်း လက်နက်ကယ်အစုံနဲ့ ဆော်ဟယ်နှက်ဟယ်လုပ်နေပေမယ့်သူ့မလည်းရန်ဘက်တွေကအများကြီးမို့ မပိုင်ရင်ခြင်တောင်မရိုက်ရဲတဲ့ ကိန်းဆိုက်နေတာဗျ။
"လာပြီ လာပြီဥရောပ"
ရုရှားယူကရိန်ကိစ္စမှာ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေခွာပြဲကုန်ကြတယ်။ အဲတော့ အမေရိကန်ကိုအားကိုးမနေကြတော့ဘဲအီးယူ ၂၇ နိုင်ငံတွေကဘီလီယံ ၈၀၀ ကျော်သုံးမယ့်လက်နက်ထုတ်လုပ်မှု ပရောဂျက်ကို သဘောတူလိုက်ကြတယ်။ အဲဒီလက်နက်တွေကို ဥရောပမှာရှိတဲ့ လက်နက်ကုမ္ပဏီတွေက လက်နက်တွေအမြန်ဆုံးထုတ်လုပ်ကြမှာတဲ့။ ဒီတော့ ဂျိုးဘိုင်ဒင်လက်ထက်တုန်းက ဥရောပနိုင်ငံတွေဆီကနေ လက်နက်ထုတ် လုပ်ဖို့စာချုပ်တွေရနေတဲ့ အမေရိကန်က လက်နက်ကုမ္ပဏီတွေလည်း ပွပေါက်တွေပိတ်သွားပါရော။ ဆန့်ကျင်ဘက်အနေနဲ့ ဥရောပလက်နက်ကုမ္ပဏီတွေရဲ့ ရှယ်ရာဈေးတွေ ထောင်တက်သွားတယ်။ ဥရောပနိုင်ငံခေါင်းဆောင်တွေက အမေရိကန်မပါဘဲနဲ့ ရုရှားကိုနှိမ်နင်းမယ်လို့ပြောလိုက်တယ်။ ကဲ ဘယ့်နှယ်ရှိစ၊ ဂျာမဏီပါတဲ့ဥရောပ တစခန်းထလာတော့မယ့်ပုံပဲဗျ။
"လေးခင်းပြတဲ့တရုတ်"
တရုတ်နိုင်ငံရဲ့ ဥရောပရေးရာ အထူးသံတမန်လူရှေးက အမေရိကန်ဟာ ရုရှဘက်ယိမ်းရုံတင်မဟုတ်ပါဘူး။ ယူကရိန်းငြိမ်း ချမ်းရေးသဘောတူညီချက်ကို အမေရိကန်နဲ့ရုရှနှစ်နိုင်ငံတည်းနဲ့မဆုံးဖြတ်သင့်ပါဘူး။ ထရမ့်အစိုးရရဲ့ပေါ်လစီဟာ ဥရောပကိုပြောင်ပြောင်တင်းတင်း လျစ်လျူထားတာမြင်ရမှာပါ၊ ဒီလိုမျိုးဆက်ဆံတာဟာ တကယ့်ကိုတုန်လှုပ်စရာပဲလို့ အချွန်နဲ့ မ လွှတ်ပေးလိုက်တယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ယိမ်းတယ်ဆိုပြီး တရုတ်ကိုရှုံ့ချကြတယ်။ အခုထရမ့်ကိုကျတော့ မရှုံ့ချကြတော့ဘူးလားလို့မေးခွန်းထုတ်လိုက်တယ်။ ဒီအတွက်အူတူတူ အတတ လိုလုပ်နေတဲ့တရုတ်ကို ရိုးပါ့ရွာစားရာလို့ပဲ ပြောလိုက်ချင်ပေရဲ့။ တရုတ်က သူ့ရဲ့ဈေးကွက်ကြီးက ဥရောပမှာ ရှိနေတော့ လက်လွှတ်မခံရဲဘဲ ဖြစ်နေတာကိုပေါ်လွင်နေတယ်။
ပြီးတော့တရုတ်က အမေရိကန်နဲ့ရုရှားတို့ရဲ့အခက် ငါတို့အချက်ပဲလို့တွေးပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကို စည်းကြပ်ခွန်တိုးမြှင့်လိုက်တဲ့အချိန်မှာ အမေရိကန်တွေလိုချင်တာက စစ်ပွဲဆိုရင် စည်းကြပ်ခွန်စစ်ပွဲဖြစ်ဖြစ်၊ ကုန်သွယ်ရေးစစ်ပွဲဖြစ်ဖြစ်၊ ဘယ်လိုစစ်ပွံမျိုးပဲဖြစ်ဖြစ်ကျုပ်တို့က အဆုံးထိတိုက်ဖို့အသင့်ပဲတဲ့။ ဇာတ်ထဲမှာလိုဆိုရင်တော့ တရုတ်ရဲ့ကြိမ်းဝါးချက်ဟာ လေးခင်းပြလိုက်တာပါပဲ။
ဒါပေသိ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်က အမေရိကန်က တရုတ်နဲ့စစ်ဖြစ်ဖို့ ကြိုးပန်းနေတာမဟုတ်ဘဲ စစ်တပ်ကိုပြန်လည်တည်ဆောက်ပြီး စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ကြောင်း ပညာသားပါပါတုန့်ပြန်လိုက်တော့ တရုတ်ရဲ့လေးခင်းပြလိုက်တာက တို့လို့တန်းလန်းကြီးဖြစ်သွားပြီး ချက်ချင်းလေသံပျော့ကြသွားတယ်။ ဘယ်သူမှ အနိုင်မရနိုင်တဲ့ စစ်ပွဲတွေကို မတိုက်သင့်ဘူးတဲ့။
"မန်းနီးမိတ်ရဲဗရီးသင်း"
လူတစ်ဦးချင်းကိစ္စမှာ ငွေဟာ ဒုတိယဘုရားသခင်လို့ဆိုနိုင်ပေမယ့်နိုင်ငံတွေအတွက်တော့ ရွာကအနဲကြီးပြောသလို မန်းနီးမိတ်ရဲဗရီးသင်းပဲဗျ။ ပိုက်ဆံပေါတဲ့နိုင်ငံက ထိပ်တန်းမှာရှိနေတယ်။ အစိုးရတွေလည်း တည်ငြိမ်ပြီး ခဏခဏပြုတ်ကျစရာမလိုတော့ဘူး။ ဒါကြောင့်မို့ တစ်နိုင်ငံက တစ်နိုင်ငံကိုတိုက်ခိုက်ကြတဲ့ကိစ္စမှာ သူ့ဘာသာ ဘယ်လိုအကြောင်းပြချက်တွေပေးပေးလိုရင်းက အတိုက်ခံရတဲ့တိုင်းပြည်က သယံဇာတတွေကို မျက်စိကျနေလို့ဖြစ်တယ်။ သဟာတွေ ကိုယ့်လက်အောက်ရောက်လာခဲ့ရင် ဆယ်သက်စားမကုန်လောက်အောင်အချီကြီးပွသွားပြီပေါ့။ နို့ပေမယ့်ထင်သလောက်ဘယ်လွယ်ပါ့မလဲ။ စစ်တိုက်ကြတယ်ဆိုတာ လူ့အသက်ပေါင်းများစွာစတေးပြီး ပိုက်ဆံတွေသောက်သောက်လဲကုန်ကျမှာကိုးဗျ။
ဒီတော့ ကမ္ဘာမြေကြီးကဒေါကန်တော့မယ်။တရိစ္ဆာန်တွေလောက်တောင်အသိဥာဏ်မရှိတဲ့လူတွေ၊ဤကမ္ဘာမြေမှာ နေစရာပေးပြီး စားစရာတွေအလျံပယ်ပေးထားပေမယ့် အေးအေးချမ်းချမ်း သက်တန်းစေ့အောင်မနေချင်ကြဘဲတိုက်ကြခိုက်ကြလုပ်နေကြရင်လည်းရပါတယ်၊ငါကတော့အကုန်ဝါးမြိုပစ်လိုက်ရုံပဲလို့ပြောလိုက်လေမလားမသိ။ မဟာပထဝီမြေကြီးပေါ်မှာရှိနေကြတဲ့သက်ရှိသတ္တဝါဘယ်သူမဆို အသက်ပျောက်သွားရင် မြေတွင်းထဲသက်ဆင်းကြရစမြဲပဲ။ မန်းနီးမိတ်ရဲဗရီးသင်းလည်း ဘာမှမတတ်နိုင်တော့ဘူးဗျ။
"ရွှေကြေးစည် အီဟီဟီ. ."
ယူကရိန်းကိစ္စကိုအကြောင်းပြုပြီး အမေရိကန်၊ရုရှား၊ ဥရောပနဲ့တရုတ်ရယ်လို့ တကယ့်ဟဲဗီးကြီးတွေလေး ပွင့်ဆိုင်တည်ရှိနေကြတယ်။ သူရို့အားလုံးက ကမ္ဘာမှာအင်အားအကြီးဆုံးတွေဖြစ်ပြီး သူတို့အချင်းချင်းလည်း ဘယ်သူ့ဘယ်သူကိုမှမယုံကြဘူး။ ဒါကြောင့်မို့ တစ်နေရာက စစ်မီးထတောက်လိုက်တာနဲ့ အပြန် အလှန်တွယ်ကြရင် တတိယကမ္ဘာစစ်ထဲကို တစ်ချီတည်းနဲ့တန်းရောက်သွားနိုင်မယ့်အဖြစ်ပေပဲ။
ကိုရင်မူးကတော့ ကြားရတာ နားဝမှာမချမ်းသာ ကျုပ်သာအစွမ်းရှိရင်ဖြင့် အဲသည် လေးပွင့်ဆိုင် ဆရာကြီးများရှိရာကို ပိတ်ဖြူစင်ကြယ်လေးဝတ်ပြီးအမြန်သွားချင်လိုက်တာ။ ပြီးမှဆရာကြီးတွေ ငြိမ်းချမ်းရေးအသိဝင်သွားအောင် တူဝေဝေ ရွှေကြေးစည် အသံလေးပေးရင်း ရွှေမန်းဦးတင်မောင်ရဲ့ စကြဝဠာ ကမ္ဘာမြေမဆုံးထိုးဖောက်လို့ ကြားရပါလိမ့်မည် ရွှေကြေးစည်လို့ဟစ်လိုက်ချင်တာပါပဲ ဘထွေးရာတဲ့။
အဲသမှာတင် ကျုပ်လည်းမနေသာတော့ဘဲ မိုက်ပါ့ကိုရင်မူးရယ်၊စိတ်ကူးယဉ်တယ်ဆိုတာ တော်ရုံ တန်ရုံလောက်ပဲကောင်းပါတယ်။ ငါတို့မှာ သူတို့ဆီကိုသွားပြီးရွှေကြေးစည်တီးလို့သတိပေးဖို့နေနေသာ အပြေး အလွှားတွေနဲ့ဗိန်းဗောင်းတိုက်နေတဲ့ခေတ်ကာလကြီးနဲ့တည့်တည့်တိုးမိရဲ့သားဖြစ်နေလို့ကြေး စည်ရောတီးတဲ့ တင်းပုတ်လေးရော ဘယ်နားပစ်ထားခဲ့မိမှန်းတောင်မသိတော့ဘူးဟ လို့ပဲပြောလိုက်ရတယ်။ ရွှေကြေး စည်တီးလို့သတိပေးဖို့ဆိုတာက လွယ်တာမဟုတ်ဘူးဗျ။
(ဤတွင်ကားလိပ်ချ)
ဘထွေးညို
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar