Breaking News

မောင်ရစ် - ခင်ဗျားကမ္ဘာကြီး မနေ့ကတည်းက ပျက်သွားပြီ

မောင်ရစ် - ခင်ဗျားကမ္ဘာကြီး မနေ့ကတည်းက ပျက်သွားပြီ

(မိုးမခ) ဧပြီ ၄၊ ၂၀၂၅

မတ်လ ၂၈ စစ်ကိုင်းမြေငလျင်ကြီးက ဘယ်သူမှ မမျှော်လင့်ထားဘဲ ဆိုက်ရောက်လာပါတယ်။ လူပေါင်း ထောင်ချီ သေဆုံးသွားပါတယ်။ တကယ်တမ်းပြောရရင် ၂၀၀၈ နာဂစ်တုန်းကထက် မလျော့တဲ့ ထိခိုက်ဆုံးရှုံးမှုတွေလို့  ပြောလို့ရပါတယ်။ အခုချိန်မှာ လူ ၃ ထောင် စာရင်းအရ သေဆုံး၊ လူပေါင်း သောင်းချီ ထိခိုက်ဒဏ်ရာရပြီး၊ လူ သိန်းနဲ့ချီပြီး အိုးအိမ်စည်းစိမ်တွေ ထိခိုက် ပျက်စီးခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

မြန်မာပြည်ဟာ ၂၀၂၁ ကတည်းက အမှောင်ကျခဲ့ပြီး ဖြစ်ပါတယ်။ လူပေါင်း ထောင်သောင်းချီပြီး ပြည်တွင်းစစ်မီးနဲ့ အထွေထွေအကြပ်အတည်း မှာ သေဆုံးပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။ လူပေါင်း သန်းချိပြီး အိုးအိမ်များကနေ စွန့်ခွာထွက်ပြေးနေကြပါပြီ။ အပြစ်မဲ့ပြည်သူတွေ ကျဆုံးကြရတယ်။ တော်လှန်တဲ့ပြည်သူတွေ ကျဆုံးကြရတယ်။ အခုတော့ ပစ္စည်းမဲ့ကော ပစ္စည်းရှိတွေကော ဆင်းရဲ ချမ်းသာ လူတန်းစားပေါင်းစုံ ထိခိုက်ပျက်စီးနေကြတာကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

မြန်မာပြည်တင်ပဲလား မဟုတ်ပါဘူး။ နှစ်ဆန်းပိုင်းမှာ အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိစ်မြို့ကြီးမှာ တောမီးလောင်လို့ အိမ်ပေါင်း ထောင်ချီ လူပေါင်း သောင်းချီ ပျက်စီး ထိခိုက်ခဲ့ကြရပါတယ်။ သဘာ၀ဘေးဒဏ်က အမေရိကန်ပြည်တဝှမ်းမှာ လေမုန်တိုင်း၊ မီးမုန်တိုင်း၊ မီးမုန်တိုင်းတွေ ကျရောက်လို့ အမြောက်အများ ထိခိုက် ကြရပါတယ်။ လူတွေလုပ်တဲ့ ကပ်ဘေးက အစ္စရေး ပါလစ္စတိုင်း စစ်ပွဲ၊ ယူကရိန်းစစ်ပွဲတွေမှာလည်း  ပျက်စီးဆုံးရှုံးမှုတွေ လျော့သွားတယ် မရှိဘူး တိုးပြီးရင်း တိုးနေတာပါပဲ။ အခုဟာက မင်းတို့ဆင်းရဲသားတွေချည်း ဒုက္ခရောက်တာလို့ ပြောမရပါဘူး၊ ချမ်းသာလည်း မင်းတို့တွေ ဒုက္ခရောက်ကြရတာပဲ။ အားလုံးက သင်္ခါရ။

၂၀၁၉ တုန်းက ကိုဗစ်၁၉ ဘေးက စလိုက်တာကနေ ကမ္ဘာကြီးဟာ ခုထိ ငြိမ်းချမ်းရေး မရတော့ဘူး လို့ ဆိုနိုင်ပါတယ်။ တနှစ်ပြီး တနှစ် ဘေးဆိုးတွေချည်းပါပဲ။ တခါက ဖတ်ဖူးတဲ့ ၀တ္ထုတခုလို သည်အရပ်မှာ ဘုရားသခင် မရှိတာ ကြာပြီ ဆိုတဲ့ စာသားကို သတိရမိပါတယ်။ လောကကြီးမှာ တရားမရှိတော့လို့ တရားကိုစောင့်တဲ့သူတွေ မရှိတော့လို့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အခြေအနေကို သရုပ်ဖော်တဲ့ ဇာတ်လမ်းပေါ့လေ။ သည်တော့ ဇာတ်ကောင်ကပြောတယ်။ သည်အရပ်ကို ဘုရားသခင် စွန့်ခွာသွားတာ ကြာခဲ့ပြီ တဲ့။ လောကပါလတရားတွေ၊ နတ်ကောင်းနတ်မြတ်တွေ မရှိကြတော့ဘူး ဆိုသလိုမျိုးပေါ့။

နိုင်ငံရေးစကားပြောရရင် - မင်းအောင်လှိုင်လို စစ်အာဏာရှင်မျိုးကို မြန်မာပြည်သူတွေထဲက စစ်အုပ်စုအားပေးတွေ၊ နောက်လိုက်တွေ၊ အချောင်သမားတွေ၊ ဖက်ဆစ်တွေက ဝိုင်းပြီး ထောက်ခံ လိုက်ပါကြပြီး စစ်အာဏာရှင် သက်ဆိုးရှည်အောင် ကျောခင်းပေးနေကြတယ်။ အဲသည်လို ခေါင်းငုံခံနေကြတဲ့ ပြည်သူတွေ နောက်လိုက်တွေ တကိုယ်ကောင်းဆန်သူတွေ လူညံ့တွေကြောင့် အာဏာရှင်တွေ ခေါင်းထောင်နေကြ၊ ခေါင်းမော့နေကြတယ်။ အဲသည်အရပ်မှာ ဘုရားသခင် မနေတော့တာ ကြာပြီလို့ ပြောရင် ရမယ် ထင်တယ်။ ကျနော်ကတော့ ခင်ဗျားကမ္ဘာကြီး ပျက်သွားတာ မနေ့တနေ့ကတည်းကလို့တောင် ပြောလိုက်ချင်ပါတယ်။

အမေရိကားမှာ ဒေါ်နယ်ထရန့်လိုလူမျိုး မင်းတက်ဖြစ်တာ တကြိမ်မဟုတ်ဘူး ၂ ကြိမ် ဖြစ်ပါတယ်။ ထမင်းစားပြီး လူလို စဉ်းစားတဲ့ သူတိုင်းက သည်လိုမျိုး အာဏာရှင် ကိုယ်ကျိုးကြည့် အတ္တကြီးသူကို အမေရိကန်တွေက မင်းတင်မြှောက်ကြလိမ့်မယ်လို့ ရိုးရိုးသားသား အိပ်မက်တောင် မမက်မိခဲ့ကြဘူး။ အခုတော့ ဒေါ်နယ်ထရန့် တက်လာပြီးနောက် အမေရိကန်ပြည်ကိုသာမက ကမ္ဘာကြီးတခုလုံးကို မီးတင်ရှို့လိုက်ပါပြီ။ ဘုရားသခင်ဟာ အမေရိကန်ပြည်ကနေ စွန့်ခွာသွားပါပြီလို့ ပြောရပါမယ်။

တနေ့က သူသတင်းစာရှင်းလင်းပွဲမှာ သူ့သမ္မတသက်တမ်း ဒုတိယအကြိမ် ရက်ပေါင်း ၆၀ ကျော်အတွင်း အောင်မြင်မှုတွေကို ပြောသွားတယ်။ သူပြောတဲ့ အောင်မြင်မှုတွေဆိုတာ အစိုးရဝန်ထမ်းတွေ ထောင်သောင်းချီပြီး အကြောင်းမဲ့ အလုပ်ဖြုတ်ပစ်လိုက်တာ။ နိုင်ငံထဲမှာ လာရောက်ခိုလှုံသူတွေ ကို တရားမဝင်နေထိုင်သူတွေ ရာဇဝတ်ကောင်တွေဆိုပြီး ဖမ်းဆီး မောင်းထုတ် ထောင်ချဖမ်းဆီးနေတာ။ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူမှုကယ်ဆယ်ရေးဌာန၊ သတင်းလွတ်လပ်ခွင့် ထောက်ကူဌာနတွေနဲ့ ပရဟိတလုပ်ငန်းတွေကို ဖျက်သိမ်းပစ်လိုက်တာ။ အမေရိကန်ပြည်သူတွေ၏ လူသုံးကုန်တွေအားလုံးကို အခွန်ပေါင်း ၅၀% ကျော် ကောက်ခံပြီး ကုန်စျေးနှုန်းတွေ မတည်ငြိမ်အောင် လုပ်လိုက်တာ။ ကမ္ဘာကုန်သွယ်ဘက်နိုင်ငံတွေအားလုံးကို ကန့်သတ်ခွန်တွေ တိုးကောက်လိုက်တာတွေ ဟာ သူ့အောင်မြင်မှုတွေလို့ ဆိုလိုက်ပြီး တကယ်တန်းကတော့ အမေရိကန်ပြည်ထောင်စုသာမက တကမ္လာလုံးက ပြည်သူတွေအားလုံးအတွက် ဆုံးရှုံးမှု ကပ်ဆိုက်မှု ကြီး ဖြစ်ပါတော့တယ်။

၂၁ ရာစုအစပိုင်းမှာ ရှေ့ဖြစ်ဟောဆရာတွေက ကမ္ဘာပျက်ကိန်းကို ဟောကြတယ်။ ၂၁ ရာစု လူသားတွေက ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဒီမိုကရေစီစနစ်ကို ပုံဩမြုပ်နှံယုံကြည်ပြီး ငြင်းချက်ထုတ်ကြတယ်။ ၂၀၀၁ မှာ နိုင်းအီလဲဗင်းမှာ အစွန်းရောက်တွေက ဝေါထရိတ်စင်တာကြီးတွေကို လေယာဉ်ပျံ ပြန်ပေးဆွဲပြီး တိုက်ခိုက် ဖျက်ဆီးခဲ့ကြတယ်။ ၂၀၀၈ မှာ အမေရိကန်နဲ့တကွ စီးပွားပျက်ကပ်တခု ဆိုက်တယ်။ အိုဘားမား ၈ နှစ်မှာ ဒီမိုကရေစီက တက်ထောင်နေတုန်းမှာ၊  လက်ယာအစွန်းရောက်တွေ ပြန်လည် ထကြွလာကြတယ်။ အပြောင်းအလဲကို လက်မခံချင်ကြဘူး။ ၂၀၁၆ မှာ ဒေါ်နယ်ထရန့်မင်းဖြစ်တော့ အားလုံးဟာ လိမ်ညာ လုပ်ကြံ သတင်းတုခေတ်ကြီးကို မွေးဖွားလိုက်စေတယ်။ ဘိုင်ဒင် တက်ခဲ့တော့လည်း ယူကရိန်းစစ်၊ အစ္စရေးပါလစ္စတိုင်းစစ်မီးက အားလုံးကို မီးဟပ်တာပါပဲ။ အခုတော့ အမေရိကန်ကြီးကို ဂရိတ်အဂိမ်းလုပ်မယ့်လူက ပူတင်၊ ရှီကျင့်ပင်၊ မင်းအောင်လှိုင်၊ မိုဒီ၊ ကင်ဂျောင်အူးတို့နဲ့ ကြမ်းတပြေးတည်း ထိုင်ချ လိုက်ပြီ။ 

သည်တော့ စစ်ကိုင်းမြေငလျင်ကြီး တောလဲသံ မြည်ဟီးပြီး မလှုပ်လာခင်ကတည်းက ခင်ဗျားကမ္ဘာကြီး မနေ့ကတည်းက ပျက်သွားပြီလို့ ပြောလိုက်ချင်တယ်။ နောင်လာမယ့် လတွေ ရက်တွေမှာလည်း ကမ္ဘာပျက်မိုးကြီးတွေ ရွာပြီး နောက်ရက်တွေကို စောင့်ကြည့်နေသလိုမျိုး သတိကပ်ပြီး ဆက်လက်  စောင့်ကြည့်နေကြရလိမ့်မယ်လို့ ထင်ပါတယ်။ ခင်ဗျားက ဘယ်တရားနဲ့ ဖြေမှာလဲ။ ဘယ်လို မျော်လင့်ချက်နဲ့ ဆက်လျှောက်မှာလဲ။ ခင်ဗျား ဘုရားသခင်ကတော့ သည်အရပ်ကို စွန့်သွားတာ ကြာပါပြီ။ ကျနော်တို့တွေအတွက်က နောင် မွေးဖွားလာမယ့် အနာဂတ်မျိုးဆက်တွေအတွက် ဘာတွေ အကောင်းဆုံး ချန်ရစ်ခဲ့နိုင်အောင် ဘာတွေ ဆက်လုပ်ကြရင် ကောင်းမလဲကို စဉ်းစားကြရမှာ ဖြစ်ပါတယ်။ မိမိပါးစပ်ထဲ သွင်းလိုက်မယ့် နောက်ဆုံး ထမင်းတလုပ်ကို မစားဘဲ မိမိကလေးအတွက်  ချန်ထားခဲ့သလိုမျိုး သူတို့အတွက် ကမ္ဘာအသစ်အတွက် အဟာရတွေ ထားပေးကြရမှာပေါ့။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar