Breaking News

စစ်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ပွားနေချိန် နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၄ မြင်ကွင်း

မိုးမခ၊ မတ် ၂၅ ၊၂၀၂၅


စစ်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ပွားနေချိန် နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ 

တနိုင်ငံလုံး အနှံ့အပြား စစ်ပွဲ၊ ဖမ်းဆီးသတ်ဖြတ်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ ဖောက်ခွဲမှု၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားနေချိန် အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် နေပြည်တော်တွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းကို မတ်လ ၂၄ ရက်နေ့မှစတင်ကာ ၃ ရက်တာကျင်းပတဲ့ အကြောင်း သတင်းတွေ ဖော်ပြထားကြပါတယ်။ 

တဖက်မှာ နေ့စဥ် မြန်မာနိုင်ငံ ဒေသအနှံ့အပြားက ကျေးရွာတွေ၊ မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး တဖက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်း ကျင်းပနေတာက ရှေ့နောက်မညီတဲ့ အဖြစ်၊ သဘောထားမမှန်တာကို ဖော်ညွှန်းနေတာလည်း ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်းကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC လို့ အမည်ပေးထားတဲ့ စစ်ကောင်စီအစိုးရအဖွဲ့ထဲက ဒုဗိုလ်ချုပ်ကြီးတွေ ဦးစီးတဲ့ ကော်မတီက ကမကထလုပ်ပြီး နေပြည်တော် MICC 2 လို့ ခေါ်တဲ့ ဆွေးနွေးပွဲတွေ ညီလာခံတွေကျင်းပတဲ့ ခန်းမမှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒီအဆောက်အဦမှာ ယခင် NLD ဦးဆောင်တဲ့ အစိုးရလက်ထက်က ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံတွေလည်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းမှာ အထက်က စစ်ကောင်စီ အစိုးရအဖွဲ့ထဲက ဒုဗိုလ်ချုပ်ကြီးတွေ ဦးစီးတဲ့ NSPNC ရဲ့ ရုံးကို အဆိုပါ MICC 2 မှာ ဆိုင်းဘုတ်တင်ခဲ့တာလည်း တွေ့ရပါတယ်။ 

အတိုကောက် NSPNC ဆိုတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဆိုတာ အမှန်တကယ်တော့ စစ်တပ်ရဲ့ တာဝန်ထမ်းဆောင်နေဆဲ ဗိုလ်ချုပ်တွေ ဦးဆောင်ပြီးဖွဲ့စည်းထားတာ ဖြစ်လို့ ရပ်တည်ချက်က စစ်တပ်ဘက်က ၁၀၀ ရာနှုန်းရှိနေတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ဖို့သော်လည်းကောင်း အခြားသော ညှိနှိုင်းဆွေးနွေးမှုတွေမှာ အာဏာသိမ်းစစ်အစိုးရ ကိုယ်စားရပ်တည်ပြီး တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီအနေအထားက ဒီကော်မတီကို လွတ်လပ်တဲ့ ကော်မတီအဖြစ် ဘယ်လိုမှ ယူဆလို့မရနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ 

အခုလို ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲတွေ ကျင်းပခြင်းဟာ စစ်ကောင်စီအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို လက်နက်ချဖို့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ဆိုတဲ့ ကမ်းလှမ်းချက်ထက် ဘာမျှ မပိုတာ တွေ့ရပါလိမ့်မယ်။ 

အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်ဆိုခဲ့ရင် စစ်တပ်က နိုင်ငံရေးကနေ ကင်းကင်းနေဖို့ လိုပါတယ်။ စစ်အာဏာသိမ်းခြင်းဟာ နိုင်ငံရေးအာဏာကို ၁၀၀ ရာနှုန်းရယူလိုခြင်းကြောင့် အာဏာသိမ်းခဲ့တာ အားလုံး သိတဲ့ ရှင်းလင်းနေတဲ့ ကောက်ချက် တခုဖြစ်ပြီး စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ ထွက်ခွာခြင်း မပြုဘဲ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ ကြိုးစားမှုတွေက အောင်မြင်စရာ အခွင့်အလမ်း မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတချို့ ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ NSPNC က ကော်မတီဝင် လက်ရှိဗိုလ်ချုပ်တွေ နဲ့ ဗိုလ်ချုပ်ဟောင်းတွေက အများစုတက်ရောက်ကြတာ တွေ့ရပါတယ်။ ဒီနယ်ပယ် ၃ ခုအပြင် စီးပွားရေး လုပ်ငန်းရှင်အချို့ကိုလည်း ထည့်သွင်းဖိတ်ကြားထားတာ တွေ့ရပါတယ်။ 

၃ ရက်ကြာမြင့်မယ့် စကားဝိုင်း ဆွေးနွေးပွဲတွေဆီက ဘာရလဒ် ထွက်ပေါ်လာမယ် ဆိုတာ တိတိကျကျ မသိပေမယ့် စစ်တပ်အနေနဲ့ နိုင်ငံရေးအာဏာကို ထိန်းချုပ်ထားချင်တဲ့ ဆန္ဒရှိနေသရွေ့ တိုင်းပြည်ငြိမ်းချမ်းဖို့ အလားအလာဝေးနေဦးမှာ ဖြစ်တာ အသေအချာဖြစ်တယ်လို့သာ ဆိုရမှာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာတရပ်ကတော့ ဧပြီလဆန်းပိုင်းမှာ ကျင်းပမယ့် BIMSTEC ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်မယ်လို့ ထိုင်းနိုင်ငံသတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီသတင်းဟာ ဒေသတွင်းနိုင်ငံတွေ ပါဝင်ကြတဲ့ အာဆီယံနဲ့ နိုင်ငံတနိုင်ငံချင်းက  အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်ကို တရားဝင် ဖိတ်ကြားခြင်း မပြုဘဲထားတဲ့ သဘောထား အားပျော့သွားတာလားလို့ မေးခွန်းထုတ်စရာလည်း ဖြစ်လာပါတယ်။ အာဆီယံ အနေနဲ့ အာဏာသိမ်းမှု ဖြစ်ပြီးခါစ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဂျာကာတာကို ဖိတ်ကြားပြီးနောက် စစ်အစိုးရရဲ့ ခေါင်းဆောင်မဆိုထားနဲ့ ဝန်ကြီးအဆင့်တွေကိုပါ သဘောတူညီချက် ၅ ချက် အကောင်အထည်မဖော်နိုင်သမျှ မဖိတ်ကြားဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခု BIMSTEC အဖွဲ့ကတော့ တောင်အာရှလို့ ခေါ်ဆိုတဲ့ အိန္ဒိယနဲ့ အနီးတဝိုက်က နိုင်ငံတွေ အဓိက ပါဝင်ကြပြီး မြန်မာ ထိုင်း စတဲ့ နိုင်ငံတွေပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အာဆီယံရဲ့ မြန်မာစစ်အစိုးရအပေါ် ဆုံးဖြတ်လုပ်ဆောင်ချက်က အခု BIMSTEC နဲ့ တိုက်ရိုက် မသက်ဆိုင်သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူဝင်ဆန့်အောင် ခွင့်ပြုတဲ့ သဘောလား ဆိုတဲ့ မေးခွန်းကတော့ရှိနေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် အနေနဲ့ အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေးကို အာရုံမစိုက်နိုင်ချိန်၊ ရုရှားနိုင်ငံက တရားဝင် ဖိတ်ကြားတဲ့ ခရီးစဥ်အပြီး သံတမန်ရေးအရ အောင်မြင်မှုတွေ ရလာတယ်လို့ မင်းအောင်လှိုင်အနေနဲ့ ယုံကြည်မှုတွေ ရလာချိန်မှာ သူကိုယ်တိုင်တက်ရောက်ပြီး သံတမန်ရေးအရ ဝင်ဆံ့ဖို့ ကြိုးစားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

တရုတ်နိုင်ငံက စစ်ကောင်စီကို နောက်က ရပ်ခံပေးပြီး ၄င်းတို့ ဖြစ်စေချင်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဖိအားပေးနေချိန်၊ ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲကနေ အသက်ရှူ အနည်းငယ်ချောင်လာချိန်မှာ တရုတ်နဲ့ ရုရှားကို မှီခိုကာ ပြည်တွင်းက လက်နက်ကိုင် တိုက်ခိုက်မှုတွေကို ကျားကန်ကာ နိုင်ငံတကာ  ဆက်ဆံရေးနယ်ပယ်မှာလည်း အသိအမှတ်ပြုမှုတွေ ရဖို့ မင်းအောင်လှိုင်ကြိုးစားလာနေတာ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ အနေနဲ့ သံတမန်ရေး၊ ပြည်တွင်းမှာ စစ်ကောင်စီကို ခုထက်ပိုပြီး စစ်ရေးနိုင်ငံရေး ဖိအားပေးနိုင်ရေးတွေကို အခုထက်ပိုပြီး ကြိုးပမ်းကြပါမှ အာဏာသိမ်း စစ်တပ်အနေနဲ့ အကျပ်အတည်းကနေ ထွက်ပေါက် မရမှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ မိမိတို့ဘက်မှာလည်း သဘောထား ကွဲလွဲမှုတွေ၊ စုစည်းညီညွတ်မှု အားနည်းတာတွေ ဆက်လက်ဖြစ်ပေါ်နေမယ်ဆို စစ်အာဏာရှင် အစိုးရကို အသက်ဆက်ဖို့ အခွင့်အလမ်းပေးသလို ဖြစ်မှာ အသေအချာပင် ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar