Breaking News

မင်းညွန့်လှိုင် - မြေနီလမ်းကိုဖြတ်မလျှောက်မိစေနဲ့

Art by Aung Htet
မြေနီလမ်းကိုဖြတ်မလျှောက်မိစေနဲ့
မင်းညွန့်လှိုင်
(မိုးမခ) မတ် ၁၀၊ ၂၀၂၅

အဲဒီ
ခရမ်းရောင်ကောင်းကင်အောက်က
မြေနီလမ်းကိုဖြတ်မလျှောက်မိစေနဲ့
ကြေးစားလူမိုက်တွေ
မင်းကိုချောင်းရိုက်ဖို့စောင့်နေကြတယ်။

ငါက
အမှတ်သည်းခြေမရှိတဲ့ဘဏ်ဓားပြပဲ ။

ပြန်မလာတဲ့မြစ်ကြီးနဘေးမှာ
ဘယ်တော့မှမအိုတဲ့
မွန်ရိုးနဲ့လက်ချင်းတွဲလျှောက်တယ် ။

အရက်ဆိုင်ဖြစ်သွားတဲ့ဆီးပင်လေးအောက်မှာ
မြန်မာပြည်သားကဗျာဆရာနဲ့ဖန်ခွက်ချင်းတိုက်တယ်
ကြွေတာကိုကပွင့်ခြင်းပဲဟေ့ ။

နှင်းဝေဝေညနေခင်းထဲမှာ
ချစ်သောရောဘတ်ဖရော့စ်နဲ့မြင်းကိုယ်စီစီးတယ်
မအိပ်စက်ခင် နှင်ရဦးမယ့်မိုင်တွေများစွာ ။

တချို့ကြယ်တွေက
ငါမကြည့်ခင်ကြွေပြီးကြပြီကော။
ကြယ်ပန်းတွေကိုပန်းချီဆွဲဖို့
ငါပြန်လာဦးမယ် ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar