Breaking News

လုံလောက်မှု မရှိတဲ့ ကယ်ဆယ်ရေးနဲ့ အကူအညီ၊ သေဆုံးသူ အရေအတွက် ၂၀၀၀ ကျော်ထိ ရောက်ရှိလာ

မြန်မာနွေဦးခရိုနီကယ် - မတ် ၃၁ မြင်ကွင်း

မိုးမခ၊ ဧပြီ ၁၊၂၀၂၅


လုံလောက်မှု မရှိတဲ့ ကယ်ဆယ်ရေးနဲ့ အကူအညီ၊ သေဆုံးသူ အရေအတွက် ၂၀၀၀ ကျော်ထိ ရောက်ရှိလာ

ငလျင်ကြီး လှုပ်ခတ်ပြီး ၃ ရက်မြောက်လာချိန် အပျက်အစီးများအောက် ရောက်နေတဲ့ အသက်ရှင် ကျန်နေသေးတဲ့သူတွေရဲ့ အသက်ရှင်သန်ဖို့ မျှော်လင့်ချက်က မှေးမှိန်လာချိန်မှာ လုံလောက်တဲ့ ကယ်ဆယ်ရေး အင်အား၊ ယန္တရားတွေ မရှိသေးတာ ဝမ်းနည်းဖွယ်ရာ တွေ့မြင်ကြရပါတယ်။ 

ဆိုရှယ်မီဒီယာမှာ အကူအညီတောင်းခံနေကြတဲ့ ပို့စ်တွေ၊ မိသားစုဝင်တွေ ဆုံးရှုံးရတဲ့ အကြောင်းတွေ မိတ်ဆွေသင်္ဂဟတွေကို အသိပေးတဲ့ ပို့စ်တွေ၊ နောက်ဆက်တွဲငလျင်တွေကြောင့် အိမ်နေလို့ ရနေသေးသည့်တိုင် လမ်းဘေးမှာ အိပ်နေကြရတဲ့ အဖြစ်အပျက်တွေက ဖတ်ရှုသူကို အလွန်စိတ်ထိခိုက်ကြေကွဲစရာတွေချည်း ဖြစ်ပါတယ်။ 

ငလျင်ကြီး လှုပ်ခတ်ပြီး ၃ ရက်မြောက်ဖြစ်လာတဲ့အခါ အဆောက်အဦတွေအောက်မှာ ထိခိုက်သေဆုံးကြပြီး ထုတ်ယူခြင်း မပြုနိုင်သေးတဲ့ အဖြစ်တွေနေရာအများအပြားမှာ ဖြစ်ပျက်နေတာပါ။ မန္တလေး၊ စစ်ကိုင်းမြို့တွေမှာ အပျက်အစီးတွေအောက်မှာ အသက်ဆုံးရှုံးသူတွေ ရဲ့ ရုပ်အလောင်းက ထွက်တဲ့ အနံ့အသက်တွေက အဆောက်အဦပျက်တွေအနီးမှာ ပေါ်ထွက်လာနေပြီလို့ ဆိုပါတယ်။ 

အပူရှိန် ၃၈ ကနေ ၄၀ ဆဲလ်စီးယပ်ထိ ရှိတဲ့ နွေရာသီ အပူချိန်အောက်မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေက ပျက်စီးကာ အနံ့အသက်တွေထွက်လာကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ပြီး ဒုတိယမြောက်နေ့မှာက စလို့ နိုင်ငံအချို့က ငလျင်ကယ်ဆယ်ရေးမှာ အတွေ့အကြုံရှိပြီး စက်ပစ္စည်းကိရိယာတွေ အစုံအလင်ရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိကာ မန္တလေး၊ နေပြည်တော်တို့လို မြို့တွေမှာ ကူညီနေကြပေမယ့် လိုအပ်ချက်နဲ့ အကူအညီရောက်ရှိလာတဲ့ အရေအတွက်က မမျှသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ မန္တလေးမြို့နဲ့ တဖက်ကမ်း စစ်ကိုင်းမြို့ဆိုရင် မတ်လ ၃၁ ရက်နေ့မှ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ စတင် ကယ်ဆယ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ထိ မြို့မှာရှိတဲ့ ကူညီကယ်ဆယ်ရေးပရဟိတ အဖွဲ့တွေနဲ့ ရှိတဲ့ မြေကော်စက်ယန္တရားတွေလိုမျိုးနဲ့ ကယ်ဆယ်ရေး လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

မန္တလေးမြို့ကို နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သည့်တိုင် စစ်ကိုင်းလို မြို့တွေကို ချက်ချင်း မရောက်ရှိနိုင်ကြပါဘူး။ 

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ အခုလောက် ပျက်စီးမှုကြီးမားတဲ့ ငလျင်ဘေးအန္တရာယ် မကြုံဖူးသေးတာကြောင့် ပျက်စီးပြိုကျနေတဲ့ အဆောက်အဦတွေထဲက ပိတ်မိနေသူတွေကို ဘယ်လို ကယ်ထုတ်ရမလဲ ဘယ်လို ကိရိယာတွေ လိုအပ်သလဲ ဆိုတာ ကောင်းစွာ မသိရှိကြပါဘူး။ လက်ရှိ အုပ်ချုပ်သူတွေက အာဏာတည်မြဲရေးထက် အခြားဘာအရေးကိုမျှ ဦးစားပေးကြတာမဟုတ်ပါ။ အခုလို နှစ်ပေါင်း ၈၀ ကနေ ၁၀၀ ကြားမှာ တကြိမ်ဖြစ်လေ့ရှိတဲ့ ငလျင်ကြီးနဲ့ ကြုံတွေ့ရချိန်မှာ ကူရာမဲ့ ကယ်ရာမဲ့ ဘဝရောက်ကြတာ ဆန်းတော့ မဆန်းပေမယ့် ခံစားကြရတဲ့ လူထုအဖို့တော့ တသက်တာ မေ့လို့မရနိုင်တဲ့ အိပ်မက်ဆိုး၊ ဘဝတလျောက်လုံးအတွက် စိတ်ဒဏ်ရာတွေ ရသွားကြမှာ အသေအချာပင် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ လူထုဟာ ခံနိုင်ရည်ရှိကြသူတွေ၊ ဒုပေဒဏ်ပေ ခံနိုင်ရည်ရှိသူတွေလို့ ဆိုသည့်တိုင် အခုကြုံတွေ့ရတဲ့ ငလျင်ကပ်ဘေးမှာတော့ ကြီးမားလွန်းတဲ့ ထိခိုက်ပျက်စီးမှု ပမာဏ၊ ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေကြောင့် ကြောက်လန့် တုန်လှုပ်မှုကြီးစွာ ဖြစ်ကြရတာ တွေ့ရပါတယ်။ ငလျင် လှုပ်ခတ်တာ ၁ မိနစ်ကနေ ၂ မိနစ်လောက်သာ ကြာမြင့်လိမ့်မှာ ဖြစ်ပေမယ့် အကျိုးဆက်တွေက လနဲ့ နှစ်နဲ့ချီတောင် နဂိုအနေအထား ပြန်မရောက်နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ပျက်စီးမှု၊ မိသားစုဝင်တွေ ဆုံးရှုံးမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဒဏ်ချက်တွေက ကုစားဖို့ မလွယ်ကူပါဘူး။ 

စစ်ကောင်စီ အနေနဲ့ အခုလောက် စစ်ရုံး အပါအဝင် နေပြည်တော်က ဝန်ကြီးရုံးအများအပြား ပြိုကျပျက်စီးပြီး အုပ်ချုပ်ရေးယန္တရားကောင်းစွာ မလည်ပတ်နိုင်သည့်တိုင် ငလျင်ဒဏ် မခံရတဲ့ဒေသတွေမှာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ လူတိုင်းက ရှုတ်ချကြတဲ့ လေကြောင်းတိုက်ခိုက်မှုကို ငလျင်လှုပ်ခတ်ပြီးသည့်တိုင် ဆက်လက် လုပ်ဆောင်နေဆဲမို့လို့ မြန်မာနိုင်ငံသားတွေအနေနဲ့ အံ့သြခြင်း မဖြစ်သည့်တိုင် နိုင်ငံတကာသတင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အသားပေး တင်ပြနေကြတာပါ။ 

စစ်ရုံးအဆောက်အဦ ပြိုကျတယ်လို့ သတင်းအချို့က ဆိုပြီး စစ်ရုံးထဲမှာ အစည်းအဝေး မထိုင်နိုင်သည့်တိုင် ပြင်ပမှာ ယာယီတဲထိုးပြီး စစ်ရေးစီမံခန့်ခွဲတဲ့ အစည်းအဝေးတွေကို လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေလည်း သတင်းဌာနတချို့က ဖော်ပြကြပါတယ်။ 

ငလျင်ဘေး ကူညီကယ်ဆယ်ရေးမှာ စစ်တပ်အင်အားပါဝင်တာ မတွေ့ရသလောက် ဖြစ်ပြီး စစ်ကောင်စီတပ်တွေ အများစုက လက်နက်ကိုင် တိုက်ပွဲဖြစ်တဲ့နေရာ၊ ဆိုင်နေတဲ့ နေရာတွေမှာ နေရာချထားကြတာကြောင့် မြို့တွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မတွေ့မမြင်ကြရတာ ဖြစ်နိုင်ပါတယ်။ နောက်တချက်ကလည်း စစ်တပ်က လူထုကို မယုံ၊ လူထုကလည်း စစ်တပ်ကို မယုံကြည်ကြတာကြောင့်  လူထုနဲ့ စစ်တပ်က ရန်ဘက်သဖွယ် ဖြစ်နေတာကိုလည်း ဖော်ညွှန်းတာဖြစ်ပါတယ်။ 

ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုက်တွေ မတ်လ ၃၁ ရက်နေ့တိုင် ကြည့်ရှုနိုင်ခြင်း မရှိသေးတာ တွေ့ရတာကြောင့် စစ်ကောင်စီအစိုးရရဲ့ ယန္တရား ဘယ်လောက်ထိ ထိခိုက်ပျက်စီးသွားသလဲ ဆိုတာ ထင်ရှားပါတယ်။ 

နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်မံပြီး ရောက်ရှိလာသည့်တိုင် နေ့စဥ် မြင့်တက်လာနေတာက သေဆုံးမှုကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်နေ့ ညနေပိုင်းမှာတော့ သေဆုံးသူ အရေအတွက် ၂၀၀၀ ကျော်ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံးသူ ၂၇၀ ကျော်ရှိတယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ငလျင်ဒဏ်ခံရတဲ့ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပျဥ်းမနား၊ စတဲ့ဒေသတွေမှာ စစ်ကောင်စီရဲ့ အရပ်ဘက်ရုံးတွေကိုယ်၌က လည်ပတ်နိုင်ခြင်း မရှိတာတွေ့ရပြီး အခု ရရှိတဲ့ အရအတွက်တွေက အပြင်လက်တွေ့မှာ ကြားသိနေရတဲ့ အရေအတွက်တွေထက် သိသာစွာ နည်းပါးတဲ့ ပမာဏ ဖြစ်နေတယ်လို့ ဆိုရင် မှားမယ်မထင်ပါ။ 

နိုင်ငံအသီးသီးမှ ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီကြတာ၊ အကူအညီကို ငွေကြေးအားဖြင့် ထည့်ဝင်ကြတာတွေကို ကြည့်ရင် အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ မြန်မာနိုင်ငံရဲ့ ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့ဖူးတဲ့ ဗြိတိန်နိုင်ငံတို့က အခြားနိုင်ငံတွေထက် သိသိသာသာ များပြားပြီး လက်ရှိ ထရန့် သမ္မတ ဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုကတော့ ဒေါ်လာ ၂ သန်းသာ အကူအညီပေးတာကိုလည်း သတိပြုမိပါတယ်။ ဒီအချက်ကို ထောက်ချင့်ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ်  အရေးတယူမရှိတာ၊ စိတ်မဝင်စားတာ ထင်ရှားစွာ ပြသနေတာလည်း ဖြစ်ပါတယ်။ 

မြန်မာ့အရေးထက် ယူကရိန်း၊ အစ္စရေးလ်၊ ပါလက်စတိုင်းနဲ့ တရုတ်နိုင်ငံ နဲ့ ထိုင်ဝမ်အရေးတွေကိုသာ စိတ်ဝင်စားပြီး မြန်မာ့အရေးကို ဂရုမထားတော့တဲ့ အနေအထားက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ထွက်လာဖို့မှာ အမေရိကန် ပြည်ထောင်စုကို မျှော်လင့်ချက် သိပ်မထားဖို့ သတိပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar