အင်အားအတန်အသင့် ပြင်းတဲ့ ငလျင်တွေ လှုပ်ခတ်နေဆဲ မန္တလေး၊ စစ်ကိုင်း နဲ့ အာဆီယံက မင်းအောင်လှိုင်နဲ့ တွေ့မယ်
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၃ မြင်ကွင်း
မိုးမခ၊ ဧပြီ ၁၄၊ ၂၀၂၅
အင်အားအတန်အသင့် ပြင်းတဲ့ ငလျင်တွေ လှုပ်ခတ်နေဆဲ မန္တလေး၊ စစ်ကိုင်း နဲ့ အာဆီယံက မင်းအောင်လှိုင်နဲ့ တွေ့မယ်
မတ်လ ၂၈ ရက်နေ့က ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး နောက် သီတင်း ၂ ပတ်ကျော်ကြာလာတဲ့ အထိ ငလျင်ငယ်ပေါင်း အကြိမ်ရာနဲ့ချီ လှုပ်ခတ်နေဆဲဖြစ်သလို အင်အားအတန်အသင့်ပြင်းတဲ့ ငလျင်တွေလည်း ဆက်လက်လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။ မတ်လ ၁၃ ရက်နေ့ နံနက် ၈နာရီ ၅၅ မိနစ်ဝန်းကျင်မှာ ရစ်ချ်တာစကေး ၅.၅ အဆင့်ရှိတဲ့ ငလျင် ထပ်ပြီး လှုပ်ခဲ့ရာမှာ အဆောက်အဦ ၂ လုံး ပြိုကျတာတွေ ဖြစ်ခဲ့တဲ့အထိ အကျိုးသက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ယမန်နေ့က လှုပ်တဲ့ ငလျင်ဟာ ဝမ်းတွင်းမြို့ အနီးကို ဗဟိုပြုခဲ့တာ ဖြစ်ပြီး ပထမ ငလျင်ကြီး လှုပ်ခတ်တဲ့နေ့က တွက်ချက်ကြည့်ရင် ၁၆ ရက် ကျော် ၁၇ ရက်အကြာထိ အခုလို အင်အားအတန်အသင့်ပြင်းထန်တဲ့ ငလျင်တွေ လှုပ်နေခြင်းကြောင့် ငလျင်ဒဏ်ခံရတဲ့ ဒေသက လူထုအဖို့ လမ်းနဘေးတွေ၊ ပလက်ဖောင်းတွေ ပေါ် ညဘက် အိပ်စက်နေကြရဆဲ ဖြစ်ပြီး ရာသီဥတုအနေနဲ့လည်း ခုရက်ပိုင်း မိုးရွာသွန်းတာတွေ ရှိလာတာကြောင့် ငလျင်ဘေးဒုက္ခရောက်သူတွေအဖို့ လုံခြုံတဲ့ အမိုးအကာ မရှိဘဲ ရာသီဥတုဒဏ်နဲ့ နာဖျားမကျန်းဖြစ်တာတွေ အထိ ခံစားနေကြရတာဖြစ်ပါတယ်။ နောက်ဆက်တွဲ ငလျင်တွေ ဆက်လက်လှုပ်နေတဲ့ အဖြစ်က စိတ်ပိုင်းဆိုင်ရာအထိ သက်ရောက်မှုတွေ ရှိနေပြီး မိသားစုဝင်နဲ့ ခင်မင်ရင်းနှီးသူတွေ အသက်ဆုံးရှုံးသွားတဲ့ အဖြစ်သာမက နေအိမ်ပျက်စီးတာတွေ ဆက်လက်လှုပ်ခတ်နေဆဲ နောက်ဆက်တွဲ ငလျင်တွေက ငလျင်ဒဏ်ခံစားရသူတွေကို တခုပြီးတခု ဖိအားပေး နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အခုလို အခြေအနေမှာ အာဏာသိမ်း စစ်တပ်အနေနဲ့ လူထုအတွက် နေစရာ အမိုးအကာပြဿနာတွေကို လုံလောက်တဲ့ ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်ခြင်း မရှိတာတွေ့ရပါလိမ့်မယ်။ ၄င်းရဲ့ အုပ်ချုပ်ရေး ယန္တရားဖြစ်တဲ့ နေပြည်တော်က ပြည်ထောင်စု ဝန်ကြီးဌာနရုံးတွေက ဝန်ထမ်းတွေကိုယ်တိုင် ဒုက္ခအခက်အခဲတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပြီး ဝန်ထမ်းအိမ်ရာ တိုက်ခန်းတွေ ထောင်ဂဏန်းနဲ့ ရှိရာမှာ ရာဂဏန်းချီတဲ့ အရေအတွက်က ပြိုတာ အက်ကွဲပျက်စီးတာတွေကြောင့် အမိုးအကာမရှိတဲ့ နေရာတွေမှာ ယာယီနေထိုင်နေကြရသူတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအထိ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ ၄င်းရဲ့ အုပ်ချုပ်ရေးယန္တရားထဲက ဝန်ထမ်းတွေထက် မန္တလေးမြို့ နန်းတွင်း စစ်ဌာနချုပ်ရဲ့ အုတ်စည်းရိုးလိုမျိုးကို ငလျင်ဒဏ်ခံရအပြီး ရက်ပိုင်းအတွင်း ချက်ချင်းပြင်ဆင်တာတွေ လုပ်နေတာကို ထောက်ရင် အုပ်ချုပ်ရေး ယန္တရားမှာ ပါဝင်နေသူတွေရဲ့ မိသားစုဝင်တွေ နေထိုင်ရေးထက် စစ်တပ်ရဲ့ လုံခြုရေးကိုသာ ပထမဦးစားပေး လုပ်ဆောင်နေတာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။
သာမန်လူထုတွေရဲ့ ဒုက္ခ အခက်အခဲတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရတွေရဲ့ လူသားချင်းစာနာမှု အကူအညီ၊ ပြည်တွင်းကလူထု အချင်းချင်း အကူအညီတွေနဲ့ ဖြေရှင်းနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
နောက်ဆက်တွဲ ငလျင်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ခန့်မှန်းပြောဆိုမှုတွေလည်း အမျိုးမျိုး ပေါ်ထွက်နေပြီး ပြင်းအားကြီးတဲ့ ငလျင်မျိုး နောက်ထပ် လှုပ်နိုင်ချေရှိတယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ပေါ်ထွက်နေတာတွေ့ ကြရမှာဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ နေအိမ်တွေ တပိုင်းတစပျက်စီးပြီး ပြင်ဆင်ဖို့၊ ဖြိုချဖို့နဲ့ ပျက်စီးသွားတဲ့ နေရာတွေမှာ ယာယီနေစရာ ဖြစ်ဖြစ် ပြန်လည်ဆောက်လုပ်ဖို့ရာမှာ ငွေကြေး နောက်ဆက်တွဲ ငလျင် စတဲ့ အခက်အခဲအတားအဆီးတွေက ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
စီးပွားရေး အချက်အချာကျပြီး ကုန်သွယ်မှုနဲ့ အခြားသော စီးပွားရေးလုပ်ငန်းတွေ ရှိတဲ့ မန္တလေးမြို့ အဖို့တော့ ပြန်လည်ထူထောင်ရေး လုပ်နိုင်သူတွေ ရာနှုန်းတချို့ရှိပေမယ့် အခြားသော မြို့တွေဖြစ်တဲ့ စစ်ကိုင်း၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း အစရှိတဲ့ မြို့တွေအဖို့ ပြန်လည်ထူထောင်ရေးမှာ ရင်ဆိုင်ရမယ့် ပြဿနာတွေ အများကြီး ရှိနေမယ်လို့ မှန်းဆရပါတယ်။
၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် ဖြစ်ပွားပြီးနောက် မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေ ပြန်လည်ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ရေးမှာ နိုင်ငံတကာ အစိုးရတွေရဲ့ အကူအညီက နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေက တဆင့် ကူညီလုပ်ဆောင်ခဲ့ကြတဲ့ သာဓက အဖြစ်အပျက်ရှိပေမယ့် အခု ၂၀၂၅ ခုနှစ် ကမ္ဘာ့အခင်းအကျင်း က ၂၀၀၈ ခုနှစ် အခင်းအကျင်းနဲ့ မတူတော့တာကိုလည်း မျက်ခြည်မပြတ်သင့်ပါဘူး။
အခု ၂၀၂၅ ခုနှစ် ကမ္ဘာ့နိုင်ငံရေး နောက်ခံက ကိုယ်ကျိုးစီးပွား ကာကွယ်ရေး၊ ကိုယ်ကျိုးစီးပွား ပထမဦးစားပေး စတဲ့ လမ်းညွှန်မှုတွေ နဲ့ လုပ်ဆောင်နေကြတာ ဖြစ်သလို ဥရောပမှာလည်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး စစ်ပွဲ ဖြစ်တဲ့ ယူကရိန်း နဲ့ ရုရှားစစ်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့လည်း မဟာမိတ် အနောက်ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ကျဲသွားသလို ကမ္ဘာ့အရေးထက် ပြည်တွင်းအရေးသာ ဦးစားပေးမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့အခင်းအကျင်း နောက်ခံအနေအထားက မြန်မာနိုင်ငံ ငလျင်ဘေးကနေ ပြန်လည်ထူထောင်ရေးမှာ ကမ္ဘာ့နိုင်ငံကြီးတွေက ရုပ်ဝတ္ထုဆိုင်ရာ အကူအညီပေးအပ်ဖို့ အလားအလာ သိပ်မရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီနေ့အတွက် နောက်ထပ် အကြောင်းအရာတခုကတော့ စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာ ဂျကာတာ အစည်းအဝေးကို တက်ရောက်ပြီးချိန်ကစလို့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ သဘာတူညီမှု မူ ၅ ချက်ကို အကောင်အထည်ဖော်မှု မရှိသရွေ့ အာဆီယံ အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်၊ စစ်တပ်က ခန့်အပ်တဲ့ ဝန်ကြီးလို အဆင့်တွေကို ဖိတ်ကြားခြင်းမရှိဘဲ ရပ်တည်ခဲ့ရာက မကြာခင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံ ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံကြမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဌနိုင်ငံ မလေးရှားရဲ့ ဝန်ကြီးချုပ်က သတင်းမီဒီယာတွေကို ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
အခုလို တွေ့ဆုံမယ့် အကြောင်းအရာ အနေနဲ့ ငလျင်ဘေးဒဏ် ခံစားနေရတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ ကိစ္စအပေါ် အကြောင်းပြုပြီး တွေ့ဆုံကြမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် အာဆီယံအနေနဲ့ ဆွေးနွေးကြလိမ့်မယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ယခုလဆန်း ဘန်ကောက်မှာ BIMSTEC အစည်းအဝေးလာရောက်စဥ်လည်း တွေ့ဆုံခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး အခုလို အစည်းအဝေးဖြစ်ပေါ်လာအောင် သက်ဆင် အနေနဲ့ ကြားဝင်ကြိုးစားခဲ့ပုံရပါတယ်။ မကြာသေးခင်ကပဲ သက်ဆင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့တဲ့ သတင်းတွေလည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အခုလို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လက်ခံကြခြင်းကို သံတမန်ရေးအရ တိုးတက်မှုတခုသဖွယ် အကဲဖြတ်လိမ့်မယ် ဆိုတာ သေချာပါတယ်။ လာမယ့် နှစ်ကုန်မှာ ရွေးကောက်ပွဲ လုပ်ဖို့ ကတိပြုထားတာနဲ့ အတူ လွတ်လပ်မှုနဲ့ မျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်သည့်တိုင် အချို့သော အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက လာမယ့် ရွေးကောက်ပွဲကို အကျပ်အတည်းကနေ ထွက်ပေါက် တခုအဖြစ် လက်ခံကောင်း လက်ခံနိုင်ချေ လည်း ရှိနေတာဖြစ်ပါတယ်။
ဘာလို့ပဲ ဆိုဆို စစ်ကောင်စီဟာ ငလျင်ဘေးကျရောက်မှုကို အကြောင်းခံပြီး ဒေသတွင်းနိုင်ငံတွေ အိမ်နီးချင်းနိုင်ငံတွေအပေါ် သံတမန်ရေးအရ ကန့်သတ်မှု၊ ပိတ်ဆို့ထားမှုတွေကို လျော့ပေါ့သွားအောင် ကြိုးပမ်းနေပြီး အောင်မြင်မှုအချို့ ရလာတဲ့ လက္ခဏာလည်း တွေ့နေရတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar