Breaking News

ပြည်တွင်းစစ်ရဲ့ အလယ်က သဘာဝဘေးအန္တရာယ်

မြန်မာနွေဦးခရိုနီကယ် - မတ် ၃၀ မြင်ကွင်း

မိုးမခ၊ မတ် ၃၁၊ ၂၀၂၅


ပြည်တွင်းစစ်ရဲ့ အလယ်က သဘာဝဘေးအန္တရာယ်

မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပျဥ်းမနား၊ ကျောက်ဆည်၊ တောင်ငူ၊ ပျော်ဘွယ်၊ ညောင်ရွှေ၊ အင်းလေး၊ စတဲ့ မြို့တွေက ငလျင်လှုပ်ခတ်တဲ့ ပြတ်ရွေ့ကြောနဲ့ အနီးဆုံးတည်ရှိနေကြတဲ့ မြို့တွေနဲ့ ငလျင်ဗဟိုချက်နဲ့ နီးကပ်စွာတည်ရှိနေတဲ့ မြို့တွေ ဖြစ်ပြီး ထိခိုက်မှုကို အဆိုးဆုံးခံစားကြရတာ ဖြစ်ပါတယ်။ 

အဆိုပါ မြို့တွေအနက် အများစုက ပြည်တွင်းစစ် ဖြစ်ပွားနေတာ သို့မဟုတ် ပြည်တွင်းစစ်ဒဏ်ကို သက်ရောက်ခံစားနေကြရတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဥပမာ- မန္တလေးမြို့ဟာ စစ်ဖြစ်ပွားခြင်း မရှိပေမယ့် စစ်ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင် သောင်းဂဏန်း သိန်းဂဏန်း ရှိတဲ့သူတွေ ယာယီခိုလှုံနေကြတဲ့ မြို့ဖြစ်သလို၊ မန္တလေး တဖက်ကမ်း စစ်ကိုင်းမြို့ဆိုရင်လည်း မြို့ဧရိယာ ကွက်ကွက်လေးသာ စစ်ဖြစ်ပွားခြင်း မရှိဘဲ မြို့ဧရိယာကျော်သွားတာနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။  

ပြည်တွင်းစစ်ကြောင့် နကိုကတည်းက ဆက်သွယ်ထားတဲ့ လမ်းခရီးတွေတလျှောက် လုံခြုံရေး အတားအဆီးတွေ၊ ကန့်သတ်မှုတွေ နဲ့ လူထုအနေနဲ့လည်း လက်နက်ကိုင် တိုက်ခိုက်မှုတွေအကြား အသက်ဘေးက လွတ်ကင်းအောင်နဲ့ ရှင်သန်စားသောက်ဖို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်ကိုင် ရှင်သန်နေထိုင်နေကြရတာပါ။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ နဂိုကတည်းက အားနည်းနေတဲ့ ဒေသတွေ၊ ဆေးဝါး၊ ကျွမ်းကျင်သူ၊ အသုံးစရိတ်ဘတ်ဂျက်တွေ ရှားပါးခန်းခြောက်နေတဲ့ အခြေအနေ၊  လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေတဲ့ အခြေအနေတွေ အကြား အခုလို ကြီးမားတဲ့ ငလျင်ဘေးဒဏ်ကို ခံစားကြရတာ ဖြစ်ပါတယ်။ လူထုက အုပ်ချုပ်တဲ့ အစိုးရကို အယုံအကြည်မရှိတဲ့ အနေအထားမျိုးမှာ တသက်မှာ တကြိမ်လောက် ကြုံတွေ့နိုင်တဲ့ ငလျင်ဘေးဒဏ်ကို ခံစားကြရတာ ဖြစ်ပါတယ်။ 

လူဦးရေ ၁ သန်းခွဲ ရှိတဲ့ မန္တလေးမြို့နဲ့ ပတ်သက်တဲ့ သတင်းတွေ အများအပြား တွေ့မြင်နေကြရပေမယ့် လူဦးရေ ၃ သိန်းကျော်ရှိတဲ့ စစ်ကိုင်းမြို့နဲ့ပတ်သက်တဲ့ သတင်းတွေ နည်းပါးနေတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းမြို့မှာ ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေ၊ ဘာသာရေး အဆောက်အဦတွေအောက်မှာ အသက်ရှင်သန်ဖို့ အခွင့်အရေး ရှိနေသေးသူတွေ အများအပြား ကျန်ရှိပေမယ့် စစ်ကိုင်းမြို့ထက် လူဦးရေ ၅ ဆကျော်များတဲ့ မန္တလေးမြို့ကို အာရုံပိုစိုက်ခံရတာလည်း သတိပြုမိပါတယ်။ 

မန္တလေးမြို့ရဲ့ ထိခိုက်သေဆုံးမှု၊ ပျက်စီးမှုတွေ လျင်လျင်မြန်မြန်နဲ့ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ တွေ့ မြင် ကြားသိကြရပေမယ့် စစ်ကိုင်းမြို့ အပျက်အစီးတွေနဲ့ ပတ်သက်လို့ များများစားစား မတွေ့မြင်ကြရပါဘူး။ စစ်ကိုင်းမြို့ကို ဖြတ်သန်းသွားတဲ့ မန္တလေး-မုံရွာ ဆက်သွယ်ထားတဲ့ ကားလမ်းတလျှောက် မှာ နေအိမ်တွေ ပြိုကျပျက်စီးနေပြီး အုတ်ပုံအပျက်အစီးတွေသဖွယ် ဖြစ်နေတဲ့ ဓာတ်ပုံ ဗီဒီယိုတချို့ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘုရားစေတီတွေ ပြိုကျပျက်စီးသလို အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုရာ ဗလီတချို့ ပြိုကျခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ ပြိုကျမှုကြောင့် သေဆုံးမှုတွေ အများအပြားရှိသလိုပဲ စစ်ကိုင်းမြို့ဟာ စစ်ကိုင်းတောင်ရိုးတလျှောက် ဘုရားစေတီ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေ အများအပြားရှိပြီး အဆိုပါ တောင်ရိုးတလျှောက်မှာ ရှိတဲ့ ဘာသာရေးအဆောက်အဦတွေ ပြိုကျပျက်စီးပြီး ပိတ်မိနေတဲ့ သတင်းတွေ လူမှုကွန်ရက်မီဒီယာမှာ ဟိုတစ သည်တစ တွေ့မြင်နေကြရပါတယ်။ ဗုဒ္ဓဘာသာရေး အဆောက်အဦတွေတင်မက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေလည်း ပြိုကျပျက်စီးပြီး သေဆုံးသူ၊ ပိတ်မိနေသူတွေ အများအပြားရှိနေတဲ့အကြောင်း ရေးသားဖော်ပြမှုတွေ တွေ့နေရပြီး စစ်အစိုးရဘက်က ကယ်ဆယ်ရေး အကူအညီ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေရဲ့ အကူအညီတွေ ရောက်ရှိတာ မကြားသိကြရသေးပါဘူး။ 

စစ်ကိုင်းမြို့ဟာ အခုလို ငလျင်ဘေးအန္တရာယ် မကျရောက်ခင်ကတည်းက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဟာ မြို့ပေါ်မှာသာ ရှိပြီး စစ်ကိုင်းမြို့ကနေ မင်းကွန်းဘက် ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်နဘေးက ကားလမ်းတလျှောက်၊ စစ်ကိုင်းကနေ မုံရွာကားလမ်းတလျှောက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်တာ၊ ချောင်းမြောင်းပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အနေအထားဖြစ်ပါတယ်။ 

မင်းကွန်းခေါင်းလောင်းကြီး ရှိတဲ့နေရာ မင်းကွန်းပုထိုးတော်၊ မြသိန်းတန် စေတီ စတဲ့နေရာတွေက တချိန်က ဘုရားဖူးခရီးသွားတွေ နဲ့ စည်ကားတဲ့ ဒေသတွေ ဖြစ်ပေမယ့် အခုနှစ်ကာလတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ တိုက်ခိုက်ခံရတဲ့ ဒေသတွေ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမျိုးအောက်မှာ ငလျင်ဘေး ကျရောက်ပြီး ကယ်ဆယ်ရေးတွေ နဲ့ ကူညီပေးရေးတွေကို လက်နက်ကိုင် ခုခံတိုက်ခိုက်နေတဲ့ ဒေသတွေ ဖြစ်လို့ တကြောင်း ဒေသခံ လူထုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံအားပေးတယ်လို့ မှတ်ယူမှုကြောင့် တကြောင်း စစ်ကောင်စီဘက်က လျစ်လျူရှုထားတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

စစ်ကိုင်းမြို့ထဲက မြင်ကွင်းတွေက သတင်းဓာတ်ပုံ၊ ဗီဒီယိုမှာ မြင်တွေ့ရရုံနဲ့တင် စိတ်ထိခိုက်စရာ ကြေကွဲစရာကောင်းတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ လူမှုကွန်ရက်မီဒီယာတွေမှာ အကူအညီတောင်းခံနေတဲ့ ပို့စ်တွေ အများအပြား ရေးသားထားကြတာ တွေ့ မြင်ရချိန်မှာ တော်တော် စိတ်ထဲထိခိုက်ကြေကွဲစရာ ကောင်းပါတယ်။ 

မတ်လရဲ့ အပူရှိန် အောက်မှာ ပိတ်မိနေတာ မဟုတ်တဲ့သူတွေတောင် အသက်ရှင်သန်ရေးအတွက် သောက်ရေ စားစရာ မလုံလောက်တဲ့ အနေအထား အိပ်စရာ အမိုးကောင်းကောင်းမွန်မွန်မရှိတဲ့ အနေအထားမှာ အပျက်အစီးတွေရဲ့ အောက်က အကူအညီကို တောင်းခံနေသူတွေအတွက် အချိန်နာရီက ရေတွက်လို့ရလောက်အောင် နည်းပါးလာနေပြီဖြစ်ပါတယ်။ 

သဘာဝဘေးအန္တရာယ်ကို ခံစားရတာချင်း အတူတူ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေကို ခွဲခြားဆက်ဆံတဲ့ သဘောထားနဲ့ လုပ်ဆောင်မှုတွေက လူသားမဆန်တဲ့ အပြုအမူတွေ ဖြစ်ပြီး စစ်ကောင်စီရဲ့ ဆိုးယုတ်မှုတွေကို ထပ်မံမှတ်တမ်းတင်ခံရမယ့် အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ 

သဘာဝဘေးအန္တရာယ်ကြောင့် လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ နှစ်ဖက်သော အဖွဲ့တွေ ကယ်ဆယ်ရေးတွေ ပူးပေါင်းဆောင်ရွက်ကြရင်း လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ကြမလားဆိုတဲ့ စဥ်းစားမှု၊ အဆိုပြုချက်တွေ ခုရက်ပိုင်း ပေါ်ထွက်လာပေမယ့် နိုင်ငံ့အာဏာကို ရယူထားတဲ့ စစ်ကောင်စီ အနေနဲ့ ဒီလို အခြေခံစိတ်နေစိတ်ထား မရှိတဲ့အဖြစ်က မျှော်လင့်ချက်တွေကို ပျက်စီးစေမယ့် သဘော ဖြစ်ပါတယ်။ အခုလို အသက်ရှင်သန်ခွင့် မိနစ်နဲ့ နာရီသာ ကျန်ရှိတော့တဲ့အချိန်အခါမှာတောင်  ပြည်တွင်းစစ်ထဲကနေ ထွက်လိုတဲ့ စိတ်ဆန္ဒမရှိခဲ့ရင် ငြိမ်းချမ်းရေး မျှော်လင့်ချက်က အလှမ်းဝေးနေဦးမှာ အသေအချာပဲ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar