Breaking News

ကိုသန်းလွင် - သေသူနှင့် ဆက်သွယ်ခြင်း

ကိုသန်းလွင် - သေသူနှင့် ဆက်သွယ်ခြင်း

မိုးမခ ၊ ဧပြီ ၅ ၊ ၂၀၂၅

(၁)

အသက်အရွယ် အိုမင်းနေပြီဖြစ်သော ကိုရီးယားလူမျိုး မစ္စတာလီးသည် ဘလေဇာကုတ်အင်္ကျီကို ဝတ်၍ ကုလားထိုင် လက်ကိုင်ကို အားပြုပြီး ရှေ့သို့ကိုင်း၍ သူ့မိန်းမကို စကားပြောနေသည်။ 

“ဟလို မိန်းမရေ ကိုပါ၊ မတွေ့ရတာကြာပြီနော် ”

“ကျမ ဒီလိုဖြစ်လိမ့်မယ်ကို ဘယ်လိုမှ မထင်ခဲ့ဘူး” သူမက မျက်ရည်တွေကြားမှ ပြန်ပြောသည်။ 

“ကျမ သိပ်ပျော်တာဘဲ ”

မစ္စတာလီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ့မိန်းမထံ လာ၍ စကားပြောနေသည်။ အေအိုင် (AI Artificial Intelligence) နှင့် ဖန်တီးထားသော မစ္စတာလီးက နံရံပေါ်တွင် ရုပ်ရှင်ထဲကအတိုင်း ပရိုဂျက်တာထိုး၍ စကား ပြောနေသည်။ 

“ငါဟာ မင်းတို့နဲ့အတူရှိနေတာကို ဘယ်တော့မှ မမေ့ပါနဲ့” ဟု ပရိုဂျက်တာထဲမှ လူက စကားပြောသည်။ “ကျန်းမာအောင်နေပါ ငါတို့ ပြန်တွေ့ကြမယ်” 

ဤစကားပြောမူကို Re;memory ခေါ် အေအိုင်၏ အကူအညီနှင့် ကိုရီးယားကုမ္ပဏီ DeepBrain AI မှ ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ သူတို့ကုမ္ပဏီက ပရော်ဖက်ရှင်နယ် ဗီဒီယိုကားများ ထုတ်လုပ်ပါသည်။ သေဆုံးသွားသူ လူများက စကားလာပြောနေဟန် ဗီဒီယိုကားကို လူထုပရိသတ်အလယ်သို့ ရောက်အောင် ပို့ပေးနေပါသည်။  

အေအိုင်ဈေးကွက်မှာ တဖြည်းဖြည်း ကျယ်ပြန့်လာနေပြီး သုံးစွဲသူတို့ကို ယခင်က မဖြစ်နိုင်ပါဟု ယူဆခဲ့သည်များမှာ ဖြစ်နိုင်နေပါပြီ။ သေသူနှင့် ပြန်လည်တွေ့ဆုံရခြင်း ဖြစ်ပါသည်။ မိမိ မိသားစုဝင်များနှင့်ဖြစ်စေ၊ အခြား သူများနှင့်ဖြစ်စေ ပြန်လည်တွေ့ဆုံနိုင်ရန် Here After, Story File စသည့် အမည်များနှင့် သမိုင်းအရ တန်ဖိုးရှိ သော ဗီဒီယိုများ ထုတ်လုပ်ပေးနေပါသည်။

အသက် သေဆုံးသွားသူများနှင့် ပြန်လည်တွေ့ဆုံရခြင်း ဆိုသည်မှာ လူတိုင်း၏ ရင်ထဲတွင် ထာဝရရှိနေကြသော ဆန္ဒတစ်ခုပင် ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ နတ်ဆရာများက ဤကဲ့သို့ သေသူနှင့် ဆက်သွယ်နိုင်ရန် နည်းလမ်းများကို ညွှန်ပြကြပါသည်။ သေဆုံးသူများနှင့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးကို မှုန်ဝါးစေ ပြီး သေဆုံးပြီးသူ၏ဘဝကို လူတို့၏အမြင်အာရုံတွင် ပြန်လည်တင်မြင်လာစေခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က အယ်ဒီဆင် (Thomas Edison) သည် သေပြီးသူများနှင့် ဆက်သွယ်နိုင်သည့် စက်တခုကို တီထွင်ပြီးခဲ့ပြီဟု အမေရိကန်မဂ္ဂဇင်းကို ပြောခဲ့ပါသည်။ အယ်ဒီဆင်က အောက်လမ်း နည်းများကို သုံးခြင်း မဟုတ်ပါ။ သိပ္ပံနည်းကျကျ တီထွင်ထားခဲ့သည်ဟု ပြောသည်။ ၁၉၂၀ ပြည့်နှစ်က ပြောကြားခဲ့သော စကားကို သက်သေပြနိုင်ရန် Spirit phone သည် လက်တွေ့တွင် ပစ္စည်းအဖြစ် မတွေ့တာ ကြာပါပြီ။ အယ်ဒီဆင်၏ ပြောကြားချက်သည် လေထဲမှာသာ ပျောက်ခဲ့ရသည်။

သိပ္ပံနှင့် တက်ခရိုလိုဂျီသည် တဖြည်းဖြည်း ပြောင်းလဲခဲ့ရသည်။ ထိုနည်းတူ သေသူနှင့် ဆက်သွယ်သည့် နည်းလမ်းများမှာ လမ်းပြောင်းလဲခဲ့ရသည်။ ၁၉ ရာစုနှင့် ၂၀ ရာစုတွင် သိပ္ပံနည်းမကျသော ဆက်သွယ်ရန် ကြိုးစားမှုများကို သမိုင်းတွင် တွေ့ရှိခဲ့ရသည်။ ဝိညာဉ်နှင့် ဆက်သွယ်ပုံများ တစ္ဆေသူရဲနှင့် တွေ့ခြင်း အယ်ဒီဆင်၏ ဆက် သွယ်ရေးကိရိယာများကို တွေ့ခဲ့ရပြီး အေအိုင်နှင့် ဝိညာဉ်ကို ဆက်သွယ်သောပညာ Techno-Spiritualism ခေတ်ထဲသို့ ရောက်လာကြပါသည်။ 

စက်များသည် ကျွန်တော်တို့၏ လိုအပ်ချက်များ ဆုံးဖြတ်ချက်များအပေါ် အဆုံးအဖြတ် ပေးနေကြပါ၏။ Algorithms က ကျွန်တော်တို့ သိစရာ သတင်းများ တေးဂီတများကို ပေးပါသည်။ ကြော်ငြာများ၊  အိပ်ခြင်းကိုမှတ်တမ်းတင်ခြင်းများ (Sleep Habit)၊  များစွာသော App များ၊ နာရီ (Smart watch) များ၊ ကျန်းမာရေးကို တိုင်းတာနိုင်သည့် ကိရိယာများ စသည်ဖြင့် လူတို့အပေါ် လွှမ်းမိုးထားပါသည်။ ထိုနည်းတူ ဝမ်းနည်းပူဆွေးရသူများအပေါ်  ထိုစက်များက မလွှမ်းမိုးနိုင်သေးပါ။

သေခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်သော စက်ကိရိယာများ ပေါ်ပေါက်လာသောအခါ ပူဆွေးသောကရောက်ခြင်းသည် ကျွန်တော်တို့နှင့်အတူ ကြာရှည်မနေနိုင်ဟု ခန့်မှန်းရသည်။ စိတ်ကို ကုစားခြင်းဆိုင်ရာ ကိရိယာများမှာ များစွာ အရေးပါပါနေကြပါပြီ။ စိတ်ကျန်းမာခြင်းဆိုင်ရာ ချက်ဘော့များ (Chatbots) များလည်း ပေါ်ပေါက်နေ ကြပါပြီ။ ဥပမာ Replika ဝက်ဆိုဒ်တွင် သင်၏မိတ်ဆွေ “လိုအပ်လျှင် တိုင်ပင်နိုင်မည့်သူ “အဖြစ် ဖန်တီးထား နိုင်ပါသည်။ ထို့နောက် ထို ချက်ဘော့တွင် သင့်ခံစားချက်များ၊ အယူအဆများကို အချိန်မရွေး မေးမြန်း စမ်းသပ်နိုင်ကြပါပြီ။ သင်က သင့်မိတ်ဆွေကို ရင်ဖွင့်စကားပြောလျှင် သင့်မိတ်ဆွေရင်း တစ်ယောက်က ပြန်ပြောသလို သင့်ကို အကြံကောင်းဉာဏ်ကောင်းများ ပေးနိုင်ပါသည်။  သူ၏ ခံစားချက်ပေါင်းစုံကို အသေးအဖွဲ့မှ မကျန် အားလုံး အိတ်သွန်ဖာမှောက် ပြောနိုင်သဖြင့် သင်၏ အရင်းနှီးဆုံး မိတ်ဆွေ နေရာသို့ ရောက်သွားနိုင်ပါသည်။ ဤနည်းဖြင့် သင့်တွင် ပူဆွေးသောကရောက်သည်များ ရှိလျှင်လည်း သူ့က ကောင်းသောစကားဖြင့် အကူအညီပေးနိုင်ပါလိမ့်မည်။ 

ဤသို့သော ဝက်ဆိုဒ်များ၊ ချက်ဘော့များ အများအပြားမှာ သင်၏ခံစားချက်များကို အကောင်းဆုံး ဖြစ်အောင် ပုံဖော်၍ အဖြေကို လိုသည့်နေရာပေါင်း၍ ပိုသည့်နေရာမှာနှုတ်ခါ Optimize လုပ်ကြည့်ရန် သင့်ပါသည်။ သင်က အရေးမကြီးဘူး ထင်သော အရာများကို စက်က သူ့အတွေးအမြင်ဖြင့် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း ပြု လုပ်ပါသည်။ ဝမ်းနည်းပူဆွေးမှုသည် တရှိန်ထိုး တိုးတက်လာပါသည်။ သို့မဟုတ် တစ်ဆင့်စီ တစ်ဆင့်စီတိုးတက်သွားခြင်း ဆိုသည်မှာ သဘာဝဖြစ်နေရာ ထိုအခြေအနေကို စက်က ဝင်၍ အဆုံးအဖြတ်ပေးပါလိမ့်မည်။

Re; memory  ဝက်ဆိုဒ်တွင် ထင်ထင်ရှားရှား ဖော်ပြထားသော ကွန်ဖြူးရှပ်၏ အဆိုတစ်ခုကို တွေ့နိုင်သည်။ “သင်၏ ကြီးမားသော ဆုံးရှုံးမှုကြောင့် ဝမ်းနည်းပူဆွေးမှု မဖြစ်လျှင် သင့်ကို ဝမ်းနည်းအောင် မည်သို့ ပြုလုပ်ရမည်နည်း” ဟု မေးခွန်းထုတ်ထားပါသည်။ ဆိုလိုသည်မှာ သေဆုံးသွားသူသည် အသက်ပြန်ရှင်လာပြီး သင့်ကို စကားပြောဆိုခဲ့လျှင် သင့်ကို ဝမ်းနည်းပူဆွေးမှု ဖြစ်စေလိမ့်မယ်ဟု ဆိုလိုသည်။ 

ဤသို့ ကုမ္ပဏီများက အေအိုင်ကို အသုံးပြုကာ ပူဆွေးသောကရောက်မှုကို ဖြစ်စေရာတွင် သတိပြုရမည့် အ ချက်မှာ ကုမ္ပဏီများသည် သူတို့ အမြတ်ငွေရဖို့ကိုသာ ဦးစားပေးသည်။ ဆန္ဒများ၊ မသေချာ မရေရာမှုများမှာ သင့်ကို ကောင်းကျိုးမပေးမှာကတော့ သေချာလှပါသည်။

ကိန်းဘရစ် တက္ကသိုလ်က “သေပြီးဘဝများနှင့် ဆက်သွယ်ခြင်း” ဆိုသော စာတမ်းတွင် သေဆုံးသူများနှင့် ဆက်သွယ်ရန် သူတို့အခြေအနေအရ ဆက်သွယ် အခကြေးငွေကို လစဉ်မှန်မှန် ပေးရမည်ဖြစ်ရာ သူတို့က ငွေကြေးကောက်ခံနိုင်ရန်အတွက် နည်းအမျိုးမျိုး ပြောပြပါသည်။ ဥပမာ သေဆုံးသူက သူ၏ အကြိုက်ဆုံးအစားအစာများကို မှာပေးရန် ပြောပြရာ နောက်ထပ် ပြောကြားချက်ကို သုံးစွဲသူက စောင့်ဆိုင်းရန် လိုသည်။ 

ထိုကဲ့သို့ သေသူနှင့် ဆက်သွယ်ခြင်းတို့မှ ရလာသော ဆက်သွယ်မှုအမျိုးမျိုးတို့ကို လုပ်ရခြင်းမှာ ပူဆွေး သောက ရောက်ရခြင်းကို အနှောင့်အယှက်ပေးမှာ သေချာပါသည်။ နတ်ဝင်သည်တို့မှတဆင့် သေသူကို တွေ့ရ ခြင်းထက် အေအိုင်ကိုအသုံးပြု၍ တွေ့ရခြင်းက ပိုမိုအသေးစိတ်ကျပြီး အတွင်းကျကျ ဆက်သွယ်၊ ဆက်သွယ်မှုကို ရရှိလိမ့်မည်။ ထိုအခါ တကယ် သေဆုံးသူကို လွမ်းဆွတ်ရသူအတွက် ပိုမို၍ အခက်အခဲ  ဖြစ်စေပါလိမ့်မည်။

လူတယောက် သေဆုံးသွားပြီဟု ဆိုခြင်းကို ဝက်ဆိုဒ်များ ချက်ဘော့ များက သေဆုံးသူကို ပိုမိုသတိရမိစေရန် နေရာနှင့် ဒိုင်ယာရီများသဖွယ် အကူအညီပေးကြပါသည်။ သို့သော် အကောင်းဆုံးဖြစ်အောင် မကောင်းသည့် အရာများကို ဘေးဖယ်၍ လုပ်နိုင်သောခေတ်၊ ချက်ဘော့များကဲ့သို့သော ဆက်သွယ်ရေး ကိရိယာများ သုံးနိုင်သောခေတ်မှာ ဆက်သွယ်ချက်သည် အမှန်တကယ် မဟုတ်ဘူး ဆိုသည်ကို သိထားရန် လိုသည်။ ထိုသို့သော အထောက်အကူပစ္စည်းများ၏ အကူအညီကို ယူရလေလေ ၎င်းတို့၏အန္တရာယ်က ပိုမိုကြီးလာလေလေ ဖြစ်ပါသည်။ လူတို့၏ ကိုယ်ပိုင်ခံစားချက်များနှင့် လူတို့ကို ပိုမိုဝေးကွာသွားစေပြီး ထိုကိရိယာများကို အသုံးမပြုဘဲ နေသည်က အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

(၃)

ထိုသို့ အေအိုင်ကို အသုံးပြုသည့် ကိရိယာများ မည်မျှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်ဟူ၍ မသိပါ။ သို့သော် ကုမ္ပဏီများက လူထုကို ဆွဲဆောင်နေကြပုံကို အထင်းသား တွေ့နိုင်ပါသည်။ ၎င်းတို့သည် အမေရိကန် ပြည်၊ တရုတ်နှင့် ကိုရိးယားနိုင်ငံတို့တွင် အတွင်ကျယ်ဆုံး သုံးနေကြပါသည်။ ၎င်းတို့သည် လူတို့အတွက် အနာ ဂတ်သဖွယ် ဖြစ်နေပါသည်။

လူပုဂ္ဂိုလ် တစ်ဦးချင်းစီအနေဖြင့် တက်ခနိုလိုဂျီ၏ တိုးတက်မှုကို တားဆီးရန် မတတ်နိုင်ကြပါ။ လူတို့ တတ်နိုင်သည်မှာ ထိုသို့ မလိုလားအပ်သော ခံစားချက်ခြင်း ဖြစ်သော အကြောင်းအရာများကို ကြုံတွေ့ရပါက မည်သို့ခုခံကာကွယ်ကြမည်နည်းဆိုသော အချက်ပင် ဖြစ်ပါသည်။ 

ကိုသန်းလွင်

Ref: We are in a new age of techno-spiritualism, By Cody Delistraty NYTimes April 2 2025




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar