Breaking News

ခိုင်ခိုင်စောလွင် - ဘယ်ပုံ ဘယ်နည်း ကာကွယ်ကြမှာလဲ

ခိုင်ခိုင်စောလွင် - ဘယ်ပုံ ဘယ်နည်း ကာကွယ်ကြမှာလဲ

မိုးမခ၊ မတ် ၃၀၊ ၂၀၂၅

မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၀ မိနစ်မှာ  မြန်မာပြည်၊ စစ်ကိုင်းမြို့ အနီးကို ဗဟိုပြုပြီး  ရစ်ချ်တာစကေး (၇.၇) ပြင်းအားရှိတဲ့ ငလျင်လှုပ်သွားတယ်။

အဆောက်အဦတွေ ပြိုကျ၊ မြေကြီးထဲ နစ်ဝင်ကာ လူအထိအခိုက် များတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်မြို့တွေအထိ ငလျင်ပြင်းအား သက်ရောက်မှု တော်တော့်ကို ခံရတယ်။

တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိလည်း ငလျင်သက်ရောက်မှုရှိတယ်။

ကျမ အိမ်မှာ ပုခက်လွှဲသလို ယိမ်းနေတာ ခံစားရတဲ့အပြင် တော်တော်နဲ့ မရပ်ဘဲ အချိန်ကြာနေတဲ့ အတွက် အဲဒီ လှုပ်ခတ်နေတဲ့ အချိန်(၄ မိနစ်ခန့်) မှာ ကမ္ဘာပျက်တာ ဒီလိုထင်တယ်လို့ အတွေးရောက်မိတဲ့အထိပါပဲ။

တကယ်လည်း ငလျင်လှုပ်တာ ရပ်သွားချိန် သတင်းဖွင့်ကြည့်တဲ့အခါ တချို့တွေ ကမ္ဘာပျက်နေကြရပါပြီ။

သတင်းအချက်အလက်တွေအရ စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ရှားရာက ဖြစ်လာတဲ့ ငလျင်လို့ သိရတဲ့အခါ ဒီအကြောင်းလေး ရေးဖို့ ဖြစ်လာပါတယ်။

ကျမက ငလျင်ပညာရှင် မဟုတ်သလို ဘူမိဗေဒပညာရှင်လည်း မဟုတ်ပါ။ မိုး/ဇလ ပညာရှင်လည်း မဟုတ်ပါ။

သို့သော် ကျောင်းဆရာမ တစ်ယောက်အနေနဲ့ ရော စာရေးဆရာတယောက် အနေနဲ့ပါ  ငလျင်နဲ့ ပတ်သက်ပြီး လေ့လာထားရတာတွေ အများကြီး ရှိပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောလို့ ကြားလိုက်တာနဲ့ တချိန်က ပညာရှင်နဲ့ စာရေးဆရာတွေ  စာတွေထဲ မကြာခဏ ထည့်ရေးတဲ့အတွက် မှတ်မိနေတာ ပြန်ပေါ်လာတယ်။

မန္တလေးမြို့မှာ  အထပ်မြင့်အဆောက်အဦတွေ ပေါ်လာတာ ငလျင်ဒဏ် ခံနိုင်အောင် ပညာရှင်များက ဆောက်သင့်သလို အစိုးရကလည်း ငလျင်ဒဏ်ခံနိုင်တဲ့ ပုံစံဆောက်မှ အဆောက်အဦ ဆောက်ခွင့် ချပေးသင့်ကြောင်း၊ ဘာကြောင့်လဲ ဆိုရင် စစ်ကိုင်းပြတ်ရွေ့ကြောဟာ ရှည်လျားပြီး မန္တလေး၊ စစ်ကိုင်းနား အနီးဆုံးဖြစ်ကာ ထိခိုက်မှု များနိုင်တာကြောင့်လို့ စစ်ကိုင်းပြတ်ရွေ့ကြော ကို ပညာရှင်တွေ သုံးသပ်တဲ့ အချက်အလက် အချို့ပါ ထည့်ပြီး ရေးပြတာ ဖတ်ဖူးတာ သတိရမိသွားတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောဟာ မြန်မာနိုင်ငံ မြောက်ဘက် မြစ်ကြီးနားကနေ တောင်ဘက် ပဲခူးအထိ (၁,၂၀၀ ကီလိုမီတာ)ရှည်လျားတယ်။

ဆွန်းဒါး(ဆွန်ဒါ) ကျောက်ထုလွှာနှင့် အိန္ဒိယကျောက်ထုလွှာအကြားတွင် ဖြစ်ပေါ်တည်ရှိနေတဲ့  ပြတ်ရွေ့ကြောဖြစ်ပြီး မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနှင့် ပဲခူးတို့ကို ဖြတ်သန်းလျက် တည်ရှိနေတယ်။ ပြတ်ရွေ့ကြောဟာ အသက်ဝင်လျက်(Active) ရှိပြီး တစ်နှစ်မှာ ရွေ့လျားနှုန်း ၁၀၀ ကီလိုမီတာ ရှိတယ်။

၁၉၃၄ ခုနှစ်ခန့်မှာ ပညာရှင်တွေဟာ မြန်မာပြည်အနီး  ပြတ်ရွေ့ကြော တစ်ခု ရှိကြောင်း သဲလွန်စ ရှိတဲ့အတွက် လေ့လာကြရာ   မန္တလေးရဲ့ အနောက်ဘက်စွန်းမှာ သက်ဝင်ပြတ်ရွေ့ကြော ရှိကြောင်း တွေ့ရှိကြတယ်။ ၁၉၇၀ ပြည့်နှစ်မှာ သပိတ်ကျင်းနဲ့  တောင်ငူကြား ရှည်လျားတဲ့ ပြတ်ရွေ့ကြောရှိနေတာ မြန်မာပညာရှင်တွေ အတည်ပြုခဲ့ကြပြီး စစ်ကိုင်းပြတ်ရွေ့ကြောလို့ အမည်ပေးခဲ့ကြတာ ဖြစ်တယ်။

မနေ့က အဆိုပါ စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ရှားသွားတာ ဖြစ်တယ်။

သူ လှုပ်ရှားတဲ့ ပုံစံက Transform ဖြစ်တယ်။ (ပုံမှာ မြင်ရတဲ့အတိုင်းပါ။)

စနစ်သစ်ပညာရေး  အလယ်တန်းသိပ္ပံနဲ့ GED Science မှာ သင်ကြရတဲ့ ကမ္ဘာမြေသိပ္ပံ သင်ခန်းစာမှာ ငလျင်အကြောင်း သင်ကြရတယ်။

ကမ္ဘာမြေထု ကျောက်ချပ်လွှာတွေ ရွေ့လျားတာကြောင့် ငလျင် ဖြစ်တယ်။ အဆိုပါ ကျောက်ချပ်လွှာ လှုပ်ရှားတဲ့ ပုံစံ ၃ မျိုး ရှိတယ်။

၁။ Transform boundary

၂။ Divergent boundary

၃။ Convergent boundary

အဲဒီ ပုံစံ ၃ မျိုးထဲကမှ စစ်ကိုင်းပြတ်ရွေ့ကြောဟာ  Transform ပုံစံ လှုပ်တာ ဖြစ်တယ်။

ပေးထားတဲ့ အမည်နာမအတိုင်း အဓိပ္ပာယ်ရှိတယ်။

Transform ပုံစံ ပွတ်တိုက်မှု ဖြစ်တာဟာ ပုံစံအသစ်ဖြစ်ပေါ်ခြင်း သို့မဟုတ်၊ အသွင်ပြောင်းပုံစံ ဖြစ်လာမှာပါ။

အခုလို ပြတ်ရွေ့ကြော လှုပ်ရှားပြီး တဖြည်းဖြည်း မြေထု ခြားသွားကာ သဲကန္တာရတွေ ဖြစ်လာမယ်။

ဒါက နှစ်သန်းပေါင်းများစွာအကြာ အသွင်ပြောင်းသွားမယ့် အရာပါ။ လတ်တလော ခုလို ကျောက်ထုချပ်တွေ ရေပြင်ညီအတိုင်း ဘေးတိုက်လှုပ်တဲ့ Transform ပုံစံ မျိုးဟာ shallow earthquakes ( ဇောက်တိမ်ငလျင်) ဖြစ်စေတာပါ။

ငလျင်လှုပ်တဲ့အခါ ကမ္ဘာ့မြေထု အတွင်းဘက် ဇောက်နက်လေ အပေါ်ယံလွှာ အပေါ် သက်ရောက်မှုနည်းလေ ဖြစ်တယ်။

ရစ်ချ်တာစကေး ၅ကနေ ၆  နီးပါး ရှိသော်မှအနက် (Depth) 300 Km- 700Km အတွင်း  ဇောက်နက် ငလျင် ဖြစ်ကာ အပျက်အဆီး အထိအခိုက်နည်းပါတယ်။ တချိူ့ ဒေသတွေဆိုက ငလျင်လှုပ်တာ သိရုံပဲ သိကြပါတယ်။ အနက် အလယ်အလတ် အဆင့် ဖြစ်တဲ့ 70Km- 300Km မှာ လှုပ်ပါကလည်း သက်ရောက်မှု အထိအခိုက် နည်းပါတယ်။

ဇောက်တိမ်ငလျင်( Shallow earthquake) ကတော့ အနက် 0Km- 70Km အတွင်း ပဲ ရှိပါတယ်။

မနေ့က လှုပ်တဲ့ ငလျင်ဟာ  ရစ်ချ်တာစကေးလ် 7.7 ရှိပြီး ဇောက်( depth) က 10Km သာ ရှိပါတယ်။

ကမ္ဘာ့အပေါ်ယံမြေလွှာနဲ့ နီးစပ် ကပ်လှုပ်တဲ့ ပြင်းအားမြင့် ငလျင်ဖြစ်သွားတာပါ။ သက်ရောက်မှုနယ်ပယ်လည်း အတော့်ကို ကျယ်ပြန့်သွားတာ ပုံမှာမြင်ရတဲ့ ဧရိယာတကြော လှုပ်ခတ်သွားတာပါ။

စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ လှုပ်ရှားမှု ပုံစံဟာ ဇောက်တိမ် ငလျင်သာ  လှုတ်ခတ်မှာပါ။

အဲဒီဒေသတွေမှာ အထပ်မြင့်  အဆောက်အဦတွေ မဆောက်ရပါဘူး။ ဆောက်ပါကလည်း ငလျင်ဒဏ်ခံနိုင်အောင် စနစ်တကျ ဆောက်ရမှာ ဖြစ်ပါတယ်။

အရေးအကြီးဆုံးက အဆိုပါ ငလျင်ကြော နီးကပ်ရာ မြို့၊ ရွာတွေမှာ ယာယီနားခိုရာ Shelter တွေ ဆောက်လုပ် ထားရှိရမှာ ဖြစ်ပါတယ်။

ကျမတို့ မြန်မာပြည်မှာ စစ်ကိုင်းပြတ်ရွေ့ကြောကြီး ရှိနေတာ သိထားပြီး—

၁၉၃၀ ပြည့်နှစ်မှာ ပဲခူးငလျင်၊ 

ပြင်းအား (၇.၃-၇.၅ ကြား) ၁၉၄၆ ခုနှစ်မှာ စစ်ကိုင်းငလျင် ၊ 

ပြင်းအား (၈) ၁၉၅၁ ခုနှစ်မှာ စစ်ကိုင်းငလျင်၊ ပြင်းအား(၇.၁)၊

၁၉၇၅ ခုနှစ်မှာ ပုဂံငလျင် ပြင်းအား(၆.၅)၊

၂၀၁၂ ခုနှစ်မှာ ရွှေဘိုငလျင် ပြင်းအား(၆.၈)

စသဖြင့် ပြင်းအားမြင့် ငလျင်တွေ လှုပ်ခတ်ခဲ့တာ ကြုံခဲ့ဖူးပြီး ဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ မတ်လအတွင်းမှာ ငလျင်အသေးလေးတွေ အကြိမ်ကြိမ် လှုပ်ပါတယ်။

ယခု အချိန်ထိ ငလျင်နဲ့ ပတ်သက်ပြီး အကာအကွယ် မရှိခဲ့တာဟာ မနေ့က လှုပ်သွားတဲ့ ပြင်းအားမြင့် ငလျင်မှာ ပြည်သူတွေ အသက်ဆုံးရှုံးမှု များရခြင်းပဲ ဖြစ်ပါတယ်။

Shelter ယာယီနားခိုရာ ခိုလှုံဖို့ အဆောက်အဦတွေ မရှိတာဟာလည်း ဘေးလွတ်ရာ ထွက်ဖို့ အခွင့် ဆုံးရှုံးတာ ဖြစ်တယ်။

ငလျင်ကြောကြီး ရှိနေတယ်၊ မကြာမကြာလည်း လှုပ်ပြီး အထိအခိုက် အပျက်အစီး လူသေဆုံးမှုတွေ ဖြစ်နေပါလျက်နဲ့ အကာအကွယ် ယနေ့တိုင် မရှိဖြစ်ဆဲ။

အဓိကကတော့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်နေပြီးတော့ အုပ်ချုပ်သူဟာ ပြည်သူတွေအပေါ် စေတနာ ထားဖို့ပါပဲ။

၁၉၆၂ ခုနှစ် ကနေ ယနေ့တိုင် ကိုယ်ကျိုးရှာတဲ့သူတွေသာ အုပ်ချုပ်ခဲ့ကြတယ်။ တိုင်းပြည်ချမ်းသာသလောက် ပြည်သူတွေ ဆင်းရဲကြတယ်။

တိုင်းပြည်ဘဏ္ဍာတွေကို  စစ်အာဏာရှင် မိသားစုတွေ ဆွေစဥ်မျိုးဆက် စားမကုန်အောင် ချမ်းသာတဲ့အထိ အလွဲ သုံးကြတယ်။

ပြည်သူအတွက် ဘာတစ်ခုမှ ထည့်မစဥ်းစားဘဲ ဆင်းရဲမွဲတေ အောင်ထားကာ စားဖို့နေဖို့ ရုန်းကန်နေရအောင် လုပ်ထားတယ်။

အခု ဖြစ်တာဟာ သဘာဝဘေးပါ။ သဘာဝဘေးပေမယ့် ကြိုတင်ကာကွယ်ပေးထားက ပိုးစိုးပက်စက် ကူကယ်ရာမဲ့ အဖြစ်တွေ မရှိနိုင်ဘူး။

ငလျင်လှုပ်လည်း အဆောက်အဦက စနစ်တကျ နဲ့ စိစစ် ခွင့်ပြု ဆောက်ထားတာ ဆိုပါက အခုလို အဆောက်အဦးတွေ ပြိုကြ ၊ အထပ်လိုက် နစ်မြုပ်သွားတာမျိုး နည်းသွားပြီး လူအထိအခိုက်နည်းမယ်။

ယာယီနားခိုရာတွေ ရှိနေပါက လမ်းဘေးမှာ ဖြစ်သလို အိပ်ဖို့ မလိုသလို အရေးပေါ် ကယ်ဆယ်ဖို့ အခွင့်အလမ်းရှိတယ်။

ခုချိန်အထိ တာဝန်ရှိသူ အကြီးအကဲတွေဟာ ငလျင်ကြော အကြီးစား ရှိနေတာ သိသိနဲ့ မျက်ကွယ်ပြုထားတယ်။ ကြိုတင် အကာအကွယ် ဘာဆို ဘာမှ မရှိဘူး။ ကယ်ဆယ်ရေး ပစ္စည်း၊ အသုံးအဆောင်၊ယာဥ်တွေ ဝယ်ထားတာ မရှိဘူး။

တိုင်းပြည်တပြည်မှာ ပြည်သူလူထုကို အကောင်းဆုံး ကာကွယ်နိုင်မယ့် ကောင်းမွန်တဲ့ အစိုးရရှိဖို့ လိုအပ်တယ်။ ကောင်းမွန်တဲ့ အစိုးရဆိုတာ ပြည်သူအပေါ် ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်အပေါင်းအတွက် ကြိုတင် ကြံစည် အကာအကွယ်တွေ ပြင်ဆင်ထားတတ်ကြတယ်။  သဘာဝဘေးကျရောက်လာတဲ့အခါ ချက်ချင်း အချိန်နဲ့ တပြေးညီ ကယ်ထုတ်နိုင်ဖို့ အစီအအမံ ကြိုထားရှိတယ်။

အဲဒီအတွက် ငွေသုံးဖို့ ဝန်မလေးဘူး။

ပြည်သူကို နှိပ်စက်သတ်ဖြတ်၊ မြို့၊ ရွာတွေကို မီးရှို့ ဗုံးကြဲ လုပ်နေတဲ့ အာဏာလုထားသူတွေ လက်ထက် အခုလို ပြင်းအားမြင့် ငလျင် ဖြစ်တဲ့အခါ လည်စင်းပေးလိုက်ရသလိုပါပဲ။

သဘာဝဘေးမို့ ဘယ်ပုံဘယ်နည်း ကာကွယ်ရမလဲလို့ နည်းလမ်း မရှိတာ မဟုတ်ပါဘူး၊ ပြည်သူအပေါ် စေတနာမထားတဲ့ အဆက်ဆက်လက်ဆင့်ကမ်းလာတဲ့ စစ်အာဏာရှင်တွေ မျိုးပြုတ်ခြင်းဖြင့် ကာကွယ်လို့ ရပါတယ်။ ဒါ့ကြောင့် ဖြစ်ပျက်ခဲ့တာတွေကနေ စိတ်ဓာတ်ကျမနေဘဲ ဒီလို အဖြစ်မျိုးတွေ ထပ်ပြီး မကြုံရအောင်၊ သဘာဝဘေး ဆိုတာကို အန်တုနိုင်အောင်  အားလုံး ညီညီညွတ်ညွတ်နဲ့ အားတင်းပြီး ရှေ့ဆက်ကာ လုပ်နေတာတွေကို  ဆက်ပြီး လုပ်ကြပါစို့။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar