Breaking News

ကရင်ပြည်နယ်က ခလယ်ဒေး စခန်းသိမ်းတိုက်ပွဲနဲ့ ကရင်တော်လှန်ရေးလမ်းခရီး

မြန်မာနွေဦးခရိုနီကယ် - မတ် ၂၅ မြင်ကွင်း

မိုးမခ၊ မတ် ၂၆၊၂၀၂၅


ကရင်ပြည်နယ်က ခလယ်ဒေး စခန်းသိမ်းတိုက်ပွဲနဲ့ ကရင်တော်လှန်ရေးလမ်းခရီး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ထဲက ထိုင်းနယ်စပ်နဲ့ ကပ်လျက်တည်ရှိတဲ့ ခလယ်ဒေး တပ်စခန်းကို KNU/KNLA က မတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ သိမ်းယူနိုင်ခဲ့ကြောင်း သတင်းတွေ ဖော်ပြထားကြပါတယ်။ KNU/KNLA ရဲ့ ဌာနချုပ် အနီးမှာရှိတဲ့ ခလယ်ဒေးစခန်းဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ စစ်ကောင်စီ တပ်စခန်းတွေထဲက လက်ကျန်စခန်းတခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းက နယ်စပ်စခန်းတချို့ကို KNU က တိုက်ခိုက်သိမ်းယူခဲ့ပြီးဖြစ်ကာ အခု ခလယ်ဒေးစခန်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နယ်စပ်စခန်းတွေထဲက လက်ကျန် စခန်းတခု ဖြစ်ပါတယ်။ 

အခု သိမ်းယူတဲ့ ခလယ်ဒေးစခန်းဟာ KNU/KNLA ရဲ့ ဒေသ သတ်မှတ်မှုအရဆို တပ်မဟာ ၇ ထဲက စခန်းလည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးဒေသက တပ်မဟာ ၇ နယ်မြေ ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုကြပါတယ်။ တပ်မဟာ ၅၊ တပ်မဟာ ၆၊ တပ်မဟာ ၁ စတဲ့ နယ်မြေတွေမှာ အများဆုံးတိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွေမှာ တပ်မဟာ ၇ နယ်မြေထဲ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေနဲ့ KNU/KNLA နဲ့ တိုက်ပွဲဖြစ်ပွားမှုတွေက ပြည်နယ်၊ တိုင်းသတ်မှတ်ချက်အရဆိုရရင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာ အများဆုံး ဖြစ်ပွားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေမှာ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သထုံမြို့နယ်၊ ပဲခူးတိုင်း စစ်တောင်းမြစ်ရှေ့ဘက်ခြမ်းက ကျောက်ကြီး၊ မုန်း စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး  စစ်ဘေးရှောင် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

KNU/KNLA  အနေနဲ့  ၂၀၂၁ ခုနှစ် မတိုင်ခင် ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ နှစ်ဆက်မှာ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA တွေကို လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ ဖြစ်ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြို့တွေပေါ်ကနေ တိမ်းရှောင်လာတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ ပါဝင်လှုပ်ရှားတဲ့ သူတွေကို လက်ခံစောင့်ရှောက်ပေးခဲ့သလို လက်နက်ကိုင်ပြီး စစ်အာဏာရှင်တွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားကြတဲ့ သူတွေကိုလည်း စစ်ပညာသင်တန်းတွေ သင်ကြားပေးခဲ့တဲ့ အဖွဲ့တဖွဲ့ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဖွဲ့စည်းခြင်း၊ အချိန်ကာလတခုထိ KNU/KNLA ထိန်းချုပ်နယ်မြေတွေမှာ အခြေစိုက်နိုင်ဖို့ အကာအကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနက် သက်တမ်း အရှည်ကြာဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လို့ ဆိုရင် KNU/KNLA ကိုသာ ညွှန်းဆိုရမှာဖြစ်ပါတယ်။ အခုလို သက်တမ်းရှည်ကြာတဲ့ သမိုင်းရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ အခုချိန်ကာလထိ ၄ နှစ်ကျော်ကာလအတွင်း အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလို နယ်မြေနဲ့ မြို့အများအပြား ဘာကြောင့် သိမ်းယူခြင်း မပြုနိုင်တာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိကောင်းရှိနေမှာ ဖြစ်ပါတယ်။ 

KNU/KNLA အနေနဲ့ စစ်ကောင်စီ တပ်စခန်းတွေ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကို သိမ်းယူဖို့ ရည်ရွယ်ချက်ရှိတာ အသေအချာဖြစ်ပေမယ့် ကရင်လက်နက်ကိုင် အဖွဲ့တွေကွဲပြားနေပြီး တဖွဲ့နဲ့ တဖွဲ့ဦးတည်ချက် ကွဲပြားတာ၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အနေအထားက ကရင်ပြည်နယ်နဲ့ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသအချို့က မြို့တွေနဲ့ စခန်းတွေကို သိမ်းယူခြင်း မပြုနိုင်ရခြင်း အဓိက အကြောင်းအချက် တခုလည်း ဖြစ်ပါတယ်။ 

ကရင်လက်နက်ကိုင် အဖွဲ့တွေအနက် KNU/KNLA က အင်အားအကြီးဆုံး ဖြစ်ပေမယ့် ၁၉၉၀ ခုနှစ်လယ်ဝန်းကျင်က ခွဲထွက်ခဲ့တဲ့ DKBA အဖွဲ့ကနေ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ စောချစ်သူ ဦးဆောင်တဲ့ BGF က ဒုတိယ စစ်အင်အား အကြီးဆုံးဖြစ်ပြီး ကရင်လူမျိုး လက်နက်ကိုင်လည်းဖြစ် ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကာလတွေမှာ စစ်တပ်က ပေးထားတဲ့ အခွင့်အရေးတွေကို အသုံးချပြီး အမျိုးမျိုးသော တရားမဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ငွေကြေး လက်နက်အင်အား ဖြည့်တင်းထားရှိတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ BGF အဖွဲ့အပြင် တပ်မဟာ ၇ နယ်မြေထဲမှာ ယခင် တပ်မဟာမှူးဖြစ်တဲ့ ဗိုလ်ထိန်မောင် ခေါင်းဆောင်ခဲ့တဲ့ ထော့ကော်ကိုး အဖွဲ့လို့ သိကြတဲ့ KNU/KNLA (PC) အဖွဲ့လည်း ရှိပြီး BGF ထဲ ပါမသွားတဲ့ DKBA  ကလိုထူးဘော အဖွဲ့ လည်း ရှိပြန်ပါတယ်။ နောက်ဆုံးတဖွဲ့ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ယခင် KNU ဥက္ကဌ ဗိုလ်ချုပ်မြရဲ့ သားဖြစ်သူ KNDO ရဲ့ ဦးစီးလုပ်ခဲ့သူ ဗိုလ်နယ်လ်ဒါးမြ ဦးဆောင်တဲ့ KTLA လို့ခေါ်တဲ့ ကော်သူးလေတပ်မတော် တို့ဖြစ်ပါတယ်။ KTLA က နောက်ပိုင်းမှာ တနင်္သာရီတိုင်းဘက်မှာ ပိုမိုလှုပ်ရှားနေတာတွေ့ရမှာ ဖြစ်ပါတယ်။ အခုလို အဖွဲ့တွေ ၅ ဖွဲ့လောက် အင်အားကွဲပြားနေခြင်းက KNU/KNLA အနေနဲ့ နယ်မြေသိမ်းတိုက်ပွဲတွေ လုပ်ဆောင်ဖို့ အတားအဆီးဖြစ်စေတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ အနာဂတ်ပေါ်ထွက်လာမယ့် ပုံသဏ္ဌာန်တွေကို တွေးကြည့်ရင် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အရေးတကြီး ထည့်သွင်းစဥ်းစားရမယ့် အကြောင်းအရာတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသက လက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်မှု၊ ရှင်သန်နိုင်ရေးတွေက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက် မဖြစ်မှသာ ရင်ဆိုင်ရတဲ့ အခက်အခဲ အတားအဆီး နည်းပါးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ၄င်းရဲ့ နယ်နိမိတ် လုံခြုံရေး၊ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် အသုံးပြုခွင့်တွေအတွက် မြန်မာနိုင်ငံရေးမှာ လိုအပ်တဲ့ ဘယ်လို ချိန်ညှိမှုမျိုးမဆို ပါဝင်ပတ်သက်နေလိမ့်မှာ ဖြစ်ပါတယ်။ 

KNU/KNLA အနေနဲ့ ထိုင်းနိုင်ငံနဲ့သာ နယ်နိမိတ်ထိစပ်တာ ဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ပတ်သက်တဲ့ မဟာဗျူဟာရဲ့ သက်ရောက်မှုလည်း အတိုင်းအတာတခုထိခံစားရနိုင်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအနက် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို သတိထားစောင့်ကြည့်နေသလို အဆိုပါ အဖွဲ့တွေနဲ့ ၄င်းနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းလုပ်ကိုင်တာမျိုးကို မဖြစ်စေဖို့ ကြိုးပမ်းမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ 

KNU/KNLA အနေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း နဲ့ အနောက်ပိုင်းက လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်တိုင် မြန်မာနိုင်ငံတောင်ပိုင်းဒေသရဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်ကောင်စီတပ်တွေကို နယ်မြေကျဥ်းလာအောင် ကြိုးပမ်းရေးမှာတော့ KNU/KNLA ဟာ အဓိကကျတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်နေဦးမှာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar