Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁)

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁)

မိုးမခ၊ မတ် ၈ ၊ ၂၀၂၅

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက် ၃ လအကြာ ဇွန် ၁၉ မှာ အသက် ၈၀ ပြည့်ပြီ။ သူ့ရဲ့ မွေးနေ့အကြို ဂုဏ်ပြု စာကလေးကို အခုကစ ရေးမည်။ ဒီတော့ ကဗျာဆရာတွေက သူမကို ဘယ်လောက် ကြည်ညိုသလဲ သိလိုတာမို့ ကျနော်ရှာတော့ ကဗျာဆရာမိုဃ်းဇော်ရဲ့ ကဗျာကို တွေ့တယ်။

ဖတ်ရင်းအခု

မျက်ရည်ဥကျ

ငိုရတဲ့ ကဗျာ။ ။

ကဗျာခေါင်းစဉ်က "အမေ" လို့ အမည်ရပါတယ်။


အမေ

(မိုဃ်းဇော်)

သမီးတယောက် အနေနဲ့

အဖေကို စွန့်လွှတ်ခဲ့တယ်။

ဇနီးတယောက် အနေနဲ့

ခင်ပွန်းကို စွန့်လွှတ်ခဲ့တယ်။

မိခင်တယောက် အနေနဲ့

ရင်သွေးတွေကို စွန့်လွှတ်ခဲ့တယ်။

လူသားတယောက် အနေနဲ့

စည်းစိမ်တွေကို စွန့်လွတ်ခဲ့တယ်။


မိန်းမသားတယောက် အနေနဲ့

လူ့အခွင့်အရေးတွေကို စွန့်လွှတ်ခဲ့တယ်။


အသက်ရှင်လျှက် စွန့်လွှတ်ခဲ့ရခြင်းများမှာ

သူ လုံးဝ မစွန့်လွှတ်ခဲ့တာကတော့

ကျနော်တို့ ပြည်သူ သန်းငါးဆယ်။ ။

မိုဃ်းဇော်အပါ ကဗျာဆရာ ၆၆ ဦးရဲ့ ဒေါ်စု ၆၆ နှစ်မွေးနေ့ ကဗျာများထဲမှ မိုဃ်းဇော်ရဲ့ ကဗျာကို ဖော်ပြလိုက်တာပါ။ ဒီကဗျာကို ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် ကဗျာရွတ်ပွဲ ဗွီဒီယိုဖိုင်မှာတွေ့တယ်။ အဲ့သည်မှာ တော်လှန်ကဗျာဆရာ ငြိမ်းသစ်က မိုဃ်းဇော်ရဲ့ "အမေ" ခေါင်းစဉ်နဲ့ ကဗျာကို ရွတ်ထားတာပါ။ သူရွတ်တာကို ကျနော်က စာရိုက် ကူးယူခဲ့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့်ဟာ လာမည့် ဇွန် ၁၉ ရက်မှာ ရောက်တော့မယ်။ ၈၀ အမေကို ကြိုဂုဏ်ပြုမယ်။ ဒါကြောင့် ကဗျာလိုလို စာလိုလိုတပုဒ်ကို အခုတင်ပဲ ကျနော်က အောက်ပါအတိုင်း ထပ်ရေးချလိုက်တယ်။

သူတော်စင်မိခင် 

(မောင်တူး)

ထောင်ထဲဝင်သွား၊ မိန်းမသားသည်

ရောင်းစားချဲဒိုင်မဟုတ်ပြီ။


ထောင်ထဲဝင်သွား၊ မိန်းမသားသည်

ကျားဖြန့်ခေါင်းဆောင်မဟုတ်ပြီ။


ထောင်ထဲဝင်သွား၊ မိန်းမသားသည်

ဘိန်းစား ဘိန်းရောင်း မဟုတ်ပြီ။


ထောင်ထဲဝင်သွား၊ မိန်းမသားသည်

လာဘ်စား လုပ်စား မဟုတ်ပြီ။


ထောင်ထဲဝင်သွား၊ မိန်းမသားသည်

တိုင်းသားလူထု၊ ကောင်းစားမှုတွက်

သူ့ဘဝပေး၊ စတေးနေသူ

သူတော်စင်မကြီး ဖြစ်ပါသည်။ ။


ဇူလိုင် ၁၉ တွင် ၈၀ ပြည့်မည့် အမေစုသို့

ဒေါ်အောင်ဆန်းစုကြည်ကို သူ့မွေးနေအတွက် ၃ လအလိုမှာ ကျနော် မောင်တူးက အထက်ပါအတိုင်း ရေးပါတယ်။ ဒေါ်စုအတွက် ကျနော် ရေးတဲ့ကဗျာက သိပ်ကောင်းလှမှာ မဟုတ်ပါဘူး။ မောင်တူး ဆိုတာ ကဗျာဆရာမှ မဟုတ်ပဲ။ ဒါကြောင့် ဒေါ်စု မွေးနေ့အကြို ကဗျာဆရာ စစ်စစ်တွေရဲ့ ကဗျာတွေကို ဖော်ပြပေးပါဦးမယ်။ ပထမဦးဆုံးကတော့ သမိုင်းဝင် စာဆိုကြီး "မင်းသုဝဏ်" ရဲ့ကဗျာပါ။

မွေးနေ့ဆုတောင်း

မင်းသုဝဏ်

ပြည်သူတွေအောင်ပန်း၊ မြဲဆင်မြန်းသည့်

အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို

မြန်ပြည်တလွှား၊ ချစ်သူများခဲ့။


တို့အား တို့အင်၊ တို့အရှင်ကို

ကြည်ရွှင်စေသော၊ မာစေသောဟု

မွေးသောနေ့မှာ၊ တို့သူငှာသည်

မေတ္တာကြည်လင်၊ ရွှင်ရွှင်ဖို့။


ဒေါင်းပျိုအိုးဝေ တွန်စေဖို့

မြတ်ဆုမွန်ကောင်း တောင်းကြစို့။ ။

(၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်နေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၄၅ နှစ်မြောက် မွေးနေ့အတွက် စပ်ဆိုခဲ့တာပါ။) ‘ရဲဇာနည်’၊ ‘တို့အရှင်’ ဝေါဟာရတွေကို ဆရာကြီး မင်းသုဝဏ်က တလေးတစား သုံးစွဲထားတာကို အများကနှစ်သက်ကြပါတယ်။ သမိုင်းဝင် စာဆိုတော်ကြီး မင်းသုဝဏ်ကတောင် အခုလို ကဗျာစပ် ဂုဏ်ပြုပေးခဲ့ရတဲ့ အမေပါတကား။

နောက်တပုဒ်က ကဗျာဆရာ အောင်ဝေးရဲ့ကဗျာပါ။ ၂၀၂၃ ဇွန် ၁၉ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် (၇၈) နှစ်ပြည့်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုကဗျာပေါ့။


စံပယ်နွေဦး


စံပယ်နှစ်ပွင့်

ညက ပွင့်တယ်။


တစ်ပွင့်

ဘုရားတင်တယ်။


တစ်ပွင့်

ဒေါ်အောင်ဆန်းစုကြည် တင်တယ်။ ။


ဆရာအောင်ဝေးဟာ ကဗျာတွေ အများကြီးရေးတယ်။ ကဗျာစာအုပ်တွေလည်း အများကြီးထုတ်တယ်။ ၇၈ နှစ် မြောက် အမေစု မွေးနေ့အတွက် ဆရာအောင်ဝေးရဲ့ နောက်ထပ်ကဗျာတပုဒ်က


ခမ်းနားတဲ့လရောင် 

(အောင်ဝေး)

သူက

ငါတို့ရင်အုံက လှံကို

နုတ်ပေးခဲ့။


ငါတို့က

သူ့နောက်ကျောစိုက်နေတဲ့ ဓားကို

မေ့လို့။


ကျေးဇူးတရား ဆိုတာ

ခမ်းနားတဲ့ လရောင်။


နောက်ဖေးလမ်းကြားက

ခွေးတွေကတော့

ဟောင်နေဦးမှာပဲ။ ။


ချစ်ခင်လေးစား ရပါသော ကိုအောင်ဝေးရဲ့ အမေစု ဂုဏ်ပြုကဗျာ ၂ ပုဒ်ကို ဖော်ပြအပြီးမှာ မြန်မာ့သမိုင်းဝင် စာဆိုတော်ကြီး ဆရာကြီး တင်မိုးရဲ့ ဒေါ်စု ဂုဏ်ပြုကဗျာတွေကို လိုက် ရှာပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ၇၈ နှစ်ပြည့် ကဗျာရွတ်ပွဲ ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘုတ်မှာတွေ့တယ်။ အဲ့သည်မှာ တော်လှန်ကဗျာဆရာ မောင်လွမ်းဏီက ဆရာတင်မိုးရဲ့ "ထာဝစဉ်" ခေါင်းစဉ်နဲ့ ကဗျာရွတ်နေပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က "ထာဝဇဉ်" တဲ့။ လူထုခေါင်းဆောင် အမေစုကို ထာဝစဉ် လေးစား တန်ဖိုးထားတဲ့ သဘော ကဗျာပါ။ စာဆိုတော်ကြီး တင်မိုးရဲ့ ကဗျာပါ။ ဆရာ မောင်လွမ်းဏီက ဒီကဗျာကို ဘာကြောင့် ရွတ်ဖြစ်သလဲ ဆိုတာကိုလည်း နိဒါန်းပျိုး ပြောခဲ့ပါသေးတယ်။ ဆရာ မောင်လွမ်းဏီ ရွတ်တာကို ကျနော်က စာရိုက် ကူးယူခဲ့တာပေါ့။


ထာဝစဉ် 

(တင်မိုး)


မမြင်ရလည်း

သင်က ရဲဘော်ပင်။


မကြားရလည်း

အနားက ရဲဘော်ဟာ သင်။


မတွေ့ရလည်း

မနေ့က အတိုင်းပဲ။


နေ့ရက်ကြာလည်း၊ သစ္စာမပျက်

အောက်မေ့လျှက်နှင့်၊ တသက်သက်ပ

လွမ်းဆွတ်တကာ၊ ဘဝကိုမြှုပ်

အလုပ်လုပ်သည်

ဝိမုတ္တိလမ်း ထာဝစဉ်။ ။


ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အခုလို မွေးနေ့ ဂုဏ်ပြုကဗျာ ရေးခဲ့တယ်။ ဒီကဗျာကို ၂၀၁၂ ဇန်နဝါရီလ ၁၆ ရက်ထုတ် ဒီလှိုင်းစာစောင် အတွဲ ၁ အမှတ် ၁ မှာ ဖော်ပြခဲ့တယ်။ ဒါကြောင့် ၆၇ နှစ်ပြည့် အကြို ဂုဏ်ပြုကဗျာပေါ့။


မီးလျှံထဲကကြာ

(ဦးဝင်းတင်)


ရဲ-ဇွဲ-ဉာဏ်-စည်း-တာ

မကြောက်တရားတေးကဗျာ

မီးလျှံထဲက ကြာ။


ရဲဆိုတာ ရဲရင့်ခြင်း

ဇွဲဆိုတာ စွဲမြဲခြင်း

ဉာဏ်ဆိုတာ ဉာဏ်ပညာကြီးမားခြင်း

စည်းဆိုတာ စည်းကမ်းရှိခြင်း

တာဆိုတာ တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း

ပြည်သူကိုချစ်သော ပြည်သူကချစ်သော အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့် မွေးနေ့ကြို ကဗျာတွေကို ရှာဖွေ ဖော်ပြလိုက်တာပါ။ မိုဃ်းဇော်၊ မင်းသုဝဏ်၊ အောင်ဝေး၊ တင်မိုးနဲ့ ဝင်းတင်တို့ရဲ့ ကဗျာတွေပါ။ ဆရာငြိမ်းသစ်ရဲ့ "ဇွန်ဆယ့်ကိုး) အမည်နဲ့ စုမွေးနေ့ ဂုဏ်ပြုကဗျာတပုဒ်လည်း ရထားပါတယ်။ ကိုငြိမ်းသစ်ရဲ့ ကဗျာကျို စု ၈၀ မွေးနေ့ ဂုဏ်ပြုကဗျာ ဆောင်းပါး နောက်တပိုင်းမှာ ဖော်ပြပေးပါမယ်။ အခုကတော့ အဆုံးသတ်ပါပြီ။

စုမေမာတာ၊ မွေးနေ့လျာတွက်

ကဗျာများစွာ၊ တွေ့ထားပါသည်

ဆက်ရေးမည်မှတ် စောင့်ဖတ်ကြပါ။ ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar