ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ညောင်ကျိုးကျတာဟာ ပလ္လင်ပျောက်ကိန်းပါ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ညောင်ကျိုးကျတာဟာ ပလ္လင်ပျောက်ကိန်းပါ
မိုးမခ၊ မတ် ၁၅ ၊ ၂၀၂၅
ပူတင်နဲ့တွေ့မှ ခွန်အားတွေရလာတယ်လို့ ပြောတဲ့ မျက်နှာကြီး မြင်ရတော့မှဘဲ ပက်ပက်စက်စက်စစ်ရှုံးပြီး ဖိစီးကျပ်ထုတ်နေတာကို အတိုင်းသား တွေ့ရတော့တယ်။ အရင်က ပွဲတွေပတ်တက်ပြီး ဘာမှမဖြစ်သလို စပ်ဖြီးဖြီးလုပ်ခဲ့တဲ့ မျက်နှာဖုံးလဲ ကျွတ်ကျသွားတော့တာလေ။ ဒါနဲ့ဘဲ ရဲရဲဝံ့ဝံ့ပြန်လာသူလို ထင်အောင် ကြိုဆိုပွဲကြီး ဒရောသောပါးလုပ်ခိုင်းရတော့တာကလား။ လုပ်သာလုပ်ရတာ နောက်ဆုံးတော့ အူကြောင်ကြား ဒိန်းဒေါင်နဲ့ ငြိမ်းချမ်းရဲ့လက်ဘဲ ဆွဲနှုတ်ဆက်ရတဲ့ ငလှိုင်။ အဆင့်ကလဲ တလုံးချိုင့်ဆိုတော့ ပေါချာချာ ဂေါနာတွေပဲလာတာပေါ့လေ။
သွားရတာကလဲ မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်းသူပုန်ထလိမ့်မည်ဆိုတဲ့ တဘောင်ကို ကြောက်လို့ကိုး။ အသက်ရှူချောင်လာသလိုလို ပုံဖမ်းပေမယ့် ပုံပန်းကမလာ မသာခေါင်းပန်းပန်ပေးထားသလို မျက်နှာကြီး။ တကယ်တော့ ကြွက်ပူနဲ့ ချုပ်ခဲ့တဲ့ စာချုပ်တွေ ဆိုတာက ဟန်ကိုယ့်ဖို့သာ လုပ်ရတာ၊ သုံး လေးနှစ်အတွင်း ဖြစ်လာမယ့်ဟာကို ပါတာမဟုတ်။ ဒါထဲက ရိုက်စားထိပ်ဖြူအောင်မင်းနဲ့ နန်းတွေ အမေးခွေးသူတောင်းစား အဖြေတမျိုးထဲ မေးကြဖြေကြလုပ်နေကြတာကလဲ မအလက စောက်ပေါကြီးပါကွာဆိုတဲ့ကီး။ အောင်မင်းက ပြန်ဝန်မဖြစ်လို့ သေချာလုပ်သလားမသိ။
ရှရှားက ကြွက်သိုးမကလို့ တာဝတိံသာက မာဃကြီးနဲ့ တွေ့ပြန်ပြန် ကာလနာက စောက်ပေါအခွက်ဘဲ ထွက်မှာလေ။ ဗန်းမော်ကျလုလုနဲ့ မပခ မျက်ခုံးလှုပ်နေရတဲ့ကြား AAက ဧရာဝတီ မကွေး ပဲခူး အမျိုးမျိုးထိုးနေပါတယ်ဆို အညာက ပီဒက်လေးတွေတွေကလဲ စစ်ကြောင်းတွေ လက်နက်ချအောင် ဆော်နေကြတာဆိုတာဆိုတာ ဟော မသေလို့ ပြန်လာတဲ့ စစ်သားတွေကိုတောင် အရှက်ခွဲမှုနဲ့ လက်ထိတ်ခတ်ဖမ်း၊ ညှဉ်းပန်းနှိပ်စက် စိတ်ပျက်မှုက ထိပ်တက်စောင့်။ ဒါတောင် ရှမ်းမြောက်ကို ဂန်းမဖောက်အောင် ပေါက်ဖော်ဒူးငုံထားလို့။ AA ဆော်ချက်ကလဲ မြို့တော်ခန်းမတောင် ဆေးရုံလုပ်ထားရတဲ့အဆင့်။ ခုတော့ အသုဘတောင်လိုက်လူဖမ်း စစ်သားရှာ၊ အိမ်ပေါ်တက် ခြင်ထောင်လှန်ဆွဲချနေရတဲ့အဖြစ်။ ထိုင်းကလဲ မြန်မာအလုပ်သမားတွေဆီက ငွေညှစ်တဲ့ဇာတ် မခင်းရဆိုပြီး ဗျင်းချပစ်လိုက်သေး။ ဆရာမှတ်ကြီးပြောတဲ့ အိမ်း တပြည်လုံးညာသံပေးတိုက်လိုက်ရင် ခွေးမိုက်ဇာတ် တခန်းရပ်ပြီလေဆိုတဲ့စကားအတိုင်း တောင်ခွေး မြောက်ခွေးမကူနိုင် မအူနိုင်ဖြစ်ပြီပ။
ပလောင်နဲ့ ကချင်ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ရှရှားကို ကျောက်မျက်လုပ်ကွက်တွေ ချပေးသတဲ့။ ရှီကျင့်ဖျင်က ဖျင်ချမစိုးလို့ ဖားကန့်တော့မပါဘူး။ တကယ့်ကောင်၊ မင်္ဂလာပွဲမှာ နွားပျောက်ကြီးတရှဉ်း လက်ဖွဲ့တဲ့ ရွာလူညစ်အကွက်နဲ့ ကြွက်ကို ပွတ်တာ။ ပျောက်သွားတဲ့နွားနော်၊ အပြောက်အကျားနွား မဟုတ်ဖူး။ ပူတင်က နားပန်ကျင်း ဖင်စောင့်ကန်အုံးမှာ။ အဲဒီလို လက်လွတ်ရတဲ့နယ်တွေမှာ လုပ်ကွက်နဲ့ လက်နက်လဲတဲ့ မအလလောက်တော့ အပျော့ဘဲဆိုတဲ့ အချိုးနဲ့ စိုးဝင်းက အားကျမခံ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ရမယ်လို့ မိန့်သတဲ့။ တကယ့်နှစ်ကောင် အမြှီးထောင်၊ ထောင်တဲ့အမြှီး ကောက်ကောက်ကြီးတွေဆိုတဲ့နှစ်ကောင်။ လက်တွေ့က စီမံကိန်းအကောင်အထည်ဖော်ဖို့ဝေးရော၊ ကိုယ့်တပ်ပတ်ပတ်လည်တောင် မိုင်းလှည့်ထောင်နေရတဲ့အခြေ၊ ကိုယ့်မိုင်းကိုနင်းပြီး သေရမယ့်ကာလ။
လူအရှင်းမှာ ပူတင်းဆီက ခွန်အားတွေစုပ်ယူလာပါတယ်ဆို ဟော ခု ညောင်ကျိုးကျပတဲ့။ ဝေဒဆရာရဲ့ ဟောကိန်းကတော့ ကြောက်စရာ။ ခု ဂေါတမဘုရားက ညောင်ကိုမှီပြီး ဘုရားဖြစ်လာတာတဲ့။ ညောင်ကျိုးကျတယ်ဆိုတာ အမှီပျောက်ပြီ၊ ရွှေပလ္လင်ကို မအောင်တော့၊ မနိုင်တော့လို့ အဟောထွက်သတဲ့။ ပလ္လင်ပျောက်ကိန်းပေါ့လေ။
တိုက်တိုက်ဆိုင်ဆိုင် ကာဝန်ကလဲ တပ်မင်းသင်တန်းဆင်းပွဲမှာ တပြည်လုံးအနှံ့ သောင်းချီတဲ့ ဒေါင်းစစ်သည်တွေနဲ့ တပေါင်းစစ်ချီ စစ်ဖြန့်တော့မယ် ပြောတဲ့အချိန်။ မအလအုပ်စု အုစုပ်ဖို့ အဲလေ ဂိန်ဖို့သာကျန်တော့။ ကိုက်ဖို့ဆွဲဖို့ထား၊ အူချိန်ဟောင်ချိန်တောင်ရဖို့မလွယ်။ အားကိုးတာက တရုတ်နဲ့ ရှရှား။ တဖြည်းဖြည်းနဲ့ဆုတ်ယုတ်ပြီး ရှားပါးဖို့သာ ရှိတာလေ။ ဟိုက သူ့လောဘနဲ့သူ တိုင်ပတ်နေတဲ့တိုင်းပြည်တွေ။ ဟိုတပြည်က ပိုးအမျိုးမျိုးနဲ့ သောက်ကျိုးနဲပြီးရင်း နဲရတဲ့ကြား ဟိုဟာသိမ်းဒီဟာလုလုပ်ချင်လို့ စစ်စရိတ်ပါပိ၊ စီမံကိန်းတွေကလဲ တအိအိကျ။ တပြည်က သူများပြည်ကျူးကျော်လို့ စစ်စရိတ် မသာစရိတ်ဘီလျံချီနဲ့ နေ့စဉ် တိုင်ပတ်လို့ မြောက်ကိုရီးယားဝက်ပုတ်လေးရှေ့တောင် ဒူးတုပ် အုစုပ်နေရတဲ့ဘဝ။
အင်း ကိုယ့်ဘက်က တော်လှန်ရေးအရှိန်မြှင့်တင်တော့မယ့်အချိန်မှာ တော်လှန်ရေးကို ရွံရှာစက်ဆုပ်စေမယ့် အဆင်ခြင်မဲ့ တရားမဲ့ သက်သေမခိုင်မလုံနဲ့ လက်နက်မဲ့တွေကို အရမ်းကာရော အနိုင်ကျင့် သတ်ဖြတ်မှုတွေ ထိန်းကြဖို့ပါပဲ။ အဲဒါတွေက ပြည်သူတွေရဲ့ တောင့်ခံအားတွေ ထောက်ပို့အားတွေကို ပျက်ပြားစေပါတယ်။ မအလတို့အုပ်စုအတွက် အသက်ရှူပေါက်တွေ ဖြစ်စေပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar