မြတ် - အသံတွေကြားနေရတယ်
အသံတွေကြားနေရတယ်
မြတ်
(မိုးမခ) မတ် ၃၁၊ ၂၀၂၅
ဟီရိုရှီးမား နာဂါစကီ လိုက်မမှီတဲ့
အနုမြူဗုံး ၃၃၀ကျော်နဲ့ ညီမျှတဲ့
ပြင်းအားမြင့်ပြတ်ရွေ့ငလျင်
မြို့ပေါင်း၃၃၀ရှိတဲ့ နိုင်ငံရဲ့ ရင်ပြင်အနှံ့ ရိုက်ခတ်ခဲ့ပြီ။
ဒီပြင်းအားမြင့် ထရာမာဟာ
မဟာမိတ်တွေရဲ့ ရာဇသံကို
ဖက်ဆစ်ဂျပန်က လျစ်လျူရှုခဲ့လို့
ဝေဟင်ကကြဲချခဲ့တဲ့ “Little Boy” မဟုတ် “Fat Man” မဟုတ်။
ကမ္ဘာကြီးရဲ့ မသိနိုးနားပြုမှုကို အခွင့်ကောင်းယူပြီး
နိုင်ငံအနှံ့ ဗုံးကြဲလူသတ်နေတဲ့ ဖက်ဆစ်စစ်ကောင်စီကို
မဟာပထဝီမြေကြီးက လှုပ်နှိုးလိုက်တဲ့ တော်လည်းသံ။
ဘုံခုနှစ်ဆင့်တက်နေတဲ့ သုပ္ပဗုဒ္ဓပဲဖြစ်ဖြစ်
ထမ်းစင်ပေါ်ကမဆင်းတဲ့ ဒေဝဒတ်ပဲဖြစ်ဖြစ်
အကုသိုလ်ကံ အကျိုးပေးချိန်မှာ အရှင်လတ်လတ်မြေမျိုခံရတတ်တာပဲ။
မဟာပထဝီမြေကြီးဟာ အက်ကွဲခဲ့ပြီ
ကယ်တင်ခြင်းမခံခဲ့ရတဲ့ ဝိဉာဉ်တွေရဲ့ ခေါ်သံကို
စစ်မိစ္ဆာတွေ ထပ်ပြန်တလဲလဲ ကြားနေရပြီ။ ။
မြတ်
(၃၁ မတ်လ ၂၀၂၅၊ မနက် ၀၅ ၁၁)
**(အသံတွေကြားနေရတယ်။ တညလုံးအိပ်မပျော်ဘူး။ ကယ်တင်ခြင်းမခံခဲ့ရတဲ့ဝိဉာဉ်တွေအတွက် ဒီကဗျာကိုရေးဖြစ်တယ်။)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar