မောင်လူမွှေး - လူသတ်ကောင်ခိုင်းတာ မလုပ်တဲ့သူ
မောင်လူမွှေး - လူသတ်ကောင်ခိုင်းတာ မလုပ်တဲ့သူ
(မိုးမခ) မတ် ၂၆၊ ၂၀၂၅
၂၀၂၅၊ မတ်လ ၂၂ ရက်နေ့မနက်ပိုင်းမှာ နွေရာသီမြူတွေက ဆိုင်းလို့ပါ။ ပတ်ဝန်းကျင်ကအုန့်မှိုင်းပြီး လေထုဟာ လတ်လတ်ဆတ်ဆတ်မရှိဘူးလို့ ခံစားရပါတယ်။ ဒီအထဲမှာမှ အသံချဲ့စက်သံက မောင်လူမွှေးကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကုသိုလ်လုပ်ရာမှာ အသံချဲ့စက်နဲ့တွဲလုပ်တာကို ဘယ်သူက စတင်ခဲ့သလဲမသိပါဘူး။ စစ်ကောင်စီက လေကြောင်းကနေ မထင်ရင်မထင်သလို ကြဲချနေတဲ့ကြားက အသံချဲ့စက်ပါအောင် ထည့်တာကို ချီးကျူးရမလိုတောင် ဖြစ်နေပါတယ်။ ဓလေ့ဆိုတာလည်း ကောင်းကောင်း၊ဆိုးဆိုး ပျောက်နိုင်ခဲပေတာကိုး။ တချို့ဓလေ့တွေကို ဘာသာတရားမှာ စွဲမြဲနေအောင် ချည်နှောင်ထားကြတာလည်း လူတွေပါပဲ။
အဲဒီ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်း လေယာဥ်သံကို မကြားလိုက်ရပေမယ့် အသံချဲ့စက်သံကြားထဲကနေ ဗုံးကွဲသံကိုတော့ ကြားလိုက်ရပါတယ်။ ဖုန်းလိုင်းတွေအားလုံးလည်းပြတ်တောက်နေပါတယ်။ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာ။ အထိအခိုက်တော်တော်များတယ်ဆိုတဲ့ သတင်းကို ကနဦးစကြားရပါတယ်။ နေ့အပူရှိန်ဟာ တဖြည်းဖြည်းမြှင့်တက်လာပါတယ်။
ခဏကြာတော့ ပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဆေးခန်း။ ဆရာဝန်မိသားစု။ CDM ဆရာဝန်နှင့် ကိုယ်ဝန်ဆောင်ထားတဲ့ ဆရာ့ဇနီး။ သားလေးတစ်ယောက်။ ဗိုက်ထဲကရင်သွေးရောဆိုရင် ဆရာဝန်မိသားစုလေးယောက်တဲ့။ နွေရာသီနေ့လယ်ခင်းဟာ အုန့်မှိုင်းပိတ်လှောင်ပြီးပူနေပါတယ်။ မီးလောင်နေတယ်။ မီးလောင်ပြီး ပြိုကျနေတဲ့အောက်မှာ မလှန်ရသေးဘူးတဲ့။ ဆေးရုံကဆင်းခါစ မောင်လူမွှေးဇနီးက နေ့လယ်ခင်းမှာ ကြက်သီးတွေထနေပါတယ်။
နွေရာသီ မွန်းလွဲချိန်ဟာ နေ့လယ်ခင်းထက် ပိုပူတတ်ပါတယ်။ မနက်ကနေ နေ့လယ်ပိုင်းအထိ အပေါ်ကနေသာ ပူပေမယ့် မွန်းလွဲပိုင်းမှာတော့ အပေါ်ကရော၊ အောက်ကရော၊ ဘေးကရော ပူတော့တာပါပဲ။ ဆေးခန်းလာပြနေတဲ့ မိသားစုသုံးယောက်နဲ့ နောက်ထပ်မြေးအဖွားနှစ်ယောက်။ ဆေးခန်းဘေးက ကလေးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်။ စုစုပေါင်းဆယ့်တစ်ယောက်တဲ့။
ညနေခင်း နေဝင်ခါနီး နေလုံးဟာ နီရဲလို့။ လက်ပံပင်၊ ထန်းပင်၊ မြူခိုးနဲ့ တောင်တန်းကိုကျော်ပြီး ဝင်လုဆဲနေကိုကြည့်ရတာ လွမ်းဆွေးစရာကောင်းပါတယ်။ မောင်လူမွှေးလို ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာခဲ့ရသူအဖို့ ပိုလွမ်းစရာဖြစ်မယ်ထင်ပါတယ်။ စစ်ကောင်စီရဲ့ လက်ချက်နဲ့ တစ်မိသားစုလုံး အသက် ကြွေပျက်ခဲ့ရတဲ့ CDM ဆရာဝန်တို့ ဇနီးမောင်နှံဟာလည်း အရပ်တစ်ပါးကပါပဲ။ သူတို့လည်း လွမ်းခဲ့ကြမှာသေချာပါတယ်။
မြို့ပေါ်က ဆရာဝန်တချို့ ကားတွေတဝီဝီစီးပြီး စီးပွားရှာနေကြတဲ့အချိန်မှာ ဆရာတို့မိသားစုကတော့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီကုသပေးရင်း ဘဝတွေနိဂုံးချုပ်ခဲ့ရပါပြီ။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူသတ်ကောင်ပါ။ အပြစ်မဲ့ပြည်သူတွေကို ပေါ်ပေါ်တင်တင် လေယာဥ်နဲ့ဗုံးကြဲသတ်ဖြတ်နေတဲ့ လိုင်စင်ရ လူသတ်သမားပါ။ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်တယ်ဆိုတာ လူသတ်ကောင်ခိုင်းတာကို လုပ်ပေးနေရတာပါပဲ။လွတ်မြောက်နယ်မြေမှာ ခက်ခဲဆင်းရဲမှုတွေကြုံရပေမယ့် လူသတ်ကောင်ရဲ့ အခိုင်းခံဘဝမဟုတ်တာတစ်ခုနဲ့တင် ကိုယ့်ဘဝကိုယ် လေးစားလို့ရပါပြီ။
"ဆရာက လူနာတွေကို အရမ်းငဲ့တာ"၊ "လူနာတွေကို ပစ်ပြီးမသွားနိုင်ဘူးလို့ပြောတာ" ၊ "ဆရာ ဆရာဝန်ဖြစ်အောင် ဆရာ့အမေက ရုန်းကန်ကြိုးစားခဲ့ရတာတဲ့"၊ " လေယာဥ်တွေတော်တော်ကြဲလာတော့ ဆေးခန်းကို နေရာပြောင်းဖွင့်ရမယ်နဲ့ ပြောနေတာ "။ ဆရာနဲ့နီးစပ်သူတွေရဲ့မှတ်ချက်စကားတွေ အခင်းဖြစ်ပွားပြီးနောက်တစ်နေ့ မတ်လ ၂၃ ရက်နေ့မှာ မောင်လူမွှေးကြားရပါတယ်။
ဒေါက်တာမြစိုးအောင်နဲ့ မခိုင်နှင်းဝေတို့ မိသားစုကို ဒေသခံပြည်သူတွေကတော့ လေးစားသမှုနဲ့အမြဲအမှတ်ရနေကြမှာဖြစ်ပါတယ်။ အဲ့လိုအမှတ်မယ့်သူတွေထဲမှာ မောင်လူမွှေးလည်း ထိပ်ဆုံးကပါ ပါတယ်။ လူသတ်ကောင်ရဲ့လက်အောက်မှာ မနေခဲ့တဲ့သူ။ လူသတ်သမားတစ်စုကြောင့် ဒုက္ခရောက်နေသူတွေကို ကယ်တင်ခဲ့တဲ့သူ။ မောင်လူမွှေး မလေးစားပဲ မနေနိုင်ပါဘူး။ လေးစားမှု၊ဝမ်းနည်းမှု ၊ ဂုဏ်ယူမှု၊ ဂါရဝတရား တွေနဲ့ပဲ ဆရာတို့ဇနီးမောင်နှံကို နူတ်ဆက်လိုက်ပါတယ်ဆရာ။ ဆရာတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ဒေသခံတွေရဲ့ နာကြည်းမှုက စစ်အာဏာရှင်ပြုတ်ကြရေးမှာ အားတစ်ခုဖြစ်စေမှာပါ ဆရာခင်ဗျား...။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar