စဥ့်ကူးမြို့နယ်က ကျေးရွာတရွာဗုံးကြဲခံရ၊ WFP ရိက္ခာဖြတ်တောက်မယ့် အစီအစဥ်
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၄ မြင်ကွင်း
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပံလှကျေးရွာကို မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂၇ ဦးထိ သေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ယခု လေကြောင်းတိုက်ခိုက်ခံရတဲ့ စဥ့်ကူးမြို့နယ်ထဲက လက်ပံလှ ကျေးရွာဟာ မြစ်ကြီးနား-မန္တလေး ကားလမ်းပေါ်က ကားတွေ ရပ်နားတဲ့ နေရာ စည်ကားတဲ့ ကျေးရွာကြီးတရွာ ဖြစ်ပါတယ်။ ဒီဒေသကို MDY PDF က ယမန်နှစ် ဇူလိုင်လ ၁၀၂၇ စစ်ဆင်ရေးကာလတွေအတွင်း တိုက်ခိုက်သိမ်းယူထားတဲ့နယ်မြေဖြစ်သလို စဥ့်ကူးမြို့နယ်ရဲ့ မြောက်ဘက် သပိတ်ကျဥ်းမြို့နယ်ထဲမှာလည်း MDY PDF နယ်မြေတွေ သိမ်းယူထားသလို စဥ့်ကူရဲ့ တောင်ဘက် မတ္တရာမြို့နယ်ထဲက နယ်မြေတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
မတ်လ ၁၄ ရက်နေ့ လေကြောင်းတိုက်ခိုက်ရာမှာ ဗုံးကျတဲ့ နေရာက ကျေးရွာရဲ့ ဈေးတဝိုက်ဖြစ်တာကြောင့် ဒေသခံ အရပ်သား ထိခိုက်သေဆုံးမှုများပြားခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲမှုတွေကြောင့် လူအများအပြားသေဆုံးရတဲ့ အဖြစ်အပျက်တွေထဲ ယခု လက်ပံလှ ကျေးရွာအဖြစ်အပျက်က တခုထပ်တိုးလာပြီး သေဆုံးသူ အနည်းဆုံး ၂၇ ဦး နဲ့ ဒဏ်ရာရသူ ၄၀ ဝန်းကျင်ရှိတယ်လို့ ကနဦးသတင်းတွေက ဆိုပါတယ်။ ကျေးရွာမှာ MDY-PDF တပ်ဖွဲ့တွေ ရှိမှာမှန်ပေမယ့် လူအများ စုဝေးရောင်းဝယ်ကြရာ စျေးလို နေရာမျိုးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ စစ်ကောင်စီကျူးလွန်ဆဲ စစ်ရာဇဝတ်မှု နောက်တခု တိုးလာတာလို့ ဆိုရပါလိမ့်မယ်။
မန္တလေးတိုင်း နဲ့ ရှမ်းမြောက်ဒေသ အစပ်က စစ်ရေးအရ မဟာဗျူဟာကျတဲ့ တောင်ခမ်းကျေးရွာ အနီးက အမြှောက်တပ်စခန်းတွေ နဲ့ တပ်ရင်းစခန်းတချို့ကို TNLA ဦးဆောင်ပြီး ဓနုပီဒီအက်ဖ်လို ဒေသခံ ပီဒီအက်ဖ်တွေပါဝင် တိုက်ခိုက်နေတာ လအတန်ကြာရှိလာရာက ခုသီတင်းပတ်တွေမှာတော့ စစ်ကောင်စီဘက်က အနည်းငယ် အသာရလာတဲ့ အနေအထားက အခုလို မြစ်ကြီးနား-မန္တလေး ကားလမ်းပေါ်က PDF တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျေးရွာကို ဗုံးကြဲဖို့ စေ့ဆော်တဲ့ အချက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီအဖို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့သာ PDF တပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ဒုက္ခပေးဖို့ လုပ်ဆောင်နေရင်း အရပ်သား လူထုတွေ သေဆုံးနေကြရတာ ဖြစ်ပါတယ်။
ဒီနေ့နောက်ထပ် အကြောင်းအရာတခုကတော့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ ရန်ပုံငွေအဖွဲ့ WFP အနေနဲ့ လိုအပ်တဲ့ ရန်ပုံငွေမရရှိတော့တာကြောင့် မြန်မာနိုင်ငံက အကူအညီလိုအပ်နေသူ ၁ သန်းအတွက် စားနပ်ရိက္ခာ အကူအညီကို ရပ်ဆိုင်းရတော့မယ့် အကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုလို ရပ်ဆိုင်းရမယ့် အကူအညီကို ရရှိနေသူတွေကတော့ စစ်ဘေးတိမ်းရှောင်ရသူတွေ ပါဝင်တာ ဖြစ်ပါတယ်။ အဆိုပါ အကူအညီပေးနိုင်ဖို့ လတ်တလော ရန်ပုံငွေ ဒေါ်လာ သန်း ၆၀ အရေးတကြီး လိုအပ်နေပြီး အဆိုပါ ရန်ပုံငွေ မရရှိခဲ့ရင် လူဦးရေ ၁ သန်းကို အကူအညီ ပေးအပ်နိုင်မှာ မဟုတ်တော့ဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ အဆိုပါ ရန်ပုံငွေ မရရှိခဲ့ရင် အသက် ၅ နှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်နဲ့ မသန်းစွမ်းသူ ၃၅၀၀၀ ကိုသာ ကူညီနိုင်တော့မယ်လို့လည်း သိရပါတယ်။
ကမ္ဘာရဲ့ နေရာအချို့မှာ ထိခိုက်သေဆုံးမှုအများအပြား ရှိပြီး စစ်လက်နက်ပစ္စည်းတွေ အတွက် ငွေကုန်ကြေးကျ များပြားတဲ့ စစ်ပွဲတွေတွေအတွက် ဒေါ်လာ ဘီလျံရာ၊ ထောင်ချီ သုံးစွဲနေကြချိန်မှာ ကမ္ဘာ့နေရာဒေသအချို့က လက်နက်ကိုင် ပဋိပက္ခ၊ ရှည်ကြာတဲ့ ပြည်တွင်းစစ်တွေရဲ့ ဆိုးကျိုးကို ခံစားနေကြရတဲ့ အကူအညီလိုအပ်သူတွေ ကို ကူညီမယ့် ရန်ပုံငွေတွေ တဖြည်းဖြည်းရှားပါးလာနေတာ ဖြစ်ပါတယ်။
စစ်ရေး စီးပွားရေးအရ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကို လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတခု အနေအထားမျိုး အဖြစ်သာ အဆင့်လျော့ချ သတ်မှတ်ထားကြတဲ့ အနေအထားမျိုးရောက်နေပြီး လူသားချင်းစာနာမှု အကူအညီအတွက် ရံပုံငွေတွေထည့်ဝင်ဖို့ထက် စစ်အုပ်စုတွေဖွဲ့စည်းကြတဲ့ ကိစ္စရပ်တွေ၊ စစ်ပွဲတွေ၊ ကာကွယ်ရေး အသုံးစရိတ်တွေ အတွက် ဘီလျံရာ ထောင်ချီ သုံးဖို့ကို ပိုပြီး စိတ်ထက်သန်နေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လက်တွေ့အခြေအနေတွေ ပကတိအခြေအနေတွေကို ဆန်းစစ်ကြည့်ရင် စစ်ဘေးရှောင်ဒုက္ခသည်တွေ တိုးမြင့်လာတာ၊ ကမ္ဘာ့နေရာ ဒေသအများအပြားမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုများပြားလာခြင်းဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အစီအစဥ်တွေ၊ ရည်မှန်းချက်တွေရဲ့ အကျိုးဆက် နဲ့ နိုင်ငံငယ်တွေ အချင်းချင်းအကြား စစ်မက်ဖြစ်ပွားကြတာ၊ အာဏာရှင်တွေ နေရာရလာကြပြီး နိုင်ငံကြီးတွေရဲ့ ပုံဖော်တဲ့ ဇတ်လမ်းတွေမှာ နယ်ရုပ်အဖြစ်ပါဝင် လုပ်ဆောင်ကြတာတွေရဲ့ အကျိုးဆက်တွေလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ကန့်သတ်စစ်ပွဲတွေ၊ တဖက်ရန်ဘက်နိုင်ငံကို ကြားခံနိုင်ငံကတဆင့် စစ်ပွဲထဲ နစ်စေမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စစ်ပွဲအချို့ကို ဆင်နွှဲခဲ့ကြရာမှာ စစ်လက်နက် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ စစ်ရေး ကာကွယ်ရေးကန်ထရိုက်တာ ကုမ္ပဏီကြီးတွေက ဒေါ်လာ ဘီလျံ ဆယ်ဂဏန်းကနေ ရာနဲ့ချီတဲ့ ကန်ထရိုက်တွေ ရရှိကြပြီး ကမ္ဘာကြီးကို စစ်ရေးဗဟိုပြု စီးပွားရေး ပုံသဏ္ဍာန်ထဲ သွတ်သွင်းနေကြတာလို့ ဆိုနိုင်ပါတယ်။
မိမိတို့ဘာသာ စားနပ်ရိက္ခာ လုံလုံလောက်လောက် ထုတ်လုပ်ဖို့ ရေ၊ မြေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ရှိတဲ့ မြန်မာနိုင်ငံ အဖို့ ပြည်တွင်းစစ် မဖြစ်ပွားခဲ့ရင် အခုလို အရေးပေါ် ရိက္ခာ အကူအညီလိုမျိုး လိုအပ်မှာ မဟုတ်ပါဘူး။ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေ တဖက်နဲ့ တဖက် စစ်ဆိုင်ထားကြတဲ့ ဒေသတွေမှာ စိုက်ပျိုးရေး မွေးမြူရေး ကုန်ထုတ်လုပ်မှု မလုပ်ကိုင်နိုင်ကြတဲ့ အချက် ၊ တနေရာ တဒေသနဲ့ တဒေသ ကူးသန်းရောင်းဝယ်မှုတွေကို စစ်ရေး လုံခြုံရေး အခြေအနေတွေကြောင့် တားဆီး ပိတ်ပင်တာ၊ ရန်သူ ထိန်းချုပ်နယ်မြေတခုလုံးကို ကုန်စည်သယ်ဆောင်မှု ပိတ်ပင်တာတွေက ဝယ်ယူစားသုံးမှုတင်မက ကုန်ထုတ်လုပ်မှုတွေကိုပါ ထိခိုက်ပျက်စီးစေပြီး လူထုအနေနဲ့ အကူအညီကို လက်ဖြန့်တောင်းခံ စားသောက်ရတဲ့ ဘဝတွေကို ရောက်ရှိစေတာလည်း ဖြစ်ပါတယ်။
ပြည်တွင်းစစ် ရှည်ကြာလာတာနဲ့ အမျှ လူထုရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ တစတစ ပျက်စီးလာနေပြီး ကျွဲ၊ နွား၊ လယ်၊ ယာ နဲ့ ကုန်သွယ်ကူးသန်းမှုတွေ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာနေတဲ့ အခြေအနေမှာ ကုလသမဂ္ဂလို နိုင်ငံတကာ လူသားချင်းစာနာမှု ကူညီရေးအဖွဲ့တွေရဲ့ အကူအညီကို မှီခိုမှုတွေ ပိုမိုမြင့်တက်လာတဲ့ အခြေအနေလို့ ဆိုရင် မှားမယ် မထင်ပါဘူး။