Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၂)






မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၂)

မိုးမခ ၊ မတ် ၂၆ ၊ ၂၀၂၅


မွေးနေ့အကြို၊ သုံးလလိုတွင်

စုကို ဘာကြောင့်ချစ်ကြသနည်း။


နှစ်စဉ်တိုင်းကျ၊ မွေးနေ့လှကို

ရွာမှ မြို့မှ၊ နိုင်ငံတကာ

တကမ္ဘာလုံး၊ အုတ်အုတ်ကျက်ကျက်

တခဲနက်မျှ၊ ဝိုင်းကျင်းပတာ

စုက တို့ကို ချစ် သော ကြောင့် ။ ။

စုက ပြည်သူကို ချစ်သောကြောင့်။ ။


စစ်ကိုင်းတိုင်း ကသာမြို့နယ်က စု ၈၀ ကြိုမွေးပွဲ မတ်လ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အလားတူ မတ်လ ၁၅ ရက်ကလည်း အမေရိကန်ပြည်ထောင်စုမှာ ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့် မွေးနေ့ပွဲကမ်ပိမ်းကို စတင် ပြုလုပ်နေပါပြီ။ အမေစုကို ကဗျာဆရာတွေက ချစ်ကြကြောင်း အရင်တပတ် "စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁)" မှာ ပြောခဲ့ပြီးပါပြီ။ ဘာကြောင့် ချစ်ကြတာလဲ။ အားလုံးသိပြီးသားပါ။ တခု စဉ်းစားမရတာက အမေစု မွေးနေ့ရက်မှာ ပန်းပန်သူ ပန်းရောင်းသူတွေကို ဖမ်းတာတွေကိုပါ။ ဒီအကြောင်းတွေကို ရေးထားတဲ့ စုမွေးနေ့ ဂုဏ်ပြုကဗျာတပုဒ်ကို ဖော်ထုတ်ပါမယ်။ ကဗျာဆရာ ငြိမ်းသစ် ရေးခဲ့တဲ့ ကဗျာပါ။ ဒီကဗျာကို အရင်တပတ် စုမွေးနေ့ကြို ကဗျာများ (၁) ရေးစဉ်က နောက်တပတ်မှာ ဖော်ပြပေးပါမယ်ဆိုပြီး ကျနော် ကြိုပြောထားခဲ့ပါတယ်။ အခု ဖော်ပြလိုက်ပါပြီ။


ဇွန် ၁၉


နေဝင်ရီတရောကို

အမေ ငေးမောနေလိမ့်မယ်။


တိမ်တွေဝေနေတယ်

ဝေနေတဲ့တိမ်တွေမှာ ပန်းရနံ့တွေဖြာနေမလား

တွေးမိတဲ့အခါ အမေ့ဆံနွယ်စမှာ

ပြာမှုန်တွေ တဖွားဖွားကျလာနေပေါ့။


ဘဝတလျှောက်လုံး ပန်းရောင်းလာသူက

အဲ့ဒီနေ့ကျမှ ပန်းရောင်းလို့ထောင်ကျ

ငါတို့မှာ ရယ်ရတာလည်း မောလှပြီ။


သနပ်ခါးလူးလို့ အဖမ်းခံရဘူးပြီ။

နန်းမဆန် ပန်းပန်ယုံနဲ့လည်း ထောင်ထဲရောက်ရ

ပန်းနဲ့ မပေါက် ပန်းနဲ့မချောက်ပဲ

ပန်းကိုကြောက်တဲ့ လူ့မိစ္ဆာတွေ

သင်တို့ဘဝတွေ ပန်းလိုမမွှေးကြစေနဲ့။


ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ

အော်ခဲ့တဲ့အမေတွေ ထောင်ထဲမှာတွေ့ရ

အဲ့ဒီအမေတွေက အမေ့ကိုချစ်တယ်။


တပ်မှူးဟောင်းတွေ

စစ်သားကောင်းတွေက အမေ့ကိုချစ်တယ်။


အလုပ်သမား လယ်သမား

ကျောင်းသားပြည်သူတွေက အမေ့ကိုချစ်တယ်။

ဆရာကြီးမင်းသုဝဏ်အစ

ဦးဝင်းတင် ဦးတင်မိုး ဘကြီးမိုးတို့အဆုံး

တတ်သိပညာရှင်တွေက အမေ့ကိုချစ်တယ်။

ကလေးတွေကလည်း အမေ့ကိုချစ်တယ်။


မုန်တိုင်းကြမ်းကြမ်း ငရဲခန်းမှာ

အမေဟာ စမ်းလျှောက်နေမှာ မဟုတ်ဘူး။

လမ်းပျောက်နေမှာ မဟုတ်ဘူး။


အခုမေမေဟာ

အကျဉ်းသားလား လူသားတံတိုင်းလား

ပြန်ပေးဆွဲခံရတာလား

အမုန်းဆိုတာ ကြောက်စိတ်ကလာတယ်လို့

အမေဆိုခဲ့။

အခုတော့ မေမေ့ရဲ့ ဖေဖေ့တပ်မတော်ကို

ကျွန်တော်တို့ မုန်းခဲ့ပါပြီ။ ။ 

(ငြိမ်းသစ်)


၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ပွဲမှာ ရွတ်ခဲ့တဲ့ ကဗျာဆရာ ငြိမ်းသစ်ရဲ့ ကဗျာပါ။

ဒီကဗျာလေးကို ဖတ်ပြီး အမေ့ရဲ့ မွေးနေ့တွေဟာ မွေးနေ့ရှင် မဲ့နေတတ်တာတွေ၊ အမေ့မွေးနေ့တိုင်းမှာ မြန်မာပြည်ကြီးဟာ ပန်းခင်းကြီး ဖြစ်သွားတာတွေ၊ အမေ့မွေးနေ့ ပန်းပန်လို့၊ ပန်းကိုင်လို့၊ ပန်းရောင်းလို့ ထောင်ကျနေခဲ့ရတဲ့ အစ်မတွေ၊ ညီမတွေ၊ အမေတွေကို သတိရနေမိတယ်။ စိုင်းထီးဆိုင် သီချင်းကလေးကိုလည်း သတိရနေပေါ့။


ပွင့်လန်းမဲ့ပန်းကို သူတို့ မို့တားချင်တာ (မောင်တူး)

ပန်းပွင့်တွေလှ၊ စိုးရိမ်စွသား

ပန်ကြခူးကြ၊ ပန်းအိုးလှမှာ

ဆံစဝေဆာ၊ ရောင်စုံဖြာရေး

ခွင့်မပေးပဲ၊ ဒဏ်ပေးငြူစူ

တားဆီးသူများ ဆိုးတကား။ ။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေဟာ မြန်မာပြည်ရဲ့ နေရာများစွာမှာ ကျင်းပခဲ့ကြသလို ကမ္ဘာတဝန်းမှာလည်း ကျင်းပခဲ့ကြတာပေါ့။ မွေးနေ့ပွဲတိုင်းမှာ ကဗျာမရွတ်ပေမဲ့ ကဗျာရွတ်ကြတဲ့ စုမွေးနေ့ပွဲတွေလည်း ရှိခဲ့ပ။ ဒါပေမဲ့ အမေ့မွေးနေ့ ကဗျာရွတ်ပွဲတွေကို သီးသန့်လုပ်ကြတာလည်း ရှိခဲ့။ အခုရေးပြချင်တာကတော့ စု ၇၈ မွေးနေ့ ကဗျာရွတ်ပွဲပါ။ ကဗျာဆရာနေမိုးညိုက ကဗျာရွတ်ပါတော့မယ်လို့ အခမ်းအနားမှူး ကဗျာဆရာ အေမွန်က ကြေညာလိုက်တော့ ဆရာနေမိုးညိုက သူ လေဖြတ်ထားတော့ စကားပြောရတာ တော်တော် အဆင်မပြေပါဘူး။ ဒါပေမဲ့ သူ ရေးထားတဲ့ အမေ့ဂုဏ်ပြုကဗျာကို ကြိုးစားပြီး ရွတ်မယ်။ သီးခံ နားထောင်ကြပါတဲ့။ သူ ဆက်ပြောတာက—

"ကျနော်တို့ အမေနဲ့ ဝေးနေတယ်။ အားလုံးကတော့ အမေ့ကို ချစ်ကြတဲ့ သူချည်းပဲလေ။ အဲ့တော့ အမေက ကျွန်တော်တို့နဲ့ အနားမှာ အတူရှိကြောင်း ဒီကဗျာလေးနဲ့ ပြောပြချင်ပါတယ်။ "


မျက်ဝန်းထဲကအမေ (နေမိုးညို)

ဘယ်ကိုရောက်နေနေ

မတ်မတ်ရပ်လိုက်

ခေါင်းကိုမော့ထား

နှုတ်ဖျားကနေ

အမေလို့ ခေါ်လိုက်

ခင်ဗျားမျက်ဝန်းထောင့်ကနေ

အမေဟာ သတ္တိအဖြစ်

တစိမ့်စိမ့်စီးဆင်း

ချက်ချင်း ရောက်လာမယ်။


ကဲ အမေရှိမှတော့

ဘာကို ကြောက်ဦးမလည်း

အောင်ပွဲအထိ တိုက်ရအောင်။ ။

ဒါက "တော်လှန်သူတို့ရဲ့ ရုန်ကန်သံ" လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကဗျာရွတ်ပွဲမှာ ကဗျာဆရာ နေမိုးညို ရွတ်ခဲ့တဲ့ စု ဂုဏ်ပြုကဗျာပါ။ ဒီပွဲမှာ ရောက်မလာနိုင်တဲ့ ကဗျာဆရာ တဦးကတော့ ဆရာကြည်မောင်သန်းပါ။ သူက ကွယ်လွန်ခဲ့ပြီလေ။ ဒါပေမဲ့ သူ သက်ရှိထင်ရှား ရှိစဉ်က အမေစုကို ဂုဏ်ပြုရေးသားထားတဲ့ ကဗျာကိုတော့ ကဗျာဆရာမ နေအေတီက အမေစုကို ဂုဏ်ပြု ရွတ်ဖတ်ခဲ့တယ်။ ကဗျာ ခေါင်းစဉ်က "မုဆိုးမစစ်တမ်း" ဖြစ်ပါတယ်။


မုဆိုးမစစ်တမ်း

စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေးဟာ

မုဆိုးမဘဝနဲ့ ဆယ်နှစ်ကျော် ကြာမှ

နောက်အိမ်ထောင်ပြုခဲ့တယ်။


သတင်းစာ ဆရာမကြီး လူထုဒေါ်အမာဟာ

မုဆိုးမဘဝနဲ့နှစ်ပေါင်းများစွာကြာမှ

ကွယ်လွန်ခဲ့တယ်။


ဂျက်ကလင်း ကနေဒီဟာ

မုဆိုးမ ဘဝနဲ့ တော်တော်ကြာမှ

သူဋ္ဌေးကြီး အိုနာစစ်နဲ့ လက်ထပ်ခဲ့တယ်။


ငါ့မိတ်ဆွေ မုဆိုးမ

နောက်အိမ်ထောင်ပြုပြီး မှ

သားတွေနဲ့အမွေကိစ္စ

တရားတပေါင်ဖြစ်ရတယ်။


အိမ်နားက မုဆိုးမ

သားလေးတက္ကသိုလ်ရောက်မှ

နောက်အိမ်ထောင်ပြုရရှာတယ်။


ငါ့မိန်းမလည်း

မုဆိုးမဘဝနဲ့ဆယ်နှစ်ကြာမှ

ငါနဲ့အကြောင်းပါခဲ့တယ်။


ငါ့အမေလည်း မုဆိုးမ

ငါ့ယောက္ခမလည်း မုဆိုးမ

ငါ့သူငယ်ချင်းအမေလည်း မုဆိုးမ

ကြည်အေးလည်း မုဆိုးမ

ကုတ်တနေးလဗ်လည်း မုဆိုးမ

ယိုကိုအိုနိုလည်း မုဆိုးမ


#ကမ္ဘာကျော် မုဆိုးမ

#ပန်းပွင့်လှလှတွေ ပန်လို့

#လောကဓံကို အန်တုဆဲ။


လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က

ငါ့အဒေါ် မုဆိုးမ

ယောက်ျားဆုံးလို့မှ ၆ လမပြည့်သေး

နောက်အိမ်ထောင်ပြုလိုက်ရတယ်

ကလေးတွေ တစ်ပြုံတစ်မနဲ့

လိုင်းခန်းက ဆင်းပေးရမှာ စိုးလို့ ။  ။

(လှသန်း) Idea မဂ္ဂဇင်း Nov , 2011

အခု ဂုဏ်ပြုဆောင်းပါးကို ပထမတုန်းကတော့ "တဦးတည်းသော ၃ လကြို မွေးနေ့ရှင်မဲ့ မွေးနေ့များ ပိုင်ရှင်" ဆိုပြီး ခေါင်းစဉ်နံမည် ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ "စုမွေးနေ့၈၀ကြိုကဗျာများ (၂)" နာမည် ပြန်ပြောင်းပါပြီး နောက်တပတ်မှာ ၃ ဆက်ရေးမှာမို့ပါ။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဂုဏ်ပြုပြီး ရေးသားတဲ့ ကဗျာ ဘယ့်ကလောက်များ ရှိမည်လဲ။ သိချင်မိ။ အခုထိတော့ ၁၂ ပုဒ်တွေ့ပါတယ်။ နောက်ထပ်ရှာရင် ထပ်တွေ့ဦးမှာပါ။ ပြီးခဲ့တဲ့ ဆောင်းပါး ၁ မှာ ကဗျာ ၆ ပုဒ် ဖော်ပြခဲ့တယ်။

အမေ (မိုးဃ်ဇော်)

မွေးနေ့ဆုတောင်း (မင်းသုဝဏ်)

စပယ်နွေဦး (အောင်ဝေး)

ခမ်းနားတဲ့လရောင်(အောင်ဝေး)

ထာဝစဉ် (တင်မိုး)

မီးလျှံထဲကကြာ (ဝင်းတင်) တို့ ဖြစ်ပါတယ်။

ဒီတပတ် အပိုင်း ၂ မှာတော့—

ဇွန် ၁၉ (ငြိမ်းသစ်)

မျက်ဝန်းထဲကအမေ (နေမိုးညို)

မုဆိုးမစစ်တမ်း (လှသန်း) တို့ကို ဖော်ပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည်နေတဲ့ နိုင်ငံက လူငယ်တယောက် (လင်းခါး) ကဗျာနဲ့ အမတ အမတေ အမေ (စောဝေ) ရဲ့ ကဗျာ ၂ ပုဒ်ကိုတော့ အပိုင်း ၃ မှာ စောင့်ဖတ်ကြပါ။ အခုနောက်ဆုံးကတော့ ကဗျာဆရာ သင့်သူရဲ့ "ပန်းပွင့်ကောက်ကြောင်း" ကဗျာကို ဖော်ပြပေးရင်း အပိုင်း ၂ အဆုံးသတ်မည်။ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်မြောက် ကဗျာရွတ်ပွဲမှာ ရွတ်ဆိုထားတဲ့ ကဗျာပေါ့။ အမေစုကို ပန်းနဲ့ တင်းစားပုံခြင်းဆိုရင် ကိုငြိမ်းသစ်ရဲ့ "ဇွန် ၁၉" ကဗျာနဲ့ စိတ်ကူး ခပ်ဆင်ဆင်တူပါတယ်။


ပန်းပွင့် ကောက်ကြောင်း 


ဒီမ‌နက်ပေါ့

ဂန်းတွေနဲ့ ခြောက်ပေမဲ့

ပန်းတွေက မကြောက်ဘဲပွင့်နေကြ။

အဆင်းကိုချုပ်လို့ရချင်ရမယ်

အချင်းကိုချုပ်လို့မရ

ရုပ်ကိုချုပ်လို့ရချင်ရမယ်

စိတ်ကိုချုပ်လို့မရ

ပန်းတွေကို ချုပ်နှောင်လို့ရကောင်းရမယ်

ရနံ့တွေကို ချုပ်နှောင်လို့ရရိုးလား။

လေရူးဟာ

နေရူး ဟာ

ဒီနွေဦးမှာ

ဘယ်လိုချွေခူးခူး ပုံဖျက်ဖျက်

ပန်း ဂုဏ်ကျက်သရေဟာ လျော့မသွား

ဘယ်လိုလုပ်ကြံလုပ်ကြံ

သရုပ်မှန်တဲ့ ပန်း

အပုပ်မဆန်တဲ့ပန်း

တော်လှန်တဲ့လမ်းမှာ

ဘယ်တော့မှ မနွမ်းဘူးဟေ့။

အဲ့ဒီပန်း ဟာ

နေဒဏ်လည်း မရွံ့

လေဒဏ် လည်းမလွန့်

စွန့်လွှတ်စွန့်စား

သူ့ဆီက အားတွေ‌တွေ့လား

‌တစ်တောလုံးဝေ

တစ်တောင်လုံး ရင့်

တစ်ပြည်လုံး ရဲရဲနီလို့ ပွင့်နေပြီ။

အဲ့ဒီပန်းဟာ

အဲ့ဒီ အမတ နှင်းဆီဟာ

အဲ့ဒီသံမဏိနှင်းဆီဟာ

အဲ့ဒီရဲရင့်နှင်း ဆီဟာ

ဘယ်နေရာရောက်ရောက်

ငါတို့ နှလုံးသားမြစ်ကို

တိုးယိုပေါက်စီး

ဘယ်လောက်ဝေးဝေး နီးတယ်ဟေ့။

မင်းတို့အာဏာရူးတွေမှတ်ထား

ပန်းတွေရဲ့ကောက်ကြောင်းမှာ

ဂန်းတွေကို မကြောက်ကြောင်း

၇၈ နှစ်တိုင်တိုင် သက်သေပြပြီးသားပါ။ ။ 

(သင့်သူ)

အမေစုမွေးနေ့ အထိမ်းမှတ် ပြုလုပ်တဲ့ တော်လှန်သူတို့ ရုန်းကန်သံ ကဗျာရွတ်ပွဲမှာ ကဗျာဆရာကြီးများ၊ အနုပညာရှင်များနဲ့အတူတူ ကဗျာရွတ်ခွင့်ရတဲ့အတွက် ‌ပွဲစီစဉ်သူ ကဗျာဆရာများကိုကျေးဇူးတင်ပါတယ်။ ဂုဏ်လည်းယူ ပီတိလည်းဖြစ်ရပါတယ် ခင်ဗျာလို့ ရေးထားပါသေးတယ်။ ဒီကဗျာကို သင့်သူ ဖေ့စ်ဘုတ်က ယူပါတယ်။

စုမွေးနေ့အား ကဗျာများဖြင့် လေးစားဂုဏ်ပြုခြင်း

ဆောင်းပါး အပိုင်း ၁ - ၂ မှာ အမေစု ဂုဏ်ပြုကဗျာ ၁၂ ပုဒ်ရှာတွေ့တယ်။ သင့်သူ ရဲ့ ပန်းပွင့်ကောက်ကြောင်း အထိ ကဗျာ ၁၀ ပုဒ် ဖော်ပြခဲ့ပြီ။ ဆရာလင်းခါးနဲ့ ဆရာစေဝေ တို့ရဲ့ ကဗျာ ၂ ပုဒ်ကို နောက်တပတ်ဖော်ပြပါမယ်။ စုကဗျာတွေ ထပ်ရှာပါဦးမယ်။ ကဗျာဆရာတွေဟာ တောကို စာဖွဲ့ ကာရန်ထည့်ကြတယ်။ မြို့ကို စာဖွဲ့ ကာရန်ထည့် ကဗျာစပ်ကြတယ်။ လူကို စာဖွဲ့ကြတာလည်း ရှိသပေါ့။ မကြာခင်ကပဲ အာဏာသိမ်းခေါင်းဆောင်ကို ဇမ်းတင်ပြီး ရေးထားတဲ့ ကဗျာတပုဒ် ပေါ်လာပြီး ပြောကြဆိုကြ ရှုတ်ချခဲ့ကြသေးရဲ့။ အခုတော့ စုတ်စုတ်မြုပ် ပျောက်သွားပါပြီ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု ကဗျာတွေကတော့ တပုဒ်ပြီး တပုဒ် တွေ့လာရပြီ။ ကျနော် ရှာတာပဲ ၁၂ ပုဒ် ရပြီ။ စု ၈၀ မှာ ကဗျာ ၈၀ အထိ တွေ့မည်လား။ ရှာကြည့်ကြရအောင်ပါ။

စုကိုဂုဏ်ပြု

ကဗျာစုမည်

ပေါင်းစု မည်မျှရမည်နည်း။ ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar