Breaking News

စစ်ခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံခရီး နဲ့ သံတမန် ရေးအရ အသိအမှတ်ပြုခံရဖို့ ရည်ရွယ်သလား

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၃ မြင်ကွင်း

မိုးမခ၊ ဧပြီ ၄ ၊ ၂၀၂

စစ်ခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံခရီး နဲ့ သံတမန်ရေးအရ အသိအမှတ်ပြုခံရဖို့ ရည်ရွယ်သလား 

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ကြောင့် ရုံးစိုက်ရာ နေပြည်တော် အပါအဝင် ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့နဲ့ အခြားမြို့တွေ အတော်များများ ကယ်ဆယ်ရေး လုပ်ဆောင်၍ မပြီးသေးခင်မှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော်နိုင်ငံများ စီးပွားရေးနဲ့ နည်းပညာဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ BIMSTEC အဖွဲ့ရဲ့ နှစ်လည်ညီလာခံကို စစ်ခေါင်းဆောင်က ကိုယ်တိုင်တက်ရောက်လာခဲ့ပါတယ်။ 

တောင်အာရှ နိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ ထိုင်းနဲ့ မြန်မာ ၇ နိုင်ငံပါဝင်တဲ့အဖွဲ့အစည်း ရဲ့ နှစ်စဥ်ကျင်းပတဲ့အစည်းအဝေးကို သံတမန်ရေးအရ အသိအမှတ်ပြုခံရဖို့ စစ်အာဏာသိမ်း ခေါင်းဆောင်ရဲ့ ကြိုးပမ်းမှုတရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။ တဖက်မှာလည် ဒေသတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေတဲ့ မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်ဖြစ်သူကို ဖိတ်ကြားမှုအတွက် အိမ်ရှင်ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ကို အတိုက်အခံတွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် အနေနဲ့ သူ့နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့ကွန်ဖရင့်ဖြစ်လို့ ဖိတ်ဖို့ မဖိတ်ဖို့ ဆုံးဖြတ်ချက်က BIMSTEC ဘက်က အဓိကကျပြီး သူ့နိုင်ငံတနိုင်ငံထည်းက ဆုံးဖြတ်ခွင့် မရှိဘူးလို့ ယူဆတာကြောင့် ဖိတ်ကြားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီအစည်းအဝေးကိုပဲ အိန္ဒိယဝန်ကြီးချုပ်လာရောက်ချိန် ဘန်ကောက်မြို့က လေယာဥ်ကွင်းမှာ အိန္ဒိယနိုင်ငံ သားတွေကြိုဆိုနေကြတဲ့မြင်ကွင်းနဲ့ မြန်မာစစ်ခေါင်းဆောင်ဖြစ်သူ ဘန်ကောက်လာရောက်ချိန် ဘယ်မြန်မာ နိုင်ငံသား မှ မင်းအောင်လှိုင်ကိုကြိုဆိုလိုတဲ့ ဆန္ဒမရှိကြတာ၊ စစ်ခေါင်းဆောင်အနေနဲ့လည်း မြန်မာနိုင်ငံသားတွေကြိုဆိုမယ်လို့ဆိုရင်တောင် တစုံတရာ အန္တရာယ်ပြုခံရမှာ စိုးလို့ လက်ခံရဲမယ့် အနေအထားမရှိပါဘူး။ 

မင်းအောင်လှိုင်ခရီးစဥ်နဲ့ပတ်သက်လို့ အဓိကဝေဖန်ပြောဆိုစရာ ရှုထောင့်က မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အတွင်း တကြိမ်ကြုံရတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး အသက်ရှင်ကျန်ရစ်သူနဲ့သေဆုံးသူတွေကုန်အောင် ရှာဖွေ ကယ်ဆယ် ထုတ်ယူတာတွေမပြီးစီးသေးတဲ့အချိန်၊ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ လမ်းဘေးမှာ အိပ်နေရတဲ့စစ်အစိုးရရဲ့ဝန်ထမ်းတွေ အများအပြားရှိနေသေးချိန်မှာ ထိုင်းနိုင်ငံက နှစ်ပတ်လည်ကွန်ဖရင့်ကို တက်ရောက်ဖို့ဆုံးဖြတ်ခြင်းက သေဆုံးသူတွေ၊ ထိခိုက်ခံစားနေရသူတွေကို မျက်နှာလွှဲခဲပစ်လုပ်တဲ့အဓိပ္ပါယ်လည်း သက်ရောက်နေတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် အများစုဟာ ပြည်တွင်းမှာ သဘာဝဘေးအန္တရာယ်နဲ့ ကြုံနေရချိန်လိုမျိုး၊ နိုင်ငံရေး အုပ်ချုပ်ရေး မတည်မငြိမ်ဖြစ်နေချိန်မျိုးမှာ ပြည်ပ ခရီးစဥ်တွေကို ရပ်ဆိုင်းကာ ပြည်တွင်းရေးကို အာရုံစိုက် ဖြေရှင်းကြတာဖြစ်ပေမယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့တော့ ထိုင်းနိုင်ငံကို တရားဝင် လာရောက်ပြီး နစကအစိုးရအဖြစ် အသိအမှတ်ပြုခံရမယ့် အခွင့်အရေးကို နိုင်ငံမှာ ဘာကြီးဖြစ်နေဖြစ်နေ ဂရုမစိုက်ဘူးဆိုတဲ့သဘောနဲ့ လာရောက်တာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်လပိုင်းအတွင်း အာဆီယံ မူ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ခေါင်းညိတ်ခဲ့တဲ့ မင်းအောင်လှိုင် အနေနဲ့ အဆိုပါ မူ ၅ ချက်ကို တနှစ်ကြာလည်း အကောင်အထည်မဖေါ်သလို ၄ နှစ်ကျော်လာသည်အထိ အကောင်အထည်ဖော်ခြင်းမပြုဘဲထားတဲ့အတွက် အာဆီယံအဖွဲ့ကတော့ နိုင်ငံရေးအရ တာဝန်ယူထားတဲ့ ဘယ်မြန်မာခေါင်းဆောင်မှ တက်ခွင့်မပေးဘဲ ဆိုင်းငံထားတာ အခုချိန်ထိ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် BIMSTEC အစည်းအဝေးကို အိမ်ရှင်နိုင်ငံက ဖိတ်ကြားလာကတည်းက မင်းအောင်လှိုင်အဖို့ ဒီအစည်းအဝေးဟာ သူ့အတွက်ဝါဒဖြန့်ဖို့၊ အာဏာသိမ်းစစ်အစိုးရ အနေနဲ့ လူတောတိုးနိုင်ဖို့ အခွင့်အရေးတခုအဖြစ် ရှုမြင်ထားတာကြောင့် ဖြစ်ပါတယ်။ 

မြန်မာစစ်ခေါင်းဆောင်အနေနဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်၊ ပျဥ်းမနား ငလျင်ဘေးအန္တရာယ် ကျရောက်မှုကိုလည်း နိုင်ငံတကာအကူအညီတောင်းခံပြီး အရေးပေါ် ကယ်ဆယ်ကူညီရေးနဲ့ပတ်သက်လို့ နိုင်ငံ တကာက ဆက်သွယ်ဆောင်ရွက်လာတဲ့အပေါ် သံတမန်ရေးအရအသိအမှတ်ပြုမှု ခံရသလိုမျိုး ဝါဒဖြန့်သလိုအိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံအချို့က အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ပစ္စည်းအကူအညီတွေ ပေးအပ်ကြရာမှာ ၄င်းတို့ကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမှုသဖွယ်မှတ်ယူပြီး ဝါဒဖြန့်နေကြတာ ဖြစ်ပါတယ်။ 

အမှန်တကယ်မှာတော့ ငလျင်ဒဏ်ခံစားနေကြရတဲ့ဒေသတွေမှာ လက်နက်ကိုင်တပ်တွေကူညီကယ်ဆယ်မှုအနိမ့်ဆုံးအဆင့်မှာသာရှိနေတာကိုကြည့်ရင် နိုင်ငံတကာအနေနဲ့ စစ်အစိုးရရဲ့စွမ်းဆောင်နိုင်ရည်ကို သိရှိအကဲဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။ 

လောလောဆယ်အနေအထားမှာတော့ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာလူထုခံစားနေရတဲ့ငလျင်ဘေး ဒဏ်ကိုသက်သာစေဖို့ ၄င်းတို့တတ်နိုင်သမျှ ကျွမ်းကျင်မှုနည်းပညာအကူအညီနဲ့ ရိက္ခာဆေးဝါးပစ္စည်းအထောက်အကူတွေယာယီဆေးရုံတွေဆောက်လုပ်ကူညီနေကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီကိုအသိ အမှတ် ပြုခြင်း မပြုခြင်း ဆိုတာထက် လူထုရဲ့ ခံစားနေကြရတဲ့ ဒုက္ခကို သက်သာစေဖို့ကိုသာ အာရုံစိုက်ကြတာဖြစ်ပါတယ်။ 

စစ်ကောင်စီ ခေါင်းဆောင် အနေနဲ့ မြန်မာလူထုရဲ့ အရေးထက် ၄င်းတို့အစိုးရ အသိအမှတ်ပြုခံရရေးကိုသာ ဦးစားပေး လုပ်ဆောင်နေတာ တွေ့ရမှာပါ။ ဇန်နဝါရီလကုန်မှာ အမေရိကန် သမ္မတသစ် ထရန့် အာဏာရယူပြီးနောက် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲလာချိန် မြန်မာ့အရေးကို အနောက်နိုင်ငံတွေ အနေနဲ့ ဖိအားပေးမှုနဲ့ အာရုံစိုက်မှုလျော့လာချိန်မှာ မြန်မာစစ်ခေါင်းဆောင်က အခွင့်အရေးကို ၄င်းအတွက် အသုံးချဖို့ရည်ရွယ်ထားပုံရပါတယ်။ 

အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့သြဇာ လျော့ကျလာချိန် တရုတ်နိုင်ငံက ဒီဒေသတွင်းမှာ ပိုမိုအရေးပါလာခဲ့ပြီး တရုတ်နိုင်ငံကို တစိတ်တပိုင်းမှီခိုပြီး ရုရှားကိုကိုးကွယ်နေတဲ့စစ်ခေါင်းဆောင်အဖို့ ရုရှားသမ္မတက ဖိတ် ကြားတဲ့ခရီးစဥ်ကိုလည်း သွားရောက်ခဲ့သလို မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လာမယ့်ဒီဇင်ဘာကနေ နောင်နှစ် ဇန်နဝါရီအတွင်းကျင်းပမယ့်အကြောင်း အဆိုပါခရီးစဥ်အတွင်း ထုတ်ပြောခဲ့ပါတယ်။ ယခု တဖန် ထိုင်းခရီးစဥ် ပထမနေ့မှာပဲ ငလျင်ကပ်ဘေးကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမှာမဟုတ်ကြောင်း ထပ်မံပြော ဆိုလာပြန်ပါတယ်။ 

အိမ်နီးချင်းနိုင်ငံနဲ့အာဆီယံနိုင်ငံအချို့ကတော့ မြန်မာစစ်ကောင်စီအနေနဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် လုပ်ဆောင်ဖို့တိုက်တွန်းမှုတွေလည်း ရှိလာပါတယ်။ ပထမဆုံးအနေနဲ့ စင်ကာပူနိုင်ငံနိုင်ငံခြားရေးဝန်ကြီးက ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုလိုက်တဲ့ သတင်းလည်း ငလျင် လှုပ်ပြီး ၃ ရက်မြောက်နေ့မှာ ထွက်ပေါ်လာပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေဆောင်ရွက်နိုင်ဖို့ ချက်ခြင်းအပစ်ရပ်ဖို့ တောင်းဆိုပြီး ရက်အနည်း ငယ်အကြာမှာ တဖက်သတ်အပစ်ရပ်တာ၊ ထိုးစစ်ရပ်တာတွေ စစ်ကောင်စီနဲ့ လက်နက်ကိုင် အဖွဲ့အချို့က ကြေညာပေမယ့် ခုရက်ပိုင်းတွေအထိ ကချင်ပြည်နယ်၊ ကရင်နီ/ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တာ တွေ့ရပါတယ်။ 

စစ်ခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံခရီးစဥ်ဟာ ၄င်းအတွက် အရင်းနဲ့အမြတ်လို့ ၄င်းဘက်က ရှုမြင်ပေမယ့် ငလျင်ဘေးဒဏ်ကြောင့် အရေးပေါ် အကူအညီတွေကို ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်းမရှိသေးချိန် ပြည်ပမှာ သံတမန်ရေးပြယုဂ်ဖြစ်ဖို့ ကြိုးစားမှုက ပြောင်းပြန် အကျိုးသက်ရောက်မှုတွေသာ ရရှိလာလိမ့်မှာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar