နေသွင်ညိဏ်း - ငလျင်ကြောင့် မောဟကြီးတဲ့ စစ်ခေါင်းဆောင်တွေ သံဝေဂရမယ် ထင်သလား
နေသွင်ညိဏ်း - ငလျင်ကြောင့် မောဟကြီးတဲ့ စစ်ခေါင်းဆောင်တွေ သံဝေဂရမယ် ထင်သလား
မိုးမခ၊ မတ် ၃၀ ၊ ၂၀၂၅
အပြောင်းအလဲ စတင်ချိန် critical juncture ကို ကျနော်ကတော့ ‘သံဝေဂရချိန်’ လို့ ယူရင် မြန်မာဆန်မလားလို့ ထင်မိတယ်။ ဗုဒ္ဓဘာသာ ဇာတ်တော်တွေ၊ ဇာတကတွေထဲမှာ ဒီလို ဇာတ်လမ်းတွေ ရှိတတ်ပါတယ်။ ဘုရားအလောင်းတော်ဟာ နိမိတ်ကြီးလေးပါးကို တွေ့ပြီးနောက် သံဝေဂနဲ့ တောထွက်တယ်။ ဘုရားအဖြစ်ကို ရောက်တယ်။ ပဋာစာရီ ဆိုတဲ့ အမျိုးသမီးဟာလည်း လင်သေ၊ သားသေ၊ မိဘတွေ စီးပွားပျက်တာ ဆိုးဆိုးရွားရွားတွေကြုံပြီးနောက် သံဝေဂရ၊ သာသနာဘောင်မှာ ငြိမ်းချမ်းရာရှာတွေ့သွားတယ်။ စိတ္တဇလူသတ်သမားကြီး အင်္ဂုလိမာလဟာလည်း မွေးမိခင်ကိုသတ်ခါနီးမှာ ဘုရားနဲ့တွေ့ပြီး အရိပ်အမြွက် တရားစကားကြားရုံနဲ့ သံဝေဂရတယ်။ စစ်ပွဲတွေအများကြီးတိုက်ခဲ့တဲ့ အာသောကဘုရင်ဟာ လူတွေ သေကျေတာကို ကြည့်ရင်း သံဝေဂရပြီး စစ်ပွဲတွေကိုကျောခိုင်းခဲ့တယ်။ ဒီလိုအဖြစ်အပျက်တွေကို ပြောတဲ့အခါမှာ Critical Juncture ဆိုတာကို သံဝေဂရချိန်လို့ ယူရင်ရနိုင်ပါတယ်။
ဒီလိုအပြောင်းအလဲတွေဟာ တခါတလေ လူတယောက်ရဲ့ဘဝအလှည့်အပြောင်းနဲ့သက်ဆိုင်ပြီး တချို့ဖြစ် ရပ်တွေဟာ လူ့သမိုင်းနဲ့သက်ဆိုင်ပါတယ်။ ဂျိမ်းဝပ် ဆိုတဲ့လူက ရေနွေးငွေ့ရဲ့စွမ်းအင်ကို တွေ့ရှိခြင်း၊ စက်မှု တော်လှန်ရေး၊ ကမ္ဘာစစ်၊ ဘာလင်တံတိုင်းပြိုခြင်း၊ ဥက္ကဋ္ဌမော်ကွယ်လွန်ခြင်း၊ အာရှစီးပွါးကပ်၊ ဆူနာမီ၊ ကိုဗစ် ကပ်ဘေးကြုံခြင်း စသည်ဖြင့် သမိုင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲများ စတင်ချိန် critical juncture တွေ များစွာရှိပါတယ်၊။
မြန်မာပြည်မှာပြန်ကြည့်တဲ့အခါ ပါတော်မူခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်း၊ ၈ လေးလုံးအရေး တော်ပုံ စသည်တို့ဟာလည်း စနစ်အပြောင်းအလဲတွေကို ဦးတည်စေတဲ့အပြောင်းအလဲစတင်ချိန်တွေပါပဲ။ ၂၀၁၀ အပြောင်းအလဲရဲ့ critical juncture က ဘာပါလဲလို့စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေကအာဘော်ရေးကြတဲ့အခါ တချို့က ရွှေဝါရောင်တော်လှန်ရေး၊ တချို့က နာဂစ်လို့ရေးကြတာလည်း ဖတ်ခဲ့ရတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ သံဝေဂရချိန် ဆိုပါတော့။
အခု ကျနော်တွေးနေတာက ဒီအပြောင်းအလဲတွေဖြစ်စေခဲ့တဲ့ အစတွေမဟုတ်ပါဘူး။ အဲဒီအစတွေရဲ့ အစတွေကိုပါ။ ဘယ်လိုလဲဆိုရင် အင်္ဂုလိမာလ ဆိုတဲ့လူသတ်သမားဟာ ဘုရားဆီကအရိပ်အမြွက်စကားကြားရုံနဲ့ပဲ သံ ဝေဂရခဲ့ပါတယ်။ သူ့ရဲ့သင်ယူနိုင်စွမ်းနဲ့ ဥာဏ်ရည်ကို စိတ်ဝင်စားမိတာပါ။ တခြားပုဂ္ဂိုလ်များရဲ့ ပြောင်းလဲနိုင်စွမ်းဟာလည်း သူတို့သင်ယူနိုင်စွမ်းနဲ့ဆိုင်ပါလိမ့်တယ်။ ဒါပေမဲ့ အာသောကလို စစ်ဘုရင်ဟာ စစ်ရှုံးလို့ သံဝေဂရတာ မဟုတ်ဘဲ စစ်နိုင်လို့ သံဝေဂရတာမျိုးကတော့ အကြိမ်ကြိမ် ဦးညွှတ်ထိုက်တဲ့ဉာဏ်ရည်ပါ။
အဖြစ်အပျက်တွေဟာ ဒီလိုပဲရှိနေတာပါပဲ။ ပန်းသီးကြွေတာကို ကမ္ဘာမြေဆွဲအားကြောင့်လို့ သိဖို့ကတော့ နယူတန်လို ဉာဏ်ရည်လိုပါတယ်။ ဆိုလိုတာကတော့ အပြောင်းအလဲဖြစ်ဖို့ ဉာဏ်ရည်လိုပါတယ်။ အစရဲ့ အစဟာ လူသားရဲ့ ဉာဏ်ရည်သာဖြစ်ပါတယ်။
ဒါကြောင့် ဉာဏ်ရည်နိမ့်နေတဲ့လူတွေကိုအကြောင်းပြုလို့ ကောင်းတဲ့အပြောင်းအလဲဖြစ်ဖို့ အခွင့်အလမ်းနည်းပါတယ်။ ဉာဏ်ရည်မြင့်ပေမယ့်လည်း လောဘ၊ ဒေါသ၊ မောဟ အမိုက်ကြီးစိုးလွန်းနေပြန်ရင်လည်း အမှန်တရားနဲ့မနီးစပ်နိုင်ပါဘူး။ ထိုသူတို့အတွက်သံဝေဂရချိန်ဆိုတာ သူနဲ့သူ့ပတ်ဝန်းကျင်အလုံးစုံပျက် သုဉ်းချိန်ရောက်ရင်တောင် မသေချာပါဘူး။
ဒေဝဒတ်ဟာ ဒီလိုနဲ့ မြေမျိုခြင်းအထိ ရောက်ခဲ့တယ်။
ဟစ်တလာလို အာဏာရှင်ဟာ သူ့ကိုယ်သူသတ်သေခဲ့ပြီး ဆာဒမ်ဟူစိန်၊ အိုစမာဘင်လာဒင်၊ ကဒါဖီတို့ ကျနော်တို့ အားလုံးသိပြီးကြတဲ့အတိုင်း ဇာတ်သိမ်းခဲ့ရတဲ့ အကြောင်းဟာ သူတို့ ဉာဏ်ရည်၊ သူတို့ မောဟနဲ့ တိုက်ရိုက်အချိုးကျပါလိမ့်မယ်။
-
t.me@moemakaPlease show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar