ရှမ်းဆရာတော် အသတ်ခံရမှုနဲ့ ဒလန် စွပ်စွဲမှုပြဿနာ
မြန်မာနွေဦးခရိုနီကယ် - မတ် ၉ မြင်ကွင်း
မိုးမခ၊ မတ် ၁၀၊ ၂၀၂၅
ရှမ်းဆရာတော် အသတ်ခံရမှုနဲ့ ဒလန် စွပ်စွဲမှုပြဿနာ
ယခုလ ၄ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတရွာမှာ ရှမ်းလူမျိုး ဆရာတော် ဦးဓမ္မသာရနဲ့ ကပ္ပိယ ဖြစ်သူ စိုင်းအိုက်ပီးတို့ကို လက်နက်ကိုင် အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွားတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။
အခင်းဖြစ်ပွားတဲ့ အုံတိုင်းကျေးရွာဟာ ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ဘက် နားဟီးကျေးရွာအုပ်စုထဲမှာ ရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ အသတ်ခံရတဲ့ ဆရာတော်ဟာ လက်ရှိမှာ ဖယ်ခုံအင်းအနောက်ဘက်မှာ သီတင်း သုံးနေတာဖြစ်ပြီး အင်းအရှေ့ဘက် ကျေးရွာကိုခေတ္တလာရောက်ပြီး မပြန်ခင် အုံတိုင်းကျးရွာမှာရှိစဥ် လက် နက်ကိုင်အဖွဲ့တဖွဲ့က လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဖယ်ခုံမြို့နယ်မှာ လှုပ်ရှားနေတဲ့ ဖယ်ခုံ PDF (တပ်ရင်း ၁၀၀၆)က အဆိုပါ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက် အဆိုပါ သတ်ဖြတ်မှုဟာ ၄င်းတို့အဖွဲ့အနေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဘယ် လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သတ်ဖြတ်သလဲဆိုတဲ့အချက်အလက်တွေ ထွက်ပေါ်လာခြင်းမရှိခင်မှာ ဖယ်ခုံ PDF အနေနဲ့ ၄င်းတို့တပ်ရင်းမှ တပ်မှူး၊ တပ်သားတဦးတလေမျှ အဆိုပါအဖြစ်အပျက်ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
မတ်လ ၄ ရက်နေ့ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ဆရာတော်ကို ၅ ရက်နေ့မှာပဲ ဒေသခံတွေက ဘာသာရေး ထုံးထမ်းအစဥ်အလာအရ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဖြစ်ပွားပြီး ၂/၃ ရက် ခန့်ကြာမြင့်သည်အထိ မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ခြင်း မရှိခဲ့ပါဘူး။ အဆိုပါဒေသမှာ လက်နက်ကိုင်လှုပ်ရှားမှုရှိတဲ့ ဖယ်ခုံ PDF တပ်ရင်း ၁၀၀၆ က အဖြစ်အပျက်ဖြစ်ပွားပြီးနောက် နောက်ရက်မှာ ၄င်းတို့အဖွဲ့နဲ့လုံးသက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်သာ ပေါ်ထွက်ခဲ့ပြီး ၄ ရက်မြောက်နေ့တွင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဘယ်အဖွဲ့ကပစ်ခတ်သတ်ဖြတ်ခဲ့တာလဲဆိုတဲ့ အဖြေပေါ်ထွက်ခြင်းမရှိခင် စစ်ကောင်စီဘက်က လော်ဘီ တယ်လီဂရန်တွေက PDF တွေ ပစ်ခတ်သတ်ဖြတ်တာဖြစ်ကြောင်း စွပ်စွဲဖော်ပြခဲ့ကြသလို သတင်းဌာနအချို့ရဲ့ Factcheck ကဏ္ဍကတော့ PDF တွေ သတ်ဖြတ်တယ်လို့ ရေးသားဖော်ပြမှုတွေဟာ သတင်းမှားတွေ ဖြစ် ကြောင်း လူမျိုးရေး ဘာသာရေး လှုံ့ဆော်မှုဖြစ်ကြောင်း ဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။ မတ်လ ၈ ရက်နေ့နေ့စွဲနဲ့ IEC ရဲ့ထုတ်ပြန်ချက်မှာတော့ အဖြစ်အပျက်ဖြစ်စဥ်ကို စာပိုဒ်တပိုဒ်ဖော်ပြထားပြီး ကရင်နီပြည်ကြား ကာ လအုပ်ချုပ်ရေးကောင်စီအနေနဲ့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီအပါအဝင် နယ်မြေခံတော်လှန်ရေးတပ်ပေါင်းစုံနဲ့ ပူးပေါင်းကာ ယခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်သွားကာ တွေ့ရှိချက်များကို အများပြည်သူသိရှိနိုင်ရန် ရှင်းလင်းချပြသွားမယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်ရဲ့ နောက်တပိုဒ်မှာတော့ တရားမဝင် အာဏာသိမ်းစစ်တပ်ရဲ့ သတင်းပေး (ဒလန်) ဟု ယူဆရသူများနှင့် လက်နက်ချဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဥပဒေကြောင်းအရ စီရင်မှုမပြုဘဲ လက်လွတ် စပယ် သတ်ဖြတ်ခြင်းသည် နိုင်ငံတကာဥပဒေနဲ့ သွေဖည်သည့် လုပ်ရပ်ဖြစ်သည် လည်း ဖော်ပြထားတာ တွေ့ရပါတယ်။
အဆိုပါစာသားကိုဆန်းစစ်ကြည့်ရင် IEC အနေနဲ့ အထက်ပါ ပစ်ခတ်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ကနဦး သတင်းအချက်အလက်ရရှိထားပြီး သတင်းပေးလို့ စွပ်စွဲသတ်ဖြတ်မှုအဖြစ်နဲ့ မှတ်ယူထားတဲ့သဘောလို့ ကောက်ချက်ချရပါတယ်။ ပစ်ခတ် သတ်ဖြတ်မှု ကျူးလွန်တဲ့ လက်နက်ကိုင်အဖွဲ့အနေနဲ့ IEC ကို အသိပေးထားပုံရပြီး IEC အနေနဲ့ ကျူးလွန်တဲ့ လက်နက်ကိုင် ဖွဲ့ဘက်က စွပ်စွဲချက် သို့မဟုတ် ခုခံကာကွယ်တဲ့ ပြောဆိုမှုကို ကနဦး လက်ခံထားပြီး ပစ်သတ်ခံရတဲ့ ဆရာတော်ကို သတင်းပေးဆိုတဲ့ စွပ်စွဲမှုကို ကနဦး လက်ခံထားပုံရသလို တရားဥပဒေအရ မစီရင်တဲ့ လုပ်ပုံလုပ်နည်းကို လက်မခံနိုင်ကြောင်း ဖော်ပြထားတဲ့သဖွယ် တွေ့ရပါတယ်။
IEC ထုတ်ပြန်ချက် ပေါ်ထွက်ပြီး နောက်တရက်မှာတော့ ဖယ်ခုံမြို့နယ်ထဲ အခြေစိုက်တဲ့ ပျားစစ်ကြောင်းလို့ အမည်ခေါ်ဆိုတဲ့ ဖယ်ခုံမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့က ၄င်းတို့ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တာဖြစ် ကြောင်းဝန်ခံတဲ့ထုတ်ပြန်ချက်တရပ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရေးနဲ့ ရေးသားထားတဲ့စာရွက်ကို ဓာတ်ပုံရိုက်ထားတဲ့ ပျားစစ်ကြောင်းရဲ့ထုတ်ပြန်ချက်မှာ ဆရာတော်ကို စစ်ကောင်စီရဲ့ သတင်းပေးအဖြစ် စွပ်စွဲပြီး ၄င်းတို့လက်နက်ကိုင်တပ်ဖွဲ့ဝင် ၆ ဦးသွားရောက် စစ်မေးခေါ်ဆောင်ရာမှာ တဦးက စိတ်မထိန်းနိုင်ဖြစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆရာတော်ရဲ့ဖုန်းနဲ့ ဘဏ်စာအုပ်တို့ကိုပါ ပျားစစ်ကြောင်းရဲ့လက်နက်ကိုင်အဖွဲ့ဝင်တွေကသိမ်းယူခဲ့ကာ ဖုန်းထဲမှာ စစ်ကောင်စီဘက်က ဖုန်းနံပါတ်တွေတွေ့ရှိရတယ်လို့ စွပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။ သျှမ်းကျောင်းသားသမဂ္ဂနဲ့ ဖယ်ခုံမြို့နယ်ထဲက ဒေသခံအချို့ကတော့ အခုလိုစွပ်စွဲမှုတွေက သတ်ဖြတ်မှုကျူးလွန်ပြီးနောက်မှ ကျူးလွန်မှုကို အပြစ်ပေါ့အောင် အကြောင်းပြချက်ပေးတာအဖြစ် ယူဆထားကြပြီး ဒေသခံတွေကလည်း ရှမ်းကျောင်းဆရာတော် ဦးဓမ္မသာရဟာ စစ်ဘေးရှောင်အရေးတက်ကြွစွာ ကူညီနေတဲ့ ပရဟိတဆရာတော်အဖြစ်နဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ရှိသူဆိုတဲ့ အထောက်အထားတွေနဲ့ ပြောဆိုခဲ့ကြပါတယ်။ အခုလို ဘာသာရေး ခေါင်းဆောင်လို့ဆိုရမယ့် ဆရာတော်ကို ပစ်ခတ်သတ်ဖြတ်ခြင်း အတွက် ကျူးလွန်မှုအပြင် အာဏာသိမ်းစစ်တပ်ကို သတင်းပေးသူ အဖြစ်စွပ်စွဲခြင်းက ဆရာတော်ကို ၂ ခါပြန် သတ်ဖြတ်တဲ့ လုပ် ရပ်မျိုးလို့ သျှမ်းကျောင်းသားသမဂ္ဂဝင်တဦးက မှတ်ချက်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ပစ်ခတ်သတ်ဖြတ်ပြီးနောက်မှာ သတင်းပေးအဖြစ် ဝန်ခံတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး၊ ရုန်းရင်းဆန်ခတ်ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်မျိုးတွေက စစ်တပ်ဘက်က ပေးနေကျ ဆင်ခြေ အကြောင်းပြချက်မျိုးဖြစ်ပြီး ဥပဒေမဲ့ သတ်ဖြတ်တဲ့ လုပ်ရပ်တွေအတွက် ပြန်လည်ဖြေရှင်းနိုင်ခြင်း မရှိတော့တဲ့ သေဆုံးသူတွေကို အပြစ်ပုံချခြင်းအဖြစ် မှတ်ယူကြတာ ဖြစ်ပါတယ်။
ယခုလက်ရှိ ပြည်နယ် နယ်နိမိတ်သတ်မှတ်ချက်အရ ဖယ်ခုံမြို့နယ်ဟာ ရှမ်းပြည်နယ် အုပ်ချုပ်ရေးနယ်နယ် နိမိတ်ထဲတည်ရှိပြီး ကယား၊ ကရင်နီ၊ ရှမ်း နဲ့ ပအို့ဝ် လူမျိုးတွေနေထိုင်ကြတဲ့ နယ်မြေဖြစ်ပါတယ်။
မကြာသေးခင်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ် ကံကြီးတော ကျေးရွာမှာ ကက်သလစ် ဘာသာဝင်ရဟန်းဖြစ်တဲ့ ဖာသာ မာတင်ဒေါ်နယ်ကို ဒေသကာကွယ်ရေးအဖွဲ့က ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အခုလို ဗုဒ္ဓဘာသာဆရာတော်တပါးနဲ့ ကပ္ပိယတို့ကို ဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့ကပစ်သတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အခုလို ဘာသာရေးခေါင်းဆောင်တွေကိုပါမချန် သတင်းပေးအဖြစ်စွပ်စွဲကာ သတ်ဖြတ်မှုတွေက LPDF လို့ ခေါ်တဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်တာဖြစ်သော်လည်း နွေဦးတော်လှန်ရေးတခုလုံးရဲ့ ပုံရိပ်နဲ့ ဂုဏ်သတင်းကို ထိပါးစေတာ ဖြစ်ပါတယ်။ ကရင်နီ/ ကယားဒေသမှာ ပြည်နယ် အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ IECနဲ့ စစ်ကိုင်းတိုင်းမှာတာဝန်ရှိတဲ့ NUG အစိုးရတို့အနေနဲ့ အခုလိုဖြစ်ရပ်အတွက် တိုက်ရိုက်တာဝန်မရှိသည့်တိုင် လူထုထောက်ခံမှုနဲ့ယုံကြည်မှုကိုထိပါးစေမှာ ဖြစ်ပြီး extra judicial killing တွေကို ကျူးလွန်နေတဲ့စစ်ကောင်စီတပ်တွေနဲ့ နှိုင်းယှဥ် ဝေဖန်ခံရမယ့် အန္တရာယ်လည်း ရှိနေတာဖြစ်ပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ အခုလိုဆိုးရွားတဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေ၊ မှားယွင်းစွပ်စွဲ သတ်ဖြတ်မှုတွေကို ရှုတ်ချတားဆီးဖို့ လိုအပ်ပါတယ်။ ထို့အတူ ဒေသခံနဲ့ လူထုလူတန်းစားတွေကို ကိုယ်စားပြုတဲ့အရပ်ဘက်အဖွဲ့တွေ လက်နက်ကိုင်အဖွဲ့တွေကိုယ်တိုင်ကလည်း ဥပဒေမဲ့သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လာလျှင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဝေဖန်ထောက်ပြခွင့် ရှိသလို၊ လူတဦးချင်းစီတိုင်းအလိုက် မိမိသဘောထားကို အစီရင်ခံခွင့်၊ သက်သေခံခွင့်တွေ အာမခံချက်ရှိကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar