Breaking News

ဖလော်ဒါဟန် - တစ်မိနစ် ၇ ဒသမ ၇

ဖလော်ဒါဟန် - တစ်မိနစ် ၇ ဒသမ ၇

မိုးမခ ၊ မတ် ၃၁ ၊ ၂၀၂၅


အချိန်က နေ့လယ်ခင်း အပူချိန်က အပြင်းကြီးတော့ မဟုတ်တန်ရာပါဘူး ။ကျွန်မ ရေချိုးပြီး ထိုင်နေကျ ခုံလေးမှာ ထိုင်နေခဲ့တယ်။ ထမင်စားဖို့ ခေါင်းထဲ ရှိပေမဲ့ နေ့ခင်းစာ စားဖို့ နောက်ကျသွားတယ်။

အဲအချိန်မှာပဲ မထင်မှတ်ထားတဲ့ ကြောက်စရာ အသံကြီးနဲ့အတူ အ‌ဆောက်အုံတွေ စယမ်းခါ လှုပ်ယမ်းပစ်လိုက်တယ်။

ကျွန်မလက်ထဲမှာ ဖုန်းရှိပေမဲ့ နှလုံးခုန်သံရပ်မတတ် ခံစားချက်က ဘာကိုမှ မှတ်တမ်းမတင်လိုက်နိုင်ပါဘူး။

ကျွန်မအရီးရဲ့ ကပ်ကြီး ၃ ပါး ဘုရားစာရွတ်သံက တရွာလုံးနီးနီး ကြားနိုင်တဲ့ အနေအထားအထိအသံကုန် ရွတ်နေရှာတယ်။

ငလျင်လှုပ်ချိန် တမိနစ်ကြာလို့ သိထားတဲ့အချိန်က ကျွန်မအတွက် အတော်လေး ကြာနေသလို ခံစားလိုက်ရတယ်။

ကျွန်မအိမ်က ဝါးနဲ့ တထပ်အိမ်လေး ဖြစ်သလို သံတ်ုင်တွေနဲ့ဆိုတော့ အပျက်အစီးမရှိပေမဲ့ အဆောက်အအုံရဲ့ အနေအထားမှ ဝါးနံရံတွေ ၂ လက်မ‌စီ ရွေ့သွားခဲ့တယ်။ ထမင်း ဟင်းအိုး အားလုံနီးနီး မြေပြင်ပေါ် ပြန့်ကြဲကုန်တယ်။

ကျွန်မရဲ့အိမ်ရှေ့က ရှေးဟောင်ဘုရားနီ ဘုရားကြီးမှ ပြိုကျ ကွာကျသွားတဲ့ အမှူန်တွေဟာ လောကကြီးကို အလင်းရောင်အောက်မှာ ပျောက်ကွယ်သွားတယ်။

ကျွန်မက ဘုရားကြီးကို မှတ်တမ်းတင်မလို့ ခြံစည်းရိုးအရောက် ဒုတိယအကြိမ် ပြင်းထန်တဲ့ အသံကြီးက ကျွန်မအနား ရောက်လာချိန် ကျွန်မ မြေပြင်ပေါ်မှာ ထိုင်ချလိုက်တယ်။ အနီးမှာ သရက်ပင်ကြီးရှိတာ မေ့သွားပေမဲ့ ကျွန်မ ဘေးလွတ်ရာကို မသွားနိုင်ခဲ့ပါဘူး။

ခဏအကြာ အသံတွေ တိတ်ဆိတ်သွားတယ်။

၂၈.၃.၂၀၂၅ ရက်နေ့ နေ့ခင်းအချိန် ၁ နာရီပြည့်ဖို့ ၅ မိနစ်အလိုမှာပြင်းအား ၇ ဒသမ ၇  ငလျင်ဒဏ်မှ ကြာချိန် ပထမအကြိမ် တမိနစ် ဒုတိယအကြိမ် ၂၀ စက္ကန့်မှာ မြန်မာပြည်ကြီး လူသားအစွမ်းအားအရင်းများစွာကို ဝါးမျိုခံလိုက်ရတယ်။

ဘဝမှာ တကြိမ် တခါမှ မကြုံဖူးတဲ့ အခုလို အဖြစ်အပျက်များအတွက် ကြေကွဲ တိတ်ဆိတ်ခဲ့သလို အရာအားလုံးဟာလည်း မြေပေါ်  မြေအောက် ဆုံးရှုံးမှုတွေထက် အသက်တွေများစွာ ဆုံးရခဲ့ရတယ်။

လွန်ခဲ့သော ၂၀၁၀ ဝန်းကျင်လောက်က ဖြစ်မလားဘဲ ကျွန်မ အင်းဝ ဗားကရာကျောင်းကြီးကိုတာဝန်ကျချိန် သု‌တေသနပြုသူ ဂျီဩလောဂျစ်များနဲ့ ဆုံခဲ့ဖူးသလို ဗဟုသုတဖြစ်စရာ အကြောင်းလေးလည်း ပြောပြခဲ့ကြတယ်။

"နောင်နှစ်ပေါင်း ၅၀ လောက်ဆိုရင် အင်းဝ ဆိုတာ ရေအောက်ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် ငလျင်ကြောရှိရာနေရာတွေကို တထပ်အိမ် ဝါးနဲ့ တည်ဆောက်နေထိုင်ကြရင် ပိုပြီး သင့်လျော်တယ်" ဆိုတာမျိုးအထိ အကြံဉာဏ် ပေးသွားခဲ့ဖူးတယ်။

ထိုအချိန်က အမှတ်မထင် ပြောခဲ့တဲ့စကားတွေ အခုတော့ အန္တရာယ်ရဲ့ ရှေ့ပြေးဆိုတာ ကျွန်မလက်တွေ့သိလိုက်ရပါပြီ။

ပညာရှင်များ‌ရှိပါလျက်၊ ကြိုတင်ပြင်ဆင်မှုများ လုပ်နိုင်ပါလျက်၊ အကြံဉာဏ်များ ပေးနိုင်သူများရှိပါလျက် ပြည်သူတွေနဲ့ အဝေးဆုံးခရီးမှာ အာဏာတည်မြဲဖို့ပဲ ကြိုးစားနေရင်တော့ ဘေးထွက်ဆိုကျိုးများစွာနဲ့ ပြည်သူတွေဘဝ ရေတိမ်နစ်ဖို့ပဲ ရှိပါတော့တယ်။


ဘေးအပေါင်းမှကင်းဝေးကြပါစေ။

၂၈.၃.၂၀၂၅

သောကြာနေ့

၁၂:၅၅ နေ့လယ်




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar