နေသွင်ညိဏ်း - ယူကရိန်းပြည်သူတွေကပေးတဲ့ သတင်းစကား - (Fareed Zakaria) 2/ 2022
ယူကရိန်းပြည်သူတွေကပေးတဲ့ သတင်းစကား
(Fareed Zakaria) 2/ 2022
နေသွင်ညိဏ်း
(မိုးမခ) မတ် ၂၊ ၂၀၂၅
ရုရှားရဲ့ ကျိုးကြောင်းမဲ့၊ တရားမဲ့၊ သီလမဲ့ ကျူးကျော်စစ်က ၁၉၈၉ ဘာလင်တံတိုင်းပြိုလဲပြီးချိန်ကစလို့ အရှည်တည်တံ့လာခဲ့တဲ့ခေတ်တခေတ်ဟာ နိဂုံးချုပ်တော့မယ့်သဘောကိုပြနေပါတယ်။ စစ်အေးလွန်ခေတ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အစစအရာရာမှာ အနောက်တိုင်းအိုင်ဒီယာက ပြိုင်ဘက်ကင်း ပျံ့နှံ့တဲ့ခေတ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာ စနစ်မှာ အမေရိကန် ပါဝါ အပေါ်မှာ ဗဟိုပြုခဲ့တယ်။ ဒါပေမယ့် ဒီခေတ်ကို တည်ငြိမ်တဲ့ခေတ်လို့တော့ မဆိုနိုင်ဘူးဆိုတာ ယူဂိုဆလားဗီးယားစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေက သက်သေပါ။ ဘာပဲ ပြောပြော အမေရိကန် ပါဝါနဲ့ လစ်ဘရယ် ဒီမိုကရေစီဟာ အောင်ပွဲခံခဲ့တဲ့ခေတ်၊ နိုင်ငံတကာ စနစ်မှာလည်း ဒီမတိုင်ခင် အခြေအနေနဲ့ နှိုင်းယှဉ်ရင် ပူးပေါင်းဆောင်ရွက်မှုအရာမှာ သာလွန်ကောင်းမွန်ခဲ့တဲ့ ခေတ်တစ်ခေတ်လို့တော့ ဆိုနိုင်ပါတယ်။
အမေရိကန် စူပါဝါခေတ်က သယ်ဆောင်လာတဲ့ အနောက်ကမ္ဘာခြမ်း ငြိမ်းချမ်းရေးခေတ်ဟာ တရုတ်နဲ့ အိန္ဒိယ ပါဝါတွေ ကြီးထွားလာတာနဲ့အတူ ပြန်လှုပ်လာတယ်။ အီရတ်နဲ့အာဖဂန်နစ္စတန်မှာဖြစ်တဲ့ စစ်မက်တွေ၊ ငွေကြေးအကြပ်အတည်းနဲ့ အနောက်ကမ္ဘာ့မှာ ကြုံရတဲ့ ဒီမိုကရေစီအကြပ်အတည်းတွေကြောင့်လည်း ပိုပြီး ချိနဲ့လာခဲ့ပါတယ်။ အဆိုးရွားဆုံးအဖျက်အင်အားကတော့ ရုရှားအင်ပါယာ ပြန်လည် နိုးထလာပြီး၊ အာဏာစက်ဝန်းတွေ အပြိုင်လုတာတွေ ပြန်ဖြစ်လာတယ်။ အထူးသဖြင့် အိမ်နီးချင်းတွေအပေါ် သြဇာလွှမ်းဖို့ အပြိုင်ကြိုးစားလာကြတာပါ။ ဖြတ်သန်းလာခဲ့တဲ့ ဆယ်စုတစ်ခုအတွင်း သမ္မတပူတင်ရဲ့ ရုရှားဟာ အင်အားကြီးနိုင်ငံတွေကြား ပထဝီနိုင်ငံရေးမှာ ဖျက်မြင်းတစ်ကောင် ဖြစ်လာတယ်။ စည်းမျဉ်းစည်းကမ်းတွေအပေါ် တည်ဆောက်ထားတဲ့ နိုင်ငံတကာစနစ်ကို တမင်တကာ ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးစားလာတယ်။
ဝေဖန်သုံးသပ်သူတွေအတွက်တော့ ယူကရိန်း အကြပ်အတည်းက ဆိုခဲ့တဲ့ စနစ်အခြေပြု နိုင်ငံတကာ အခင်းအကျင်းဟာ ပျက်စီးပြီး ဒီမိုကရေစီ စိတ်ကူးယဉ်ခေတ်ဟာ ပြိုကွဲသွားတဲ့ နိမိတ်ပုံပါပဲ။ ဒေးဗစ်ဘရွတ်စ်က David Brooks ရဲ့ စကားနဲ့ ပြောရရင် “သမိုင်းဟာ အရိုင်းစိုင်းခေတ် barbarism ဆီကို နောက်ကြောင်းပြန်သွား”တာပါ။ ရောဘတ်ကာဂန် Robert Kagan ရဲ့ စကားကိုပြန်ကောက်ရရင် “တောရိုင်းဝါဒ ခေါင်းပြန်ထောင်လာတာ”ပါပဲ။ ဒီလို အဆိုးမြင်တွေကို ဒီအတိုင်း လက်ခံလိုက်ရမလား၊ ကျနော်ကတော့ ဒီနေ့ အဓမ္မရဲ့သတင်းဆိုးတွေကြားမှာ အင်အားကြီးတဲ့ ဓမ္မတရားဟာ အင်အားကောင်းကောင်းနဲ့ ရှိနေသေးတယ်လို့ မြင်ပါတယ်။
လက်ရှိ အကြပ်အတည်းက ဘယ်လိုနည်းနဲ့ ရှေ့တန်းရောက်လာသလဲဆိုတာကို ကြည့်ရအောင်။ ရိုးရိုးလေးပြောရရင် ယူကရိန်း ပြည်သူ အများစုရဲ့ပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ နေထိုင်လိုတဲ့ စိတ်အခံကြောင့်ပါပဲ။ ဒါကို မလိုတမာ စိတ်နဲ့ ပူတင်ဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းကို ပထမဆုံး အကြိမ် ကျူးကျော်ခဲ့တာကို မမေ့သင့်ပါဘူး။ ယူကရိန်းက နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ ကြိုးစားမယ်လို့ လူသိရှင်ကြား အသိပေးတာကြောင့် မဟုတ်ခဲ့ဘူး။ အဲဒီအချိန်က ရုရှားကို ထောက်ခံတဲ့ ယူကရိန်း အစိုးရက အီးယူနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို အပြီးမသတ်နိုင်ခဲ့ပါဘူး။ ရုရှားရဲ့ ဖိအားကြောင့် ယူကရိန်း သမ္မတဟာ အီးယူနဲ့ သဘောတူညီချက်ကို နောက်ပြန်ဆုတ်တဲ့အချိန်မှာ ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြတာနဲ့ ကြုံရပါတယ်။ နောက်ဆုံး လွှတ်တော်က သမ္မတကို ဖြုတ်ချခဲ့ပါတယ်။ ဒီနောက်မှာ ပူတင်ဟာ ယူကရိန်းကို ပထဆုံး အကြိမ် ကျူးကျော်ခဲ့ပါတယ်။
အနောက်ကမ္ဘာ့လမ်းကြောင်းကို ရွေးချယ်တာ ယူကရိန်းတစ်နိုင်ငံတည်း မဟုတ်ပါဘူး။ ဖြတ်သန်းလာတဲ့ ဆယ်စုနှစ်သုံးခုကို ပြန်ကြည့်ရင် ဆိုဗီယက်အဖွဲ့ဝင် နိုင်ငံဟောင်းတွေ တစ်နိုင်ငံပြီးတစ်နိုင်ငံ ပွင့်လင်း၊ လွတ်လပ်၊ ဒီမိုကရေစီ၊ ဈေး ကွက် လမ်းကြောင်းကို လိုက်ခဲ့ကြပါတယ်။
ဒီလို ရွေးချယ်ခဲ့ကြပေမယ့် ဘယ်နိုင်ငံကိုမှ စံပြအဖြစ် ပြသဖို့ မဖြစ်နိုင်ပါဘူး။ ဘော်တစ် နိုင်ငံတွေကနေ ဘူဂေးရီးယားအထိ၊ နိုင်ငံကြီးတွေဘက်ကို ကြည့်ရင်လည်း ပိုလန်ကနေ နိုင်ငံငယ်တွေထဲမှာ မော်ဒိုဗာအထိ နိုင်ငံရေးမှာ ဒီမိုကရက်တစ်ဆန်ပြီး စီးပွားရေးဘက်မှာ ပွင့်လင်းတဲ့ဈေးကွက်အခြေပြုစနစ်ကိုရွေးချယ်ခဲ့ကြပါတယ်။ ဟန်ဂေရီနဲ့ပိုလန်လို့မျိုး နောက် ကြောင်းပြန်သွားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဒါပေမယ့် လွှမ်းခြုံပြီး ကြည့်ရင် ၁၉၈၉ ခုနှစ်ကစလို့ အနောက်တန်ဖိုးတွေဘက်ကို ဦးတည်သွားတဲ့နိုင်ငံတွေများလာတာကိုကြည့်ရင် လစ်ဘရယ်ဒီမိုကရေစီလမ်းကြောင်းကို ခိုင်ခိုင်မာမာ အထင်းသား မြင်နေရပါတယ်။ ပူတင်ဟာ ဒီမိုကရေစီလမ်းကြောင်းကို သွေးထွက်သံယို၊ ရက်ရက်စက်စက်ဖျက်ပစ်ဖို့ ကြိုး စားလာတယ်။ ယူကရိန်း၊ ဂျော်ဂျီယာက ဖြစ်နေတဲ့ ဒီမိုကရက်တစ် လှုပ်ရှားမှုတွေ၊ နောက်ဆုံး ၂၀၂၀ က ဘီလာရု ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေကို အထိတ်အလန့် ဖြစ်နေတယ်။ ဒီလှုပ်ရှားမှုတွေ အားလုံး ရုရှားစနက်နဲ့ ဖိနှိပ်ခံရတယ်။ အခုလည်း ပူတင်က နိုင်ငံတစ်နိုင်ငံ (ယူကရိန်း) ကို အကြောက်တရား၊ အင်အားသုံးပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းတာပါပဲ။
လွတ်လပ်တဲ့ နိုင်ငံတကာ အခင်းအကျင်းကို ကာကွယ်လိုသူတွေက တချို့အတွက် ယုံတောင် မယုံချင်စရာပါ။ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တဲ့အချိန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ လစ်ဘရယ် ကမ္ဘာကို စီကာပတ်ကုံး ရေပက်မဝင် ကာကွယ်သွားသူဟာ အနောက်အင်အားကြီး နိုင်ငံတွေက မဟုတ်ဘဲ ကင်ညာနိုင်ငံက ကုလသံအမတ်ကြီး မာတင် ကီမာနီ ဖြစ်နေတာကိုပဲ ကြည့်ပါ။ အာဖရိက နိုင်ငံတွေ အားလုံးလိုလိုမှာ နယ်နိမိတ်မျဉ်းဆိုင်ရာ ပြဿနာတွေ ရှိနေတဲ့အကြောင်း၊ ဒီ နယ်နိမိတ်မျဉ်းတွေကို ကိုလိုနီ အုပ်စိုးသူတွေက ပိုင်းခြားခဲ့တာဖြစ်ပြီး၊ လူမျိုး၊ ဘာသာစကား တူပေမယ့် ရေခြား မြေခြားဖြစ်နေတတ်တာကို ထောက်ပြသွားပါတယ်။ ဒါပေမယ့် အာဖရိက ခေါင်းဆောင်တွေဟာ ရှိနှင့်နေပြီးသား နယ်နိမိတ်မျဉ်းတွေနဲ့ပဲ ငြိမ်းချမ်းစွာနေထိုင်သွားကြဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဒီလို မနေဘဲ မပြည့်စုံတဲ့ နိမိတ်မျဉ်းကိစ္စကိုပဲ အပြစ်ရှာနေရင် ဘယ်တော့မှ မဆုံးနိုင်တဲ့ စစ်ပွဲတွေနဲ့ သူပုန်ထမှုတွေ ကြုံရမယ်ဆိုတာကို သဘောပေါက်တာကြောင့်လို့ ဆိုပါတယ်။ အာဖရိက နိုင်ငံတွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂ စနစ်ကို လေးစားလိုက်နာမယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့ကြတယ်။ သံအမတ်ကြီး ကီမာနီရဲ့ စကား အတိအကျကတော့ “အန္တရာယ်များလွန်းတဲ့ အတိတ်စွဲ ရောဂါနဲ့ နိုင်ငံမြေပုံတွေကို ပြန်လည်တည်ဆောက်နေမယ့် အစား အာဖရိက နိုင်ငံတွေဟာ အာဖရိက ပြည်သူတွေ ဘယ်တုန်းကမှ မကြုံဖူးတဲ့ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုဆီကို ဆက်လက်ချီတက်နေကြပါတယ်။”
ဥရောပရဲ့ အဝေးတစ်နေရာမှာ ဖြစ်နေတဲ့ တရုတ်နဲ့ ထိုင်ဝမ် ပြဿနာကိုလည်း ကြည့်လိုက်ပါ။ ထိုင်ဝမ် ပြည်သူတွေဟာ ပွင့်လင်း၊ လွတ်လပ်တဲ့လစ်ဘရယ်လူ့အသိုက်အဝန်းမှာ နေလိုကြတယ်။ သူတို့ရဲ့ လက်ရှိနေထိုင်မှုပုံစံ၊ လူမှုဘဝကို ကွန် မြူနစ်အာဏာရှင်က အဆုံးသတ်ပစ်လိုက်မှာကို စိုးရိမ်ကြတယ်။ ဒီလို ပြောနေတာကြောင့် ဒီမိုကရေစီနဲ့ လစ်ဘရယ် ဝါဒက ကြုံနေရတဲ့ ပြဿနာတွေကို ဖော့ပြောဖို့လည်း မရည်ရွယ်ပါဘူး။ လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက လစ်ဘရယ်မဆန်သောဒီမိုကရေစီ “illiberal democracy” အကြောင်းကို ကျနော်သတိပေးခဲ့ဖူးတယ်။ မနှစ်မြို့စရာ ရုရှားလမ်းကြောင်း၊ ကျနော့်ရဲ့ မွေးရပ်မြေဖြစ်တဲ့ အိန္ဒိယ နိုင်ငံ၊ ရေခြားမြေခြားကနေ ပြောင်းရွှေ့လာပြီး ကျနော် ဂုဏ်ယူစွာနေထိုင်နေတဲ့ အမေရိကန် ပြည်ထောင်စုတို့မှာ လစ်ဘရယ် ဒီမိုကရေစီ တန်ဖိုးတွေ ပျက်ယွင်းနေတာကို ထောက်ပြခဲ့ပါတယ်။
ဖြစ်ပျက်နေတာကိုကြည့်လိုက်ရင် လစ်ဘရယ်ဒီမိုကရေစီနဲ့ စည်းမျဉ်းစည်းကမ်းကို အခြေပြု နိုင်ငံတကာအခင်းအကျင်းကို အကာအကွယ်ပေးဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်။ အကြမ်းနည်း သို့မဟုတ် အင်အားသုံးသင့် သုံးရပါမယ်။ အမျိုးသားရေးဝါဒနဲ့ အများကြိုက်ဝါဒ အသံကျယ်လောင်နေချိန်ဖြစ်လို့ လစ်ဘရယ်ဝါဒဘက်ကရပ်ခံကာကွယ်မယ့်သူ ရှားပါးသယောင် ထင်ရပါတယ်။ ဒီအချိန်မျိုးမှာ လစ်ဘရယ်ဒီမိုကရေစီရဲ့ ကောင်းကျိုးထက် အပြစ်အနာတွေကိုပဲ မြင်နေတဲ့သူတွေကို ယူကရိန်းကိုသွားကြည့်လိုက်ကြလို့ ပြောချင်ပါတယ်။ ယူကရိန် ပြည်သူတွေဟာ သူတို့ လိုချင်တဲ့ လွတ် လပ်တဲ့ လူ့အသိုင်းအဝိုင်း၊ လွတ်လပ်ကမ္ဘာအတွက် အသက်ပေးတိုက်ပွဲဝင်ဖို့ ထိုက်တန်တယ်ဆိုတာကို ပြသနေပါတယ်။
Putin’s war reminds us why liberal democracy is worth defending by Fareed Zakaria (The Washington Post)
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar