Breaking News

ချင်းပြည်နယ်ကို အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲ ပေါင်းသင့်ကြောင်း ပြောဆိုချက်နဲ့ ကဘော်ချိုင့်ဝှမ်း ပြန်တောင်းယူသင့်ကြောင်း ဆွေးနွေးချက်အပေါ် စစ်ကောင်စီ တုံ့ပြန်

မြန်မာနွေဦးခရိုနီကယ် - မတ် ၁၃ မြင်ကွင်း

မိုးမခ၊ မတ် ၁၄၊ ၂၀၂၅ 


ချင်းပြည်နယ်ကို အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲ ပေါင်းသင့်ကြောင်း ပြောဆိုချက်နဲ့ ကဘော်ချိုင့်ဝှမ်း ပြန်တောင်းယူသင့်ကြောင်း ဆွေးနွေးချက်အပေါ် စစ်ကောင်စီ တုံ့ပြန်

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် တဦးက ချင်းပြည်နယ် အနေနဲ့ လူမျိုး၊ ဘာသာစကား၊ ယဥ်ကျေးမှုတွေ တူညီတဲ့ မီဇိုရမ်ပြည်နယ်ထဲ လာရောက်ပေါင်းစည်းသင့်ကြောင်း ၄င်းရဲ့ အမြင်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဆိုပါ ပြောဆိုမှုအပြီး ရက်အနည်းငယ်အကြာမှာ မဏိပူရ်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် တဦးကလည်း ကဘော်ချိုင့်ဝှမ်း လို့ခေါ်ဆိုတဲ့ တမူးမြို့နယ်ထဲက နယ်မြေဒေသကို အိန္ဒိယနိုင်ငံဘက်က လွတ်လပ်ရေး ရပြီးကာလမှာ လက်ဆောင်ပေးခဲ့တာ ဖြစ်လို့ ပြန်လည်ရယူတာ ဖြစ်စေ သို့မဟုတ် အတိတ်မှာ ရှိခဲ့တဲ့ အငှားချတဲ့ ငွေကြေးကို နှစ်စဥ် ပေးဆောင်ဖို့ တောင်းယူသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

ဒီပြောဆိုချက် ၂ ရပ်အပေါ် မူတည်ပြီး စစ်ကောင်စီဘက်က ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတာဝန်လည်း ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အိန္ဒိယက နိုင်ငံရေးသမားအချို့ အနေနဲ့ မိမိတို့လိုဘသာကြည့်ပြီး အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ တုံ့ပြန်ပြောဆိုချက်မှာ အိန္ဒိယ အနေနဲ့ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားပြီး အခုလို ပြောဆိုချက်ဟာ အိန္ဒိယအစိုးရဲ့ သဘောထားမဟုတ်ဘူးလို့လည်း ဆိုလိုချင်တဲ့ သဘောဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ အစိုးရအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အင်အားစု၊ အမျိုးသားညီညွတ်ရေးအစိုးရ မြန်မာအတိုက်အခံ အဖွဲ့အစည်းတွေနဲ့ တရားဝင်ထိတွေ့ဆက်ဆံတာမျိုး မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ 

မြန်မာစစ်ကောင်စီ အနေနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံလည်း ဖြစ်သလို စီးပွားရေး နဲ့ စစ်ရေးအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေထဲ ပါဝင်တဲ့ အိန္ဒိယအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့ ကြိုးစားနေသလို တရုတ်နိုင်ငံနဲ့လည်း ကျားဖြန့်နှိမ်နှင်းရေး၊ ပူးပေါင်းဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံ ပြည်နယ် ၂ ခုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လတ်တလော ပြောဆိုချက်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မလေးစားရာရောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ကောက်ယူမှုမျိုး စစ်ကောင်စီဘက်က သဘောထားပြီး အိန္ဒိယ အစိုးရအနေနဲ့ ၄င်းတို့ ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို ထိန်းထိန်းသိမ်းသိမ်း ပြောဆိုဖို့ တိုက်တွန်းတာမျိုး လုပ်ဆောင်ဖို့ သံတမန်ရေးအရ ကြိုးစားတာမျိုးတွေလည်း ရှိကောင်း ရှိလာနိုင်တာ ဖြစ်ပါတယ်။

အခုလို ပြောဆိုမှုမျိုး ပေါ်ထွက်လာတဲ့ အကြောင်းရင်းခံတွေက မြန်မာနိုင်ငံထဲက နှစ်ကြာရှည်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိမ်နီးချင်းနိုင်ငံထဲ ခိုလှုံလာကြတဲ့ စစ်ဘေးရှောင်တွေရဲ့ အရေးကိစ္စ၊ မီဇိုရမ် ပြည်နယ်က လူမျိုးစုတွေနဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်က ဇိုမီးလူမျိုးစုတွေရဲ့ တူညီတဲ့ ယဥ်ကျေးမှု ဘာသာစကားစတဲ့ အချက်တွေ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ သတိမူရမယ့် အချက်က အချုပ်အချာအာဏာ ထိပါးစေတဲ့ ပြောဆိုမှုဆိုတာထက် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု စုစည်းခိုင်မာမှုရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ဟာ မရေရာ မသေချာမှုတွေ ရှိနေပြီဆိုတဲ့ အချက်ကို သတိပြုသင့်တာ ဖြစ်ပါတယ်။ 

ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်တွေကို အကြောင်းခံပြီး ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာနေတဲ့ ပြည်တွင်းစစ်ကို ကောင်းမွန်စွာ အဖြေရှာ ဖြေရှင်းနိုင်ခြင်း မရှိရင် လူမျိုး၊ ဘာသာစကား ယဥ်ကျေးမှု တူညီတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်နယ်ဘက် ပူးပေါင်းပါဝင်ခြင်းက လူထုတွေအတွက် အကောင်းဆုံး ဖြစ်မယ်ဆိုတဲ့ အမြင် ယူဆမှုတွေ အားကောင်းလာတာဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် သတင်းအကြောင်းအရာတခုက အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက အထွေထွေထိုးစစ်တရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ကျင်းပတဲ့ တပ်မှူးသင်တန်းရဲ့ သင်တန်းဆင်းပွဲသဝဏ်လွှာမှာ ဖော်ပြခဲ့ပါတယ်။ 

အခုလိုပြောဆိုမှုကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါ တိုင်းရင်သားလက်နက်ကိုင် အဖွဲ့တွေနဲ့ အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံး တပြိုင်နက်တည်း စစ်ကောင်စီကို စစ်ဆင်ရေးလုပ်တော့မယ် ဆိုတဲ့ သဘောသက်ရောက်ပြီး ဘယ်အချိန် ဘယ်လို လုပ်ဆောင်မှာလဲ ဆိုတဲ့ နောက်ဆက်တွဲမေးခွန်းတွေလည်း ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ပူးပေါင်းပြီး ထိုးစစ်ဆင်နွှဲဖို့ ဆွေးနွေး သဘောတူညီမှု ရရှိထားပြီလား၊ NUG လက်အောက်က မဟုတ်တဲ့ ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဘယ်လို ပူးပေါင်း လှုပ်ရှားကြမလဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ က တရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ မကြာသေးခင်လပိုင်းတွေကမှ စစ်ကောင်စီနဲ့ အပစ်ရပ် သဘောတူညီခဲ့တာ၊ တချို့အဖွဲ့က လက်ရှိဆွေးနွေးနေဆဲ အခြေအနေတွေက တနိုင်ငံလုံးထိုးစစ်ဆင်နွှဲမှု နဲ့ ရှေ့နောက်ညီညွတ်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ စဥ်းစားစရာတွေ ရှိလာနေတာလည်း ဖြစ်ပါတယ်။ 

အချို့သော ပကတိ အခြေအနေတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာ နယ်မြေ ထိန်းချုပ်မှု၊ အုပ်ချုပ်မှုနဲ့ အခွန်အကောက်ဆိုင်ရာ ကိစ္စတွေအပေါ် အကျိုးစီးပွားထိပ်တိုက်တိုးမှုတွေ ပေါ်ပေါက်ပြီး လက်နက်ကိုင် တိုက်ပွဲအဖြစ် ကူးပြောင်းရောက်ရှိမသွားအောင် ဆွေးနွေးနေကြရတဲ့ အဖြစ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီး ရဲ့ ပြောဆိုချက်က တိုက်ပွဲခေါ်သံလား သို့မဟုတ် စည်းရုံးရေး အရ ပြောဆိုမှု သက်သက်ပဲလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar