မောင်လင်းရိပ် - နာရီသံကို လေသံတွေက ဖုံးလို့
နာရီသံကို လေသံတွေက ဖုံးလို့
မောင်လင်းရိပ်
(မိုးမခ) မတ် ၉၊ ၂၀၂၅
အရူးက စိန်တုံးကောက်ရတာဟာ ဒိတ်အောက်သွားပြီး
အရူးက စိန်ပွင့်တပ် နှင်တံကို တရားဝင်ရသလိုဖြစ်သွားတာက ရှုပ်နေပြီ
မိစ္ဆာ ဝင်ရိုးတန်းဆိုတာ သမိုင်းခေတ်ထဲ ကျန်ခဲ့တဲ့ ကလီရှေးဖြစ်သွားပြီး
အကျိုးစီးပွား ဝင်ရိုးတန်းဆိုတာက လိင်မခွဲ ဆက်ဆံစပ်ရှက်နိုင်မှု ခေတ်ပြိုင်အလားအလာဖြစ်တယ်
ဝင်ရိုးတွေ တန်းမိသွားရင် မိစ္ဆာယန္တရားဟာ လည်ပတ်တော့မှာပဲ
ချက်ချက်မြည်တဲ့ နာရီသံကိုဖုံးအောင် ယန္တရားဆိုတာ တဝုန်းဝုန်းလည်တတ်တယ်
ဘယ်နှနာရီရှိသွားပြီလဲလို့ ဩဒက်ဆာက လှမ်းမေးသံ၊ ဂါဇာက လှမ်းမေးသံ။
ငါတို့ရော ဘယ်လို ပြန်ဖြေရမလဲ၊ ကမ္ဘာ့နေရာ ၁၂၀ ကျော်မှာ မိစ္ဆာ ယန္တရားဟာ လည်နေသတဲ့
ဘယ် ဖျော်ဖြေရေးပြဇာတ်ရုပ်ရှင်မှ မလိုတော့တဲ့ ကမ္ဘာ၊ အချိန်နဲ့အမျှ
ဗိလိန်တွေရဲ့မျက်နှာဟာ သတင်းတွေမှာ ပေါ်လာတယ် ဒု သ န သော ဆိုတဲ့ အော်သံနက်ကြီးလိုမျိုးတွေနဲ့
ဒန်တေကိုလည်း ဖတ်စရာမလိုတော့ နေမိ ငရဲခန်းပျို့လည်း ပိတ်ထားလိုက်တော့
မီးတောင်တွေပေါက်သလို ကမ္ဘာမြေအပြင်မှာ ငရဲမီးလျှံတွေဟာ တပွက်ပွက် တက် ကိုယ်ထင်ပြ
စစ်နဲ့ စီးပွားရေးက တရားဝင်လက်ထပ်ပေါင်းသင်းနေပြီး
လကျ်ာစွန်းတွေက လက်ဝဲ တစ်ဖြစ်လဲတွေဆီ စက္ခုရုပေန သံဝါသနေချေပြီ
မြွေတွေမိတ်လိုက်နေတော့ လိမ်ယှက်ပြီး မိုးကိုလက်ညှိုးထိုးနေပုံက လိင်္ဂ ကိုးကွယ်ခံသင်္ကေတလိုလို
အဲသလို လေသံတရွှီရွှီတိုက်ခတ်နေပုံတွေဟာ အရူးတွေရော စိန်တုံးတွေပါ လွင့်ပါသွားမတတ်ပဲ
မတ် ၅၊ ၂၀၂၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar