Breaking News

အပြန်အလှန် ဆက်နွှယ်နေတဲ့ သယံဇာတနဲ့ လက်နက်ကိုင် ပဋိပက္ခ

မြန်မာနွေဦးခရိုနီကယ် - မတ် ၁ မြင်ကွင်း

မိုးမခ၊ မတ် ၂၊ ၂၀၂၅

အပြန်အလှန် ဆက်နွှယ်နေတဲ့ သယံဇာတနဲ့ လက်နက်ကိုင် ပဋိပက္ခ

နိုင်ငံတနိုင်ငံမှာ သယံဇာတတွေ ကြွယ်ဝတဲ့အနေအထားမှာ နိုင်ငံရေးအရ မတည်မငြိမ်မှုတွေလည်း ရှိတဲ့အခြေအနေအောက်မှာ သယံဇာတ အရင်းအမြစ်တွေကနေ အကျိုးအမြတ်ရယူလိုတဲ့ ပြည်ပနိုင်ငံတွေက လာရောက် အုပ်ချုပ်ကြပြီး သယံဇာတတွေကို စီမံခန့်ခွဲကြတာမျိုးက ကိုလိုနီနယ်ချဲ့တယ်လို့ ဆိုကြတာ သမိုင်းသင်ခန်းစာအရ အားလုံး သိရှိပြီးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နေထိုင်ကြတဲ့ လူသားတွေရဲ့ နိုင်ငံရေးနဲ့ ယဥ်ကျေးမှုသမိုင်းကို ခွဲခြမ်းစိတ်ဖြာ သတ်မှတ်ကြတဲ့အခါ သမိုင်းဦးဘုံမြေခေတ်၊ ကျေးကျွန်ခေတ်၊ ပဒေသရာဇ်ခေတ် အရင်းရှင်ခေတ်နဲ့ ဆိုရှယ်လစ်ခေတ်လို့ ခွဲခြား သတ်မှတ်ထားကြပြီး အဆိုပါ ခေတ်ငါးခေတ်မှာ အရင်းရှင်ခေတ်ကာလမှာ ကိုလိုနီနယ်ချဲ့ကြတဲ့ သမိုင်းကာလ တခုက နှစ်ရာချီကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ ကိုလိုနီနယ်ချဲ့ကြတဲ့သမိုင်းကာလမှာ ရေကြောင်းသွားလာရေး၊ သိပ္ပံပညာဖွံ့ဖြိုးမှုအပေါ် အခြေခံတဲ့ ကုန်ထုတ်လုပ်မှုနဲ့ လက်နက်နဲ့ ခေတ်မှီတဲ့ အုပ်ချုပ်မှုစနစ်တွေကို လက်ဝယ်ရှိတဲ့နိုင်ငံတွေကက မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေကို စစ်အင်အားနဲ့ သိမ်းပိုက်ကာ သယံဇာတတွေကို ထုတ်ယူအသုံးချခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသမိုင်း အဖြစ်အပျက်တွေကို ကျောင်းသင်ခန်းစာတွေထဲ သင်ယူလေ့လာဖူးခဲ့ကြလို့ ထူးဆန်းတဲ့ အချက်အလက်မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ 

ကိုလိုနီနယ်ချဲ့ ခေတ်ကို အဆုံးသတ်ဖို့ ဒုတိယကမ္ဘာစစ်က အခွင့်အလမ်းတခုဖြစ်စေခဲ့ပြီး ကမ္ဘာစစ်အပြီး ကိုလိုနီနယ်ချဲ့ လက်က လွတ်လပ်လာတဲ့ နိုင်ငံတွေ အနေနဲ့ မိမိတို့ သယံဇာတကို မိမိတို့ဘာသာ စီမံခန့်ခွဲခွင့် ရှိလာပြီး ကမ္ဘာ့ခေတ်သစ်သမိုင်း တခု စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသမိုင်းနောက်ခံတွေက သယံဇာတနဲ့ ကိုလိုနီနယ်ချဲ့ စနစ်တို့ရဲ့ ဆက်နွယ်မှု၊ အကြောင်းခံမှု သဘောတရားလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ 

ခရစ်သက္ကရာဇ် ၁၈၀၀ခုနှစ်အလွန်ကာလတွေမှာ မြန်မာနိုင်ငံဟာလည်း ကျောက်မျက်၊ ကျွန်းသစ်၊ နဲ့ တရုတ်နိုင်ငံကို ၄င်းနိုင်ငံရဲ့ အနောက်တောင်ဘက်ကနေ ဝင်ရောက်နိုင်တဲ့ ပထဝီအနေအထားကြောင့် ကမ္ဘာ့ဒေသအများအပြားကို ကိုလိုနီအဖြစ် သိမ်းယူနေတဲ့ ဗြိတိသျှ အင်ပိုင်ယာ အရှင်သခင်တွေက မျက်စိကျခဲ့ကြပါတယ်။ မိုးကုတ်ဒေသက ပတ္တမြားတွင်းတွေရဲ့ လုပ်ပိုင်ခွင့်၊ ကမ္ဘာမှာ အရည်အသွေးကောင်းတဲ့ ကျွန်းသစ်တွေ ထွက်ရှိရာနိုင်ငံ၊ တရုတ်ပြည်ကို မလေးကျွန်းဆွယ်တခုလုံး ကွေ့ပတ်ပြီး သွားတာထက် မြန်မာနိုင်ငံကို ဖြတ်ပြီး ကုန်သွယ်နိုင်တဲ့ ရေမြေ အနေအထားရှိတဲ့ မြန်မာနိုင်ငံက ကိုလိုနီအဖြစ် ကျရောက်ဖို့ အခြေအနေ ဖန်လာတာ ဖြစ်ပြီး ၁၈၂၄ ခုနှစ် စစ်ပွဲစတင်ဖြစ်ပွားတဲ့ဆီက စလို့ နောင် နှစ် ၆၀ အတွင်း တနိုင်ငံလုံး ဗြိတိသျှကိုလိုနီ အဖြစ်ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ 

သယံဇာတက လက်နက်ကိုင် ပဋိပက္ခတွေကို ဖြစ်စေသလား သို့မဟုတ် သယံဇာတခွဲဝေမှုကြောင့် ပဋိပက္ခတွေ စတင်ဖြစ်ပွားလာတာလားဆိုတဲ့ အယူအဆနှစ်ရပ်က ဖြစ်ရပ် တခုချင်းစီရဲ့  နောက်ခံအခြေအနေ ပေါ်မူတည်ပြီး ဘယ်အယူအဆက မှန်သလဲလို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ ကိုလိုနီနယ်ချဲ့ လက်အောက် ကျရောက်ခဲ့ရတာ သယံဇာတနဲ့ ပထဝီနိုင်ငံရေး အနေအထားတို့ကြောင့်လို့ ဆိုနိုင်သလို လွတ်လပ်ရေးရပြီးနောက် နှစ် ၇၀ ကျော် လက်နက်ကိုင် ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်ရတဲ့ အကြောင်းအချက်တွေထဲမှာလည်း သယံဇာတခွဲဝေမှုက အချက်တချက် အဖြစ်ပါဝင်ကောင်း ပါဝင်နေပါလိမ့်မယ်။ သယံဇာတခွဲဝေမှုက အကြောင်းရင်းတရပ်ဖြစ်တဲ့ နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သယံဇာတတွေကို ထပ်မံပြုန်းတီးစေပြန်ပါတယ်။ လွတ်လပ်ရေး ရပြီး လပိုင်းအတွင်း စတင်ခဲ့တဲ့ ဖဆပလခေတ် ရောင်စုံသူပုန်လို့ အာဏာရ အစိုးရတွေက အမည်တပ်ကြတဲ့ ပြည်တွင်းစစ်ကာလကနေ တဖြည်းဖြည်း ပြန်လည်နာလံထူလာတဲ့ နိုင်ငံက ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထပ်မံတိုးပွားလာပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်သည့်တိုင် မဆလ အမည်နဲ့ အုပ်ချုပ်ခဲ့ပြီး လက်နက်ကိုင် ခုခံတွန်းလှန်မှုတွေရဲ့ ငွေကြေးအရင်းအမြစ်က သယံဇာတနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုက ရတဲ့ အခွန်အကောက်ငွေတွေ ဖြစ်ပါတယ်။ မဆလ ခေတ်တလျှောက် အမျိုးသားလွတ်မြောက်ရေး ခေါင်းစဥ်အောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကေအန်ယူ၊ ကေအိုင်အို၊ ရှမ်းပြည်တပ်မတော်၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ စတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သတ္တု၊ ကျောက်မျက်၊ သစ် စတဲ့ သယံဇာတတွေ ထုတ်လုပ်ရောင်းချပြီး လက်နက်ကိုင်တပ်ဖွဲ့တွေကို ရပ်တည်စေခဲ့ကြတာ ဖြစ်ပါတယ်။ 

၁၉၈၈ နောက်ပိုင်း အာဏာသိမ်းပြီး တက်လာတဲ့ နဝတ၊ နအဖ လက်ထက်ကတော့ အဲမတိုင်ခင် မဆလ အုပ်ချုပ်စဥ်ကာလထက် သယံဇာတပြုန်းတီးမှု ပိုမိုများပြားကာ သစ်တော၊ သတ္တု၊ ကျောက်မျက်၊ ကမ်းလွန်ရေနံ သဘာဝဓာတ်ငွေ့ အရင်းအမြစ်တွေ ရနိုင်သမျှ ထုတ်ယူအသုံးပြုကာ ခရိုနီစီးပွားရေး၊ စစ်ဗိုလ်ချုပ်မိသားစုဝင်တွေ စီးပွားရေးနဲ့ ပြည်တွင်းစစ်အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း ဝယ်ယူရေးတို့မှာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ သယံဇာတတွေ ထုတ်နိုင်သမျှ ထုတ်ပြီး ရောင်းလို့ရတာ အကုန်ထုတ်ရောင်းကြရာမှာ နဝတ၊ နအဖ နဲ့ အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့လည်း ပါဝင်ခဲ့ကြတာ ထူးခြားချက် ဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ ဝ၊ ကိုးကန့်၊ ပအိုဝ်း ငြိမ်းချမ်းရေး လက်နက်ကိုင်တွေရဲ့  ကျောက်မျက်တူးဖေါ်ရေး ကုမ္ပဏီတွေ ဆယ်စုနှစ်ချီကာ လုပ်ကိုင်ခဲ့ကြသလို ရှမ်းပြည်နယ် မိုင်းရှူးဒေသ၊ မန္တလေးတိုင်းထဲရောက် မိုးကုတ်ဒေသက ပတ္တမြားတွင်းတွေမှာလည်း ပအိုဝ်း ဒေသက ငြိမ်းချမ်းရေး လက်နက်ကိုင်ပိုင် ကျောက်တွင်းတွေ အများအပြားရှိခဲ့ကြတာ မနေ့တနေ့က အထိ ဖြစ်ပါတယ်။ 

အခုနောက်ဆုံး အပြောင်းအလဲတွေကတော့ မိုးကုတ်ဒေသက ပတ္တမြားတွင်းတွေ ဘယ်သူတွေ လုပ်ပိုင်ခွင့်ရနေသလဲ ဆိုတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ အရှိန်မြင့်နေဆဲကာလ မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာပဲ ကျောက်မျက်သယံဇာတွေကို ထုတ်နိုင်သမျှ အရှိန်အဟုန်နဲ့ ထုတ်လုပ်နေကြပြီး လက်နက်ကိုင် ပဋိပက္ခမှာ လိုအပ်တဲ့ ငွေကြေးရံပုံငွေ ရှာဖွေကြတာ ဖြစ်ပါတယ်။ ဖားကန့် ဒေသက ကျောက်စိမ်းလုပ်ကွက်တွေ၊ မိုးကုတ်က ပတ္တမြားလုပ်ကွက်တွေ၊ ကချင်ပြည်နယ်က မြေရှားသတ္တု ထွက်ရှိတဲ့ ဒေသတွေနဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဧရိယာထဲက ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်ရိုး တလျှောက်က ရွှေမျောလုပ်ငန်းတွေက သက်သေထူနေတာ တွေ့ရပါလိမ့်မယ်။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ကိုယ်တိုင် တူးဖော်ထုတ်လုပ်တာမျိုး မဟုတ်ဘဲ လုပ်ပိုင်ခွင့်ကို ရောင်းချကြတာဖြစ်ပြီး လက်နက်ကိုင် အဖွဲ့တွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ အခြားဒေသက လာရောက်လုပ်ကိုင်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ လတ်တလော မိုးကုတ်ဒေသမှာ ပတ္တမြားတူးဖေါ်ရာမှာ ယန္တရားတွေနဲ့ တူးဖေါ်နေကြတဲ့ အပေါ် မိုးကုတ်မြို့ ဒေသခံတချို့က စိုးရိမ်မှုတွေ ရှိနေကြတယ်လို့လည်း ဘီဘီစီ မြန်မာပိုင်း သတင်းမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ မကြာသေးခင်က ပခုက္ကူခရိုင်ထဲက မြိုင်မြို့နယ်က ရေနံတွင်းတွေအကြောင်း သတင်းဆောင်းပါးကလည်း ရှုထောင့်တခုကနေ အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီး ရေနံသယံဇာတနဲ့ လက်နက်ကိုင် ပဋိပက္ခဆက်နွှယ်မှုကို ထင်ရှားစေတဲ့ သာဓကဖြစ်ရပ်တခု ဖြစ်ပါတယ်။ 

ချုံ့ဆိုရရင်တော့ လက်နက်ကိုင် ပဋိပက္ခတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေအတွက် သယံဇာတ ထုတ်ယူခြင်းက ဖြစ်နေကျ နိယာမတခုသဖွယ် ဖြစ်နေပြီး မြန်မာနိုင်ငံသာမက ၃ နှစ်တာ ရုရှားကျူးကျော်မှုကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအဖို့ပင်လျှင် ၄င်းနိုင်ငံရဲ့ မြေရှားသယံဇာတကို စစ်ရေးအကူအညီပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို တူးဖော်ခွင့်ပေးရမယ့် အခြေအနေဆိုက်ရောက်နေတဲ့ အဖြစ်ကိုလည်း လက်ရှိ ကမ္ဘာ့မျက်မှောက်သတင်းတွေမှာ ကြားသိနေကြရတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar