ငလျင်ဘေးကနေ ငြိမ်းချမ်းရေး လမ်းစပေါ်မလား ဆိုတဲ့ မျှော်လင့်ချက် ပျက်ပြယ်
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၂ မြင်ကွင်း
မိုးမခ၊ ဧပြီ ၁၃၊ ၂၀၂၅
ငလျင်ဘေးကနေ ငြိမ်းချမ်းရေး လမ်းစပေါ်မလား ဆိုတဲ့ မျှော်လင့်ချက် ပျက်ပြယ်
မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသရဲ့ အချက်အချာ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ ပျဥ်းမနားတို့မှာ ထိခိုက်ပျက်စီးမှု အများအပြားဖြစ်စေခဲ့တဲ့ ငလျင်ကပ်ဘေးရဲ့ အကျိုးဆက်တွေဖြစ်တဲ လူသေဆုံးမှု၊ နေအိမ်ပျက်စီးမှု နဲ့ လမ်းပန်းဆက်သွယ်ရေး တံတား၊ လမ်းလည်း ပျက်စီးသလို လူအများရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတဲ့ ဆေးရုံတွေ ထိခိုက်ပျက်စီးနေချိန်၊ စာသင် ကျောင်းတွေ ထိခိုက်ပျက်စီးကာ စာသင်ကျောင်း အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးတဲ့ ဒုက္ခနဲ့ အပျက်အစီးတွေ ကျရောက်ခဲ့တာကြောင့် ဒီလို ကပ်ဘေးကို ကူညီကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်ကြဖို့ အရေးကြီးလာတာကြောင့် လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်စဲကြပြီး ငြိမ်းချမ်းရေး လမ်းစပေါ်မလားလို့ အချို့သော နိုင်ငံရေး အကဲခတ်သူတွေက မျှော်လင့်ခဲ့ကြပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ နဲ့ ပတ်သက်ဆက်နွှယ်ခြင်း မရှိတဲ့ နိုင်ငံရေး အကဲခတ်သူတချို့က ကမ္ဘာ့နိုင်ငံတချို့မှာ အလားတူ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အခြေအနေကနေ တိုက်ခိုက်နေကြတဲ့ ဘက် ၂ ဘက် အပစ်ရပ်တာ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတူတကွ လုပ်ဆောင်ကြရာကနေ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းသွားတဲ့ သာဓက တချို့ကို ကိုးကားကာ ရေးသားခဲ့ကြပါတယ်။
ရေးသားရာမှာ စကားလုံးသုံးစွဲပုံ၊ လက်နက်ကိုင်ပဋိပက္ခကို ချဥ်းကပ်ပုံနဲ့ ပတ်သက်လို့ ဘက်လိုက်တယ်လို့ မကျေမနပ်ဖြစ်ကြတဲ့ သူတချို့က အထက်ပါ ရေးသားမှုတွေကို စစ်ကောင်စီဘက်လိုက်တယ်၊ သို့မဟုတ် ငြိမ်းချမ်းရေး လုပ်ဖို့ ကြားက ပွဲစားလုပ်တယ်ဆိုတဲ့ စွပ်စွဲဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာကာ လူမှုကွန်ရက်မီဒီယာမှာသာမက သတင်းမီဒီယာ ဝက်ဆိုက်တွေမှာပါ အာဘော်အမြင်တွေ ရေးသားကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဆိုပါ ရေးသားမှုတွေ ပေါ်ထွက်လာချိန်မှာပင် NUG က ၂ ပတ်ကြာ တဖက်သတ် ထိုးစစ်ဆင်ရပ်မယ်ဆိုတဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ တဖက်သတ်ရပ်တန့်ထားမယ်လို့ ကြေညာခဲ့သလို စစ်ကောင်စီကလည်း တဖက်သတ် ထိုးစစ်ဆင်တာရပ်တန့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်တွေကို တုံ့ပြန်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA ကလည်း တဖက်သတ် ထိုးစစ်ဆင် ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။ အထက်က ကြေညာချက်တွေအားလုံးဟာ အချိန်အကန့်အသတ် အားဖြင့် သီတင်း ၂ ပတ်က နေ ၄ ပတ်အထိ အချိန်ကာလပါရှိကြတာဖြစ်ပါတယ်။
အခုလို NUG အစိုးရ၊ စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့တို့က ကြေညာကြပေမယ့် တကယ့်မြေပြင်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းခြင်းမရှိသလို တခြားသော လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ခုခံတိုက်ခိုက်မှု၊ နယ်မြေသိမ်းယူဖို့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
အထက်က ဖော်ပြခဲ့ကြတဲ့ တဖတ်သတ် ထိုးစစ်ဆင်ရပ်ဆိုင်းမှု ကြေညာချက်တွေက တဖွဲ့နဲ့ တဖွဲ့အကြား ဆက်သွယ်ပြောဆိုမှုတွေ မပါတဲ့ အပစ်ရပ်ကြေညာချက်တွေ အဖြစ်သာရှိခဲ့ကြပြီး နိုင်ငံရေးအရ အသာစီးရဖို့ ထုတ်ပြန်ကြတဲ့ သဘောလို့သာ ယူဆစရာဖြစ်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီး ၂ ပတ်ကျော်ကြာလာချိန် အခုသင်္ကြန် အကြိုကာလမှာတော့ ငလျင်ဘေးအန္တရာယ်က အရေးပေါ် အသက်ကယ်ဆယ်ရေး အဆင့်ကနေ ပြန်လည်ထူထောင်ရေး အဆင့်ကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ သက်ဆိုင်ရာ ဒေသအသီးသီးမှာ အပျက်အစီးတွေ ဖယ်ရှားဖို့ ယာယီနေထိုင်စရာတွေ ပြန်လည် တည်ဆောက်ကြဖို့ ကြိုးပမ်းနေကြရတဲ့ ကာလကို ရောက်ရှိလာနေပါပြီ။
တဖက်သတ် အပစ်ရပ်/ထိုးစစ်ရပ် ကြေညာချက်ကာလတွေ မကုန်ဆုံးသေးသည့်တိုင် ငလျင်ဘေးကနေ ငြိမ်းချမ်းရေး လမ်းစပေါ်မလားဆိုတဲ့ မျှော်လင့်ချက်က မှေးမှိန်ပျက်ပြယ်သွားခဲ့ပြီလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ နောင်ချို၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း စတဲ့နေရာဒေသ အသီးသီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က မြို့ ၂ မြို့ လက်လွှတ်ဆုံးရှုံးကာ တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီ ဖြစ်ပါတယ်။
ငလျင်ဘေး ကျရောက်နေစဥ် ကာလအတွင်းမှာပဲ ချင်းညီနောင်အဖွဲ့တွေနဲ့ NUG လက်အောက်က PDF တွေက ဖလမ်းမြို့နဲ့ အင်းတော်မြို့တို့ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မြို့ ၂ မြို့ သိမ်းယူခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ တီးတိန်မြို့နယ်ထဲက ဆေးဇန်ကျေးရွာ၊ မင်းတပ်မြို့၊ ဝန်းသို မြို့နယ်က ကျေးရွာတရွာတို့ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲမှာ တရက်တည်း လူ၄၀ ကျော်ထက်မနည်း သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ မြို့တွေ လက်လွှတ်ဆုံးရှုံးရတဲ့ ဖြစ်ရပ်တွေအတွက် လေကြောင်းကနေ လက်စားချေ တိုက်ခိုက်တာလို့လည်း ကောက်ချက်ချကြတာပါ။
အထက်က ဖြစ်ရပ်တွေကို အားလုံးခြုံငုံကောက်ချက်ချရရင် ငလျင်ဘေး ကျရောက်ပေမယ့် လက်နက်ကိုင်တိုက်ပွဲ နယ်မြေသိမ်းယူရေး ရည်မှန်းချက်တွေ လျော့ကျသွားခြင်း မရှိတဲ့ အနေအထားလို့ဆိုရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူကလည်း စစ်ကောင်စီကို အပစ်ရပ်ကြေညာချက်ကို လေးစားလိုက်နာဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နေပြည်တော်လာရောက်စဥ် စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမှာ အဓိကဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီအနေနဲ့ အမှန်တကယ် အပစ်ရပ်ရေးကို လုပ်ဖို့ ဆန္ဒမရှိတာကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ အထက်ပိုင်းတွေမှာ ငလျင်ဘေးကနေ ပြန်လည်ထူထောင်ရေးဟာ လက်နက်ကိုင် ပဋိပက္ခတွေကြားကနေ လုပ်ဆောင်ရမယ့် အခြေအနေလို့သာဆိုရမှာ ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar