Breaking News

မောင်လူမွှေး - ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ စိတ်လှိုင်းတွေ

မောင်လူမွှေး - ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ စိတ်လှိုင်းတွေ

မိုးမခ ၊ ဧပြီ ၁ ၊ ၂၀၂၅


ခု မတ်လကုန်ပိုင်းကတော့ မောင်လူမွှေးတို့ လွတ်မြောက်နယ်မြေက ပြည်သူတွေ မြို့ပြက ပြည်သူတွေအတွက် သောကပွေပြီး၊ စိတ်ဗျာများရတဲ့အချိန် ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ငလျင်လှုပ်တယ်။ နှစ်ပေါင်း တစ်ရာကျော်အတွင်း မြန်မာနိုင်ငံမှာ အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ငလျင်လှိုင်းဟာ မောင်လူမွှေး နေတဲ့ ဇနပုဒ်လေးထိ ရောက်လာတာမို့ ဆယ့်ငါးမိနစ်လောက်တော့ ခေါင်းနှောက်တဲ့ဒဏ်ကို ခံလိုက်ရပါသေးတယ်။ 

"စစ်တပ်က လေယာဥ်တွေ၊ ကွင်းတွေ အကုန်ပျက်စီးသွားရင်ကောင်းမှာ" ဆိုတဲ့ စကားသံတွေကိုမောင်လူမွှေး ကြားရပါတယ်။ နေပြည်တော်မှာ တိုက်တွေ ပြိုတယ်ဆိုတဲ့ သတင်းကြားတော့ အမျိုးသမီးကြီးတွေက "မင်းအောင်လှိုင် ပြိုပိတဲ့ထဲ ပါသွားရင် ကောင်းမယ်"လို့ မေတ္တာပို့ကြပါတယ်။ 

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီလေတပ် လေယာဥ်နဲ့ ကွင်းပျက်စီးမှုနဲ့ စစ်ကောင်စီအဆောက်အဦတွေ ဘယ်လောက်ပျက်စီးသလဲဆိုတာ လူတွေ အဓိကစိတ်ဝင်စားကြတာကို မောင်လူမွှေး တွေ့ရပါတယ်။ 

မောင်လူမွှေးတို့ လွတ်မြောက်နယ်မြေက ပြည်သူတွေဟာ မင်းအောင်လှိုင်ရဲ့ လေယာဥ်နဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေကို အလူးအလဲခံနေရသူတွေပါ။ ၂၀၂၅ မတ်လအတွင်းမှာပဲ မောင်လူမွှေး နေတဲ့ ဒေသမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့  လူပေါင်း နှစ်ဆယ်နီးပါး သေဆုံးပြီး လေးဆယ်လောက်ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ဒါကြောင့် ငလျင်လှုပ်ပြီးပြီးချင်း စစ်ကောင်စီရဲ့ လေယာဥ်ကွင်းတွေ၊ လေယာဥ်တွေ ပျက်စီးပါစေလို့ ဆုတောင်းခဲ့ကြတာပါ။

မတ်လ ၂၈ ရက်နေ့ ညပိုင်းကျတော့ သတင်းတွေ့ကြည့်ကြရ၊ ကြားကြရတော့ မောင်လူမွှေးတို့ လွတ်မြောက်နယ်မြေက ပြည်သူတွေဟာ စုတ်တသပ်သပ်နဲ့ နေကြပါတော့တယ်။ မန္တလေးမြို့၊ စစ်ကိုင်း၊ အင်းလေး စသဖြင့် ပျက်စီးမှုတွေဟာ များပြားလှပြီး ပြည်သူတွေ အဓိက ခံကြရတာပါ။ "သနားစရာနော်"

"ကယ်မယ့်သူတွေ ရှိပါ့မလား"

"ဘုရားတွေရော ပြိုတာတဲ့..ဘုရား..ဘုရား"

"စာဖြေနေတဲ့ ဦးဇင်းတွေရောတဲ့...  ကျွန်မတို့ရွာက ဦးဇင်းလေးတော့..လွတ်သွားတယ်" 

စတဲ့အသံတွေကို ငလျင်အကြောင်း ပြောတဲ့ နေရာတိုင်းမှာ ကြားရတတ်ပါတယ်။ နောက်ဆုံး ကျိကျိတက် ချမ်းသာတဲ့ စိန်တိုက်ပိုင်ရှင် မိသားစုအတွက်တောင် နေပူပူအောက်က စစ်ရှောင်တဲ့ကလေးထဲကနေ ကြေကွဲကြတာပါပဲ။

မောင်လူမွှေးတို့ လွတ်မြောက်နယ်မြေက ပြည်သူတွေဟာ စစ်ကောင်စီရဲ ဖိနှိပ်မှုကို ခံနေရတဲ့ မြို့ပြက ပြည်သူတွေအတွက် သနားကရုဏာ ဖြစ်ကြပါတယ်။ ဘာမှ အကူအညီအပေးနိုင်တဲ့အတွက်လည်း သောကပွေကြရပါတယ်။ သဘာဝဘေးဒဏ်ကို အခု ငလျင်လို မခံစားခဲ့ကြရပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို နေ့စဥ်နဲ့အမျှ ခံနေရကြရတဲ့အတွက်လည်း လေးလေးနက်နက် ကိုယ်ချင်းစာတရား ပွားများနိုင်ကြတာကို မောင်လူမွှေး တွေ့ရပါတယ်။

တော်လှန်ရေးနယ်မြေမှာ ဗုံးကြဲ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေအကြောင်းကို ကြားရတဲ့အခါမှာ စစ်ကောင်စီ လက်အောက် မြို့ပေါ်မှာနေတဲ့ ပြည်သူတွေလည်း ခံစားကြရတာပါပဲ။ ဒါပေမဲ့ သူတို့ဟာ လွတ်မြောက်နယ်မြေက ပြည်သူတွေလိုတော့ ခံစားချက်ကို လွတ်လွတ်လပ်လပ် ဖွင့်ထုတ်လို့ မရပါဘူး။ ဖွင့်ထုတ်မိတာနဲ့ စစ်ကောင်စီက ဖမ်းဆီးတာ ခံရမှာပါ။ ဒီတော့ မြို့ပြက လူတွေရဲ့ ခံစားမှုက မွန်းကျပ်တဲ့ ခံစားမှုဆိုတာ လက်တွေ့ ခံစားခဲ့ရဖူးတဲ့ မောင်လူမွှေး သိပါတယ်။

စစ်ကောင်စီလက်အောက်မှာ နေကြတဲ့ ပြည်သူအများစုရော၊ လွတ်မြောက်နယ်မြေက ပြည်သူတွေရော စစ်ကောင်စီရဲ့ ဖိနိုပ်မှု၊ ရက်စက်မှုကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ခံစားနေကြရတာပါ။ အဖိနှိပ်ခံ ပြည်သူချင်းမို့ ခံစားမှုတွေက တသားတည်း ရှိကြတယ်ဆိုတာ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ လူတွေရဲ့ စိတ်လှိုင်းဂယက်တွေကနေ မောင်လူမွှေး ကောင်းကောင်းခံစားမိရပါတယ်ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar