Breaking News

ကမ္ဘာ့လူ့အခွင့်အရေး အဆိုးဆုံးနိုင်ငံထဲ တနိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၈ မြင်ကွင်း

မိုးမခ၊ မတ် ၁၊ ၂၀၂၅

ကမ္ဘာ့လူ့အခွင့်အရေး အဆိုးဆုံးနိုင်ငံထဲ တနိုင်ငံဖြစ်နေတဲ့ မြန်မာနိုင်ငံ

ကမ္ဘာနိုင်ငံတွေမှာ လူ့အခွင့်အရေးအခြေအနေ၊ လူမှု၊ စီးပွားရေးတွေ ဘာတွေ ဖြစ်နေသလဲ၊ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဘယ်အခြေဆိုက်နေသလဲ၊ လူဘယ်လောက် ရာနှုန်းက အကူအညီတွေ လိုအပ်နေသလဲ ဆိုတာတွေကို လေ့လာ စစ်တမ်းကောက် ထုတ်ပြန်ပေးနေတဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က လူ့အခွင့်အရေး အခြေအနေအဆိုးဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးကို အထက်ကလို ဝိသေသ ပြုရတာကလည်း ကုလသမဂ္ဂ အဖွဲ့လို့ ဆိုပင်ဆိုငြား ကမ္ဘာ့အရေးကိစ္စတွေ စစ်မက်ဖြစ်ပွားတာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း အရေးတွေအထိ သြဇာအာဏာ မရှိဘဲ လူ့အခွင့်အရေး၊ ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခတွေ နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အချက်အလက် ထုတ်ပြန်တာမျိုးသာ လုပ်ဆောင်နိုင်တော့တဲ့ အခြေအနေကို တစတစ ရောက်ရှိလာနေတာကြောင့် ဖြစ်ပါတယ်။ 

ကုလသမဂ္ဂ အဖွဲ့ကြီး သြဇာမရှိတော့တဲ့ ကိစ္စ တခဏထားပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အဆိုးဆုံးရောက်နေတဲ့ အကြောင်းဆက်ပြောကြရရင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့ကာတပ်ခ်က ပြောဆိုရာမှာ မြန်မာနိုင်ငံက ပြည်သူတွေ အနေနဲ့ စစ်ရေးတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာ၊ စီးပွားရေး ပြိုလဲမှုတွေကြောင့်လည်း နိုင်ငံတဝန်း ဒုက္ခမျိုးစုံခံစားနေကြရပြီး အရပ်သားပြည်သူတွေက ထိခိုက်ခံစားမှု အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ၂၀၂၄ ခုနှစ်ဟာ အသေအပျောက်အများဆုံး နှစ်တနှစ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုနှစ်အတွင်း လူ ၁၅ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံတွေ့ခဲ့ရပြီး လူ ၂ သန်းလောက် အငတ်ဘေး ဆိုက်ရောက်မယ့် အခြေအနေ ရောက်နေတယ်လို့ ဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအကြောင်းလည်း မီးမောင်းထိုး ဖော်ပြထားသလို လေကြောင်းတိုက်ခိုက်မှုတွေက ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်း စစ်ဘေးဒုက္ခသည်စခန်းစတာတွေကိုလည်း မရှောင် တိုက်ခိုက်နေတာကြောင့် လူအများအပြား သေဆုံးကြရတယ်လို့ ဆိုပါတယ်။ 

ဒီအထဲ စစ်မှုထမ်းဥပဒေကြောင့်လည်း မြန်မာတနိုင်ငံလုံး အကျပ်အတည်းထဲကို ပိုမိုကျရောက်လာရတယ်လို့ ဆိုပြီး လူကုန်ကူးမှု၊ အမြတ်ထုတ်မှုနဲ့ ခြိမ်းခြောက် ငွေညှစ်မှုတွေ ခံစားနေကြရတယ်လို့ဆိုလိုက်ပါတယ်။ 

အခုလို ကုလသမဂ္ဂအဖွဲ့ လူ့အခွင့်အရေး မဟာမင်းကြီးက လူ့အခွင့်အရေး အခြေအနေ၊ လူမှုစီးပွားအခြေအနေ အငတ်ဘေးအခြေအနေတွေကို ပုံဖော်ပြသွားတာတွေထက် မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ပိုပြီး ဆိုးရွားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေကြတဲ့ ပြည်သူလူထုအနေနဲ့ အငတ်ဘေးနဲ့ အသက်ဘေး ဘယ်ဟာရွေးမလဲ၊ အသက်ဘေးနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဘေး ဘယ်ဟာ ရွေးမလဲ ဆိုတာမျိုး လက်ဝယ်ရှိတဲ့ ရွေးချယ်စရာလမ်းတွေက တခုမျှ ကောင်းမွန်တဲ့ ရွေးချယ်မှုတွေတော့ မဟုတ်ကြပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အသက်အန္တရာယ်၊ စစ်မှုထမ်းမလား အိမ်နီးချင်းနိုင်ငံမှာ တရားမဝင် နေထိုင်ပြီး အလုပ်လုပ်ဖို့ ကြိုးပမ်းမလား၊ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှု ခံမလား၊ မတတ်နိုင်တဲ့ ငွေကြေးပမာဏကို ချေးငှားရှာကြံပြီး ပေးမလား စတဲ့ အကျပ်အတည်းကြားထဲက ရွေးချယ်မှုတွေကိုသာ ရွေးချယ်နိုင်ကြတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်း သွတ်သွင်းမှုကနေ ရှောင်တိမ်းဖို့ ငွေကုန်ကြေးကျခံပြီး အိမ်နီးချင်းနိုင်ငံကို ခိုးဝင်ရောက်ရင်း ဖမ်းဆီးခံရကာ ပြန်လည်ပို့ဆောင်တဲ့အခါမှ စစ်မှုထမ်း စုဆောင်းတဲ့ လက်ထဲ တည့်တည့်မတ်မတ် ရောက်ရှိသွားရတဲ့ အဖြစ်မျိုးလည်း ကြုံနေကြရတာ ဖြစ်ပါတယ်။ 

အခုလို အခြေအနေမျိုးအောက်မှာ မျှော်လင့်ချက်ရောင်ခြည်က ဘယ်အရာလဲလို့ မေးရင် မျှော်လင့်ချက် ရောင်ခြည်က နိုင်ငံရေးနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတချို့က ပြောဆိုကြတဲ့ တော်လှန်ရေး အောင်ပွဲရဖို့ မဝေးတော့ဘူးဆိုတဲ့ ပြောဆိုမှုတွေ၊ တော်လှန်ရေး မြန်မြန်အောင်ဖို့ မြန်မြန် ကူညီကြဖို့ နှိုးဆော်မှုတွေနဲ့ မကြာခင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို စတင်တည်ထောင်နိုင်ကြတော့မလားဆိုတဲ့ မျှော်လင့်ချက်တွေသာ ရှိပါတော့တယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကတော့ ၄င်းတို့ လူမျိုးတွေ နေထိုင်ရာ ဒေသတွေနဲ့ ထိစပ်ဒေသတွေအထိ တိုက်ခိုက်သိမ်းယူပြီး အုပ်ချုပ်ရေး ထူထောင်ကြ၊ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေကြတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာပြရရင် ရခိုင်ပြည်နယ်၊ တအာင်းပလောင်ဒေသ၊ ကိုးကန့်ဒေသတွေနဲ့ ကရင်နီ/ကယားဒေသတွေ ဖြစ်ပါတယ်။ မြေပြင်မှာ ထိန်းချုပ်ထားနိုင်သည့်တိုင် စစ်ကောင်စီက လေကြောင်းကနေ ဒုက္ခပေးနေဆဲ နဲ့ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီတွေကို ပိတ်ဆို့ဖို့ ကြိုးစားတာ၊ လာဘ်ငွေတောင်းယူပြီးမှ ဖြတ်သန်းသယ်ဆောင်ခွင့်ပေးတာတွေကြောင့် ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုတွေအကြား၊ လေကြောင်းတိုက်ခိုက်မှုတွေအကြား၊ ၄င်းတို့ပြည်နယ်၊ ဒေသတွေကို တည်ငြိမ်အောင် လုပ်ဖို့ ခက်ခဲနေဆဲ၊ ငွေကြေးစနစ်ထဲမှာ ရှိနေပြီး ဆက်သွယ်ရေး ပြတ်တောက်မှု၊ ယခင် အနေအထားနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဘဏ်စနစ်တွေအကြား လူထုက လည်ပင်းညှစ်ခံထားရသူသဖွယ် အသက်ဆက်လက်ရှင်သန်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေအောက်မှာ မိမိတို့ နေထိုင်ရာဒေသတွေက နေ ယာယီအားဖြင့် ဖြစ်စေ စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသူတွေ သိန်းနဲ့ သန်းနဲ့ချီရှိနေကြတာ ဖြစ်ပါတယ်။ 

လူ့အခွင့်အရေး အခြေအနေဆိုးရွားမှုက စစ်မက်ဖြစ်ပွားမှုအပေါ် အခြေတည်ကာ ပေါ်ပေါက်လာတဲ့ အကျိုးဆက်ဖြစ်ပြီး ၂၀၂၄ ခုနှစ် တနှစ်လုံးက ယခင် ၃ နှစ်နဲ့ နှိုင်းစာရင် စစ်ရေးလှုပ်ရှားမှု အပြင်းထန်ဆုံး ကာလတွေ ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်မှာလည်း အလားတူ အခြေအနေမျိုး သို့မဟုတ် အဲဒီထက် ပိုမိုပြင်းထန်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar