Breaking News

မောင်လင်းရိပ် - အမေး နွားကျောင်းသား

မောင်လင်းရိပ် - အမေး နွားကျောင်းသား

(မိုးမခ) ဧပြီ ၄ ၊ ၂၀၂၅

ဥမည်းမည်းတွေ 

ဝမ်းဗိုက်ထဲ ထည့်သယ်လာတဲ့ ငှက်ရဲတွေဟာ 

ပျံဝဲတုန်းပဲ တဲ့

မြေကြီးတွေ ကွဲပြီး 

တိုက်တာအိမ်ခြေတွေ အတုံးအရုံး လဲနေတဲ့ 

အရေးပေါ်ကာလကြီးမှာ

ဒီနိုင်ငံမှာ အနာဂတ် ရှိတယ် ထင်သေးလားလို့ 

ပွဲစားတွေက မေးလိမ့်မယ်

ငလျင် အခက် သခင် အချက်လို့ 

ကျွန်စော်နံသူတွေက တွေးချင် တွေးပုံရမယ်


တိုင်းပြည်ဗျာဓိကို ထောက်ပြီး 

သင်္ကြန်ဆိုတာကို ‘အောက်’*တဲ့သူက အောက်မယ်

မဏ္ဍပ်တွေကို အတင်း ဆက်ဆောက်သူက ဆောက်လိမ့်မယ်

မြေကြီးက ဖွင့်မပြခင်မှာကို 

ညောင်မြစ်တွေ ပုတ်သင်ဥတွေက အဖွေးသား ရှိနှင့်ပြီး

ဘေးအမျိုးမျိုး ကပ်အမျိုးမျိုးဆိုတာ 

ငါတို့ကို ဘုရားတွေက စုံစမ်းတော်မူနေတာ မဟုတ်

အကောင်ကြီးတဲ့ နိုင်ငံသားတွေမို့သာ 

ငါတို့ဟာ ဒီရေနွေးအိုးပေါ် 

အခါခါလျှောက်နေရတာလား


ပဋိပက္ခအထွေးထွေးကို စားပွဲဝိုင်းပေါ်မှာ 

ပန်းကန်ပြင်အလှ ယဉ်ယဉ်နဲ့ တင်ထားပါ

နတ်တွေလို အငွေ့တွေကို စားရင်း 

စကားတွေနဲ့ နွေးထွေး ဆွေးနွေးကြမလား

ဒူထောက်ဆွေးနွေးပွဲကို ဘေးဖယ်လိုက်ပြီး 

ဒူးတိုက်ဆွေးနွေးပွဲကို ဇမ်းတင်ရင် ရပြီ

လက်နက်တွေကို လူကြမ်းရာဇဝင်ထဲမှာ ထားခဲ့ဆိုရင် 

ငါတို့ရဲ့ စိတ်တွေ သန့်စင်ပြီးဖြစ်ပလား

ကောင်းကင်မှာ ပျံဝဲနေတာ 

ချိုးငှက်လို ကြိုးကြာလို ငှက်တွေပဲ ဆိုတာ သေချာပြီလား

ဥမည်းမည်းနဲ့ ငှက်ရဲတွေ စိုးမိုးဆဲ ကောင်းကင်ကို 

ငြိမ်းချမ်းပြာခြယ်နိုင်ဖို့ရာ ယုံစေဖွယ်ပဲလား

ဒီနိုင်ငံမှာ အနာဂတ်တွေဟာ 

အမှန်ရှိနိုင်သေးတယ် ထင်သလားလို့ 

စစ်မှုထမ်း ကံစမ်းမဲပေါက်ထားတဲ့ 

လူငယ်လေးကို မေးကြည့်ပါ

မနက်ဖြန်ဆိုတာ အသက်ကျန်ရင် 

ဆက်ရန်ရှိတာပဲ မဟုတ်လားလို့

နွေဦးဘက် ထွက်ခင်သူ 

လူငယ်လေးတွေကတော့ ဖြေလိမ့်မယ် ထင်တယ်

မတ် ၃၁၊ ၂၀၂၅


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar