လားရှိုးက MNDAA ဆုတ်ခွာခြင်းက ၁၀၂၇ စစ်ဆင်ရေး အပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၅ မြင်ကွင်း
မိုးမခ၊ ဧပြီ ၆၊ ၂၀၂၅
လားရှိုးက MNDAA ဆုတ်ခွာခြင်းက ၁၀၂၇ စစ်ဆင်ရေး အပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ
ယခုနှစ် ဇန်နဝါရီလဆန်းမှာ တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှုနဲ့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီရဲ့ အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ တို့ ယူနန်ပြည်နယ် ကူမင်းမြို့မှာတွေ့ဆုံခဲ့ပြီး ရက်အနည်းငယ်မှာ သတင်းတပုဒ် ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ သတင်းကတော့ MNDAA တပ်တွေ လားရှိုးကနေ ဇွန်လ နောက်ဆုံးထား ဆုတ်ခွာပေးရမယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ အတည်ပြုဖို့ ခက်ခဲပြီး MNDAA နီးစပ်တယ်ဆိုတဲ့ သတင်းရင်းမြစ်တွေ၊ လားရှိုးမြို့မှာ ရှိနေကြတဲ့ MNDAA တပ်ဖွဲ့ဝင်တချို့တွေက ဒီသတင်း မမှန်ကြောင်း ငြင်းဆိုခဲ့ကြတာပါ။ သို့ပေမယ့် ၂ လ ကျော်အကြာ ဧပြီလဆန်းမှာတော့ ကိုးကန့်လက်နက်ကိုင် တပ်တွေ လားရှိုးကနေ အသုတ်လိုက်ထွက်ခွာဖို့ အမိန့်ပေါ်ထွက်လာခဲ့ပြီး လက်နက်ကိုင်တပ်တွေသာမက အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက ပစ္စည်းတွေအထိ လားရှိုးမြို့ကနေ သယ်ယူရွှေ့ပြောင်းနေကြတာကို ခုရက်ပိုင်း မြင်တွေ့လာကြရပါတော့တယ်။
အတိုချုပ်ပြောရင်တော့ ကိုးကန့်လက်နက်ကိုင်တပ်တွေ နဂိုသတင်းပေါ်ထွက်ထားတဲ့ မေလကုန် ဇွန်လ နောက်ဆုံးထား ဆုတ်ခွာပေးရမယ်ဆိုတဲ့ အချိန်ထက် တလလောက်စောပြီး ဆုတ်ခွာဖို့ ပြင်ဆင်နေကြတဲ့သဘော ဖြစ်ပြီး စစ်ကောင်စီနဲ့ MNDAA အကြား လားရှိုးနဲ့ပတ်သက်တဲ့ အသေးစိတ် သဘောတူညီချက်တွေတော့ ဘယ်သူမှ တိတိပပ မသိနိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
တိုက်ရိုက် သက်ဆိုင်တဲ့ အဖွဲ့အစည်း ၂ ခုစလုံးက ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ လားရှိုးမြို့ခံတွေ နဲ့ အရပ်ဖက်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေက ဝန်ထမ်းတွေကိုတော့ ၄င်းတို့နဲ့ အတူ ကိုးကန့် အထူးအုပ်ချုပ်ခွင့်ရဒေသ (၁) ဆီလိုက်ပါနိုင်ကြောင်း အသိပေးထားတယ်လို့လည်း သိရပါတယ်။ လားရှိုး အကျဥ်းထောင် ပွင့်ခဲ့စဥ်က လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေး အကျဥ်းသားဟောင်းတွေကိုလည်း စစ်ကောင်စီက ပြန်လည်နေရာယူ ဝင်ရောက်လာတဲ့အခါ ဖမ်းဆီးခံရနိုင်ခြေရှိတာကြောင့် ၄င်းတို့ အထူးဒေသဘက် တိမ်းရှောင်ဖို့ တိုက်တွန်းတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။
လက်ရှိ လားရှိုးအကျဥ်းထောင်မှာ ကျခံနေရတဲ့ အကျဥ်းသားတွေအနက် ဝ လူမျိုး အကျဥ်းသား ၂ ဦးကိုတော့ UWSA က အာမခံချက်နဲ့ လွှတ်ပေးခဲ့တယ်လို့လည်း သတင်းတပုဒ်က ဆိုပါတယ်။
လားရှိုးမြို့ခံတွေအဖို့ကတော့ မြို့ပြန်လည် အခြေတည်မယ် မကြံသေးခင် အခုလို MNDAA တပ်တွေ ဆုတ်ခွာပြီး စစ်ကောင်စီ ဝင်ရောက်လာမယ့် အဖြစ်ကနေ လားရှိုးမှာ လက်နက်ကိုင်တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ယမန်နှစ် ဇွန်လကုန်ကစပြီး ပြင်းထန်တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မြို့ခံလူထုတွေ ဆယ်ဂဏန်းမက ရာဂဏန်းအထိ ထိခိုက်သေဆုံးခဲ့ကြရသလို တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျည်ထိမှန်တာ၊ လေကြောင်းတိုက်ခိုက်မှု၊ မီလောင်မှုတွေကြောင့် နေအိမ်တွေ စီးပွားရေးလုပ်ငန်းတွေလည်း ပျက်စီးဆုံးရှုံးရတာမကဘဲ လုယက်ဖောက်ထွင်းခံရမှုတွေကြောင့်လည်း ပျက်စီးဆုံးရှုံး ခဲ့ကြရပါတယ်။
သြဂုတ်လဆန်းနောက်ပိုင်း တဖြည်းဖြည်းနဲ့ လားရှိုးမြို့ခံ တချို့ပြန်လည်ဝင်ရောက်နေထိုင်လာကြရာက ၇ လကျော် ၈ လခန့်အကြာမှာ အခုလို MNDAA တပ်တွေ ဆုတ်ခွာပြီး စစ်ကောင်စီဘက်က ပြန်လည် ထိန်းချုပ်မယ့် အခြေအနေမျိုး ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ MNDAA ထိန်းချုပ်ရာကနေ စစ်ကောင်စီ ထိန်းချုပ်မှုအောက် အပြောင်းအလဲမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ်ပွားမလား၊ စစ်ကောင်စီ ပြန်ဝင်လာတဲ့အခါ လက်စားချေ အရေးယူမှုတွေ လုပ်ဆောင်လာမလား၊ သို့မဟုတ် တိုက်ပွဲပြန်ဖြစ်ခဲ့ရင် အသက်ဆုံးရှုံးနိုင်ခြေ၊ ပြီးခဲ့တဲ့ကာလ ပြန်လည်တည်ဆောက်ထားတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးနိုင်ခြေတွေအတွက် မြို့ခံလူထု အနေနဲ့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ ဆုံးရှုံးရတာအပြင် နေအိမ်ပစ္စည်းဆုံးရှုံးမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပျက်စီးဆုံးရှုံးမှုတွေကနေ ရုန်းထရတဲ့ အခက်အခဲဘယ်လောက် ကြီးမားတယ် ဆိုတာ လက်နက်ကိုင်တိုက်ပွဲဒေသတွေက လူထုအနေနဲ့ ကောင်းကောင်းကြီး နားလည် သဘောပေါက်ကြပါတယ်။ တကြိမ် တခါ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားရာကနေ ရုန်းထဖို့ မနည်း ကြိုးစားနေကြရတဲ့ အချိန်မှာ နောက်တကျော့ တိုက်ပွဲထပ်မံဖြစ်ပွားမယ့် အလားအလာကိုတွေးပြီး စိုးရိမ်နေကြတာပါ။
ဒါတွေက မြို့ခံလူထုတွေရဲ့ ပစ္စုပ္ပန် ခံစားနေရတဲ့ ဒုက္ခတွေနဲ့ မဝေးတဲ့ ကာလမှာ ကြုံရနိုင်တာတွေကို စိုးရိမ်မှုတွေ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး နဲ့ စစ်စခန်းနဲ့ မြို့တွေ ရွာတွေ တခုပြီးတခု သိမ်းယူနိုင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့၊ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်သည်အင်အားနဲ့ အားဖြည့်ခဲ့ကြတဲ့ PDF လက်နက်ကိုင် အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ စတဲ့ လက်နက်ကိုင် အဖွဲ့နဲ့ နိုင်ငံရေးအင်အားစုတွေ လားရှိုးက ဆုတ်ခွာပေးရတဲ့ အခြေအနေကို ဘယ်လို ရှုမြင်ကြသလဲ၊ သုံးသပ်ကြသလဲ၊ ၁၀၂၇ စစ်ဆင်ရေးက ရှမ်းမြောက်မှာ ပြီးဆုံးသွားတဲ့ အနေအထားလား၊ တပ်ပေါင်းစု သို့မဟုတ် ပူးပေါင်းတပ်လို့ခေါ်တဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေက အနာဂတ်မှာ ပေါ်ထွက်လာနိုင်ဦးမလား စတဲ့မေးခွန်းတွေ အများအပြားပေါ်ထွက်လာစေပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲစဥ်တုန်းက ညီနောင် ၃ ဖွဲ့က သဘောထားထုတ်ပြန်ချက်တွေ ထုတ်ပြန်ရာမှာ စစ်အာဏာရှင် စနစ်ကျဆုံးသည် အထိ တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားတာကြောင့် လူထုအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်နဲ့ တိုင်းရင်းသားဒေသတွေတင်မကပဲ မြန်မာနိုင်ငံ အညာဒေသ၊ မန္တလေး၊ နေပြည်တော် တို့အထိ တိုက်ခိုက်သိမ်းယူဖို့ ရည်ရွယ်ချက်ထားတဲ့ စစ်ဆင်ရေးအဖြစ် မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှမ်းမြောက်ဒေသက မြို့တွေနဲ့ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်နယ်မြေတွေ သိမ်းယူပြီးနောက်မှာ မိမိတို့ ဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ပထမဦးစားပေးရတဲ့ အနေအထား၊ တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးရတဲ့ အနေအထား၊ MNDAA တပ်တွေ လားရှိုးမြို့ကနေ ပြန်လည်ထွက်ခွာပေးရမယ့် အနေအထားက ၁၀၂၇ စစ်ဆင်ရေး ရှေ့ဆက်မတိုးနိုင်တော့ဘူးဆိုတဲ့ သဘောလည်း သက်ရောက်သလို မြောက်ပိုင်းလက်နက်ကိုင် ညီနောင် ၃ ဖွဲ့ နဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တပ်အင်အား ၊ လူအင်အား အများအပြားဖြည့်ဆည်းပေးခဲ့ကြတဲ့ အညာက PDF တပ်ဖွဲ့တွေ၊ BPLA ၊ PLA ၊ KNDF နဲ့ အခြားသော အမည်မသိတဲ့ PDF အဖွဲ့တွေ အနေနဲ့ အခု လားရှိုးဖြစ်ရပ်အပေါ် ဘယ်လို သဘောထားကြသလဲ ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
စစ်ရေးမဟာမိတ်တပ်ပေါင်းစု လှုပ်ရှားမှု ပြိုကွဲပြီလား၊ မိမိတို့အဖွဲ့အလိုက် မိမိတို့ နယ်မြေဒေသတွေမှာ ဆက်လက် တိုက်ခိုက်ကြတော့မလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။
သို့မဟုတ် နဂိုကတည်းက PDF, KNDF, PLA နဲ့ BPLA တို့ ကိုးကန့်နဲ့ တအာန်း လက်နက်ကိုင်တွေကို ရှမ်းမြောက်ဒေသမှာ သွားကူတိုက်ခိုက်ပေးခြင်းဟာ လက်နက်ခဲယမ်း ရရှိဖို့နဲ့ အတွေ့အကြုံရရှိဖို့အတွက်သာ သွားရောက်ခဲ့ပြီး နိုင်ငံရေးအရ ကတိကဝတ် သဘောတူညီမှု မထားရှိခဲ့တဲ့ သဘောမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒီလိုသာ ဆိုရင်တော့ - အခု လားရှိုးမှ ဆုတ်ခွာခြင်းနဲ့ပတ်သက်လို့ MNDAA ရဲ့ ဆုံးဖြတ်ချက်ကို နားလည် လက်ခံပေးရုံမှ တပါးအခြားမရှိတဲ့ သဘောလို့ ဆိုရမှာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar