နှစ် ၈၀ ပြည့်ခဲ့တဲ့ တော်လှန်ရေးနေ့ နဲ့ သမိုင်းသင်ခန်းစာ
မြန်မာနွေဦးခရိုနီကယ် - မတ် ၂၇ မြင်ကွင်း
မိုးမခ၊ မတ် ၂၈၊၂၀၂၅
နှစ် ၈၀ ပြည့်ခဲ့တဲ့ တော်လှန်ရေးနေ့ နဲ့ သမိုင်းသင်ခန်းစာ
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဥ် ဂျပန်နိုင်ငံရဲ့ အရှေ့အာရှ နယ်မြေသိမ်းပိုက်ရေး မဟာဗျူဟာထဲပါဝင်နေတဲ့ မြန်မာနိုင်ငံကို ဂျပန်တပ်တွေက သိမ်းယူထားပြီး ဖက်ဆစ်စနစ်အောက်မှာ ၃ နှစ်ဝန်းကျင် နေခဲ့ပြီးနောက် ဗမာ့ကာကွယ်ရေး တပ်မတော် BDA တွေက အင်္ဂလိပ်တွေနဲ့ ပြန်ပေါင်းပြီး ဂျပန်ကို ပြန်တိုက်ခိုက်မှု စတင်တဲ့နေ့ကို တော်လှန်ရေးနေ့လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှာ စတင်ခဲ့ပြီး ဂျပန်တပ်တွေနဲ့ တွဲလျှက်ရှိနေတဲ့ ဗမာ့ကာကွယ်ရေးတပ်မတော်က စစ်တိုင်းတွေ ခွဲပြီး တပြိုင်နက်ထဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်စစ်တပ်ကနေ စစ်ပညာ သင်ယူခဲ့တဲ့ BDA ဟာ ဂျပန်စစ်တပ်ကို ပြန်တိုက်ခိုက်ရတဲ့ အဖြစ်က ရုတ်တရက် နားလည်ရခက်ခဲပါလိမ့်မယ်။ ၁၉၃၉ ဒုတိယကမ္ဘာစစ်ဖြစ်ပွားမလာမီကတည်းက လွတ်လပ်ရေး ရဖို့ လှုပ်ရှားနေကြတဲ့ ဒို့ဗမာအစည်းအရုံးက ဒုတိယ ကမ္ဘာစစ်ဥရောပမှာ တောက်လောင်လာနေချိန်မှာ အင်္ဂလိပ်အခက် ဗမာ့အချက် ဆိုတဲ့ အခွင့်အခါကောင်းကိုအသုံးချပြီး ကိုလိုနီအဖြစ် သွတ်သွင်းအုပ်ချုပ်နေတဲ့ဗြိတိသျှ အင်္ဂလိပ်တွေကိုရတဲ့နည်းနဲ့ တော်လှန်ဖို့ ဒို့ဗမာ အစည်းအရုံးဝင် လူငယ်နိုင်ငံရေးသမားတွေက ပိုင်းဖြတ်ထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝရန်းထုတ်ခံထားရတဲ့သခင်အောင်ဆန်းဟာ တရုတ်နိုင်ငံက မော်စီတုန်းဦးဆောင်တဲ့ ကွန်မြူနစ်ပါတီနဲ့ချိတ်ဆက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဖို့ရည်ရွယ်ကာ တရုတ်ပြည်ကို ဦးတည်ထွက်ခွာခဲ့ပါတယ်။ တရုတ်နိုင်ငံရောက်ပေမယ့် ကွန်မြူနစ်ပါတီနဲ့အဆက်အသွယ်မရဖြစ်နေချိန်မှာ အဆိုပါအခြေအနေတွေကိုသိရတဲ့ ဒေါက်တာသိမ်းမောင်က ဂျပန်နဲ့အဆက်အသွယ်ရဖို့ချိတ်ဆက်ပေးခဲ့ပြီးတရုတ်ပြည်မှာသောင်တင်နေတဲ့ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်ကို ဂျပန်အစိုးရရဲ့ထောက်လှမ်းရေးတွေနဲ့ ချိတ်ဆက်မိပြီး ဂျပန်နိုင်ငံကို ရောက်ရှိသွားခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံက နိုင်ငံရေးလှုပ်ရှားသူ တက္ကသိုလ် ကျောင်းသားလူငယ်တွေနဲ့ လူလတ်ပိုင်းအချို့ ဂျပန်နိုင်ငံမှာ စစ်ပညာသင်ယူခဲ့ကြပြီး ဂျပန်အနေနဲ့ အရှေ့တောင်အာရှမှာ နယ်မြေချဲ့ထွင်သိမ်းယူမှုတွေမှာ အထောက်အကူဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားရေးဝါဒနဲ့စစ်မက်လိုလားပြီး နယ်ပယ်ချဲ့ထွင်လိုတဲ့ ဖက်ဆစ်စနစ်ကိုကျင့်သုံးနေတဲ့ ဂျပန် နိုင်ငံအနေနဲ့အရှေ့တောင်အာရှမှာ နယ်မြေတွေ သိမ်းယူပြီး ဗြိတိသျှ၊ ဒတ်ချ်၊ ပေါ်တူဂီ၊ ပြစ်သစ်တို့လို ကိုလိုနီနယ် မြေတွေပိုင်ဆိုင်ဖို့ အပြင်းအထန်ကြိုးစားမှုအောက် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုက လက်အောက်ခံ အဖြစ် အပျက်တခုဖြစ်ခဲ့ရပါတယ်။
ရဲဘော်သုံးကျိပ်လို့ မြန်မာ့သမိုင်းမှာမှတ်တမ်းတင်ကြတဲ့ ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ရောက်ခဲ့ကြသူ ၃၀ နဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစတင်ဖွဲ့စည်းခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်က ဂျပန်တပ်မကြီးတွေ စစ်လက် နက်ယန္တရားတပ်တွေနဲ့အတူ ၁၉၄၂ ခုနှစ်ဆန်းပိုင်းမှာ ဗြိတိသျှတပ်တွေထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့ပြီး လအနည်းငယ်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းအထိ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သို့ပေမယ့် စက်မှုအရင်းရှင်စနစ်နဲ့ပြင်းထန်တဲ့အမျိုးသားရေးအယူဝါဒ၊ လူမျိုးကြီးဝါဒတွေနဲ့ ပေါင်းစပ်ထားတဲ့ ဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်မှု ၃ နှစ်တာကာလက မြန်မာနိုင်ငံက လူထုအဖို့ ဆယ်စုနှစ်ချီတဲ့ အင်္ဂလိပ် ကိုလိုနီဘဝထက်အဆများစွာ ဖိနှိပ်၊ နှိပ်စက်ခံကြရ၊ မြန်မာနိုင်ငံမှာရှိသမျှ သယံဇာတတွေ ကုန်ပစ္စည်းတွေကို အလျှံ ပယ်ရိုက်ထုတ်တဲ့ ငွေစက္ကူတွေနဲ့လဲလှယ်ဝယ်ယူပြီး ဂျပန်နိုင်ငံကိုပို့ဆောင်ခဲ့ကြပါတော့တယ်။ ဒီအနေအထားတွေကိုလက်တွေ့သိလာရချိန်မှာ ဂျပန်ကိုပြန်လည်တော်လှန်ဖို့ ဗြိတိသျှတွေနဲ့ပြန်လည်ဆက်သွယ်ကာအနောက်ဥရောပမှာ ဂျာမဏီတပ်တွေလည်း တစတစ ဆုတ်ခွာနေရချိန် အာရှမှာ ဗြိတိသျှနဲ့ အမေရိကန် မဟာမိတ်တပ်တွေ ဂျပန်ကို ပြန်လည်ထိုးစစ်ဆင်လာချိန် မှာ မတ်လ တော်လှန်ရေး စတင်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ တော်လှန်ရေးမှာ ဗမာ့ကာကွယ်ရေးတပ်တွေချည်း ဂျပန်ကိုတိုက်ခိုက်ခဲ့တာတော့ မဟုတ်ပါဘူး။ အနောက်မဟာမိတ် တပ်တွေက ဂျပန်တပ်တွေ အိန္ဒိယနယ်စပ် အင်ဖာကနေ အရှုံးနဲ့ တပ်လန်လာတဲ့နောက် ဂျပန်တပ်တွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်သလို မြေပြင်တပ်တွေလည်း အိန္ဒိယနဲ့ တရုတ်မြန်မာ နယ်စပ်ဘက်ကနေ မြန်မာနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အဲဒီအချိန်က ဖက်ဆစ်တော်လှန်ရေးကိုပုံဖော်ဆောင်ရွက်ကြရမှာ ရဲဘော်သုံးကျိပ်ဝင်တွေ ဦးဆောင်ကြတဲ့ ဗမာ့ကာကွယ်ရေးတပ်မတော်နဲ့ ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုတွေကိုဦးဆောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ နိုင်ငံရေးအရ ဦးဆောင်မှုတို့ပေါင်းစပ်ပြီး တော်လှန်ရေးကိုဖေါ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဗမာ့ကာကွယ်ရေးတပ်မတော်ဟာ ဖက်ဆစ်ဆန့်ကျင်ရေးမှာ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဦးဆောင်မှုကို ရယူပေါင်းစပ်ခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါကာလတွေက မြန်မာနိုင်ငံသမိုင်းမှာ စည်းလုံးမှုအားအကောင်းဆုံးကာလတွေလို့ဆိုရင် မမှားပါဘူး။ ဒုတိယကမ္ဘာစစ်ပြီးလို့ ဗြိတိသျှအုပ်ချုပ်မှုပြန်လည်ဝင်ရောက်လာချိန် လွတ် လပ်ရေး ရယူခါနီးအချိန်နောက်ပိုင်း ဗမာ့နိုင်ငံရေးက သဘောထားကွဲလွဲမှုတွေ လက်နက်ကိုင်ပဋိပက္ခတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတဲ့ပုံရိပ်ကို တပ် မတော် တည်ထောင်မှုအဖြစ် သမိုင်းကို ပုံပြောင်းပြီးရေးသားကာ မတ်လ ၂၇ ရက်နေ့ဟာ တပ်မတော်နေ့ ဖြစ် လာခဲ့ပါတယ်။ ဒီလို တပ်မတော်နေ့ အဖြစ်ပြောင်းလဲခြင်းကို နိုင်ငံရေးသမားတွေ လက်မခံပေမယ့်လည်း မဆလ စစ်အာဏာရှင်လက်ထက် ၂၆ နှစ်၊ နဝတ/နအဖ စစ်အာဏာရှင်လက်ထက် ၂၂ နှစ်နဲ့ အဲဒီနောက် ၁၅ နှစ် စုစုပေါင်း နှစ်ပေါင်း ၆၀ ကျော် တပ်မတော်နေ့အဖြစ်သာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
အမှန်တော့ ဖက်ဆစ်ဆန့်ကျင်တော်လှန်တဲ့နေ့ဖြစ်တဲ့ မတ်လ ၂၇ တော်လှန်ရေးနေ့ဟာ နယ်ချဲ့ဂျပန်ဖက်ဆစ်တပ်ကို စစ်ရေးနည်းနဲ့တော်လှန်တိုက်ခိုက်ခဲ့တာမှန်ပေမယ့် အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ နိုင်ငံရေး ဦးဆောင်မှုကိုပစ်ပယ်လို့မရတဲ့အချက်က အရေးကြီးတဲ့သမိုင်းသင်ခန်းစာ ဖြစ်ပါတယ်။
အခုလတ်တလော စစ်အာဏာရှင်ဆန့်ကျင်ရေးကာလမှာလည်း” ဖက်ဆစ်တပ် အမြစ်ဖြတ်” ဆိုတဲ့ ကြွေး ကြော်သံတွေနဲ့ စစ်အာဏာရှင်တပ်ကို လက်နက်ကိုင်နည်းနဲ့ တော်လှန်ကြဖို့ ဆော်သြတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဖက်ဆစ်တပ်ကို လက်နက်ကိုင်နည်းလမ်းနဲ့တိုက်ခိုက်ရင်း အောင်ပွဲရလာတဲ့ ဗမာ့တပ်မတော်ဟာ စစ်အာဏာရှင်အဖြစ်ကို ဆယ်စုနှစ်တခုကျော်အတွင်း အသွင်ပြောင်းခဲ့ပြီး နောက်ထပ်ဆယ်စုနှစ်များစွာတိုင်းပြည်အာဏာကိုချုပ်ကိုင်ထားခဲ့တာ သင်ခန်းစာယူဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းကြတာမှန်ပေမယ့် နိုင်ငံရေးရည်မှန်းချက်၊ စံနှုန်း၊ တန်ဖိုး၊ ညီခ ညွတ်မှု၊ မျှတမှုတွေကိုလျစ်လျူရှုခဲ့ရင် နောက်ထပ်ဖက်ဆစ်ဝါဒ ခေတ်တခေတ်ထဲ ပြန်လည်မသက်ဆင်းဖို့၊ သမိုင်းတပတ်မလည်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar