ပြည်တွင်းစစ်ရဲ့ ကာလမှာ ရာစုနှစ်အတွင်း အပြင်းထန်ဆုံး ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံ
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၄ မြင်ကွင်း
မိုးမခ၊ ဧပြီ ၅၊ ၂၀၂၅
ပြည်တွင်းစစ်ရဲ့ ကာလမှာ ရာစုနှစ်အတွင်း အပြင်းထန်ဆုံး ငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံ
မြန်မာ့ယဥ်ကျေးမှုရဲ့ ဗဟိုချက်လည်းဖြစ်ပြီး အထက်မြန်မာနိုင်ငံလို့ ယေဘုယျအားဖြင့် ခေါ်ဆိုကြတဲ့ ကချင်၊ စစ်ကိုင်း၊ ချင်း၊ စတဲ့ဒေသတွေက ကုန်သွယ်မှုနဲ့ ပညာရေး၊ လူမှုရေး ဆုံရပ်လိုဖြစ်နေတဲ့ မန္တလေးမြို့ ၊ ဗုဒ္ဓဘာသာရဲ့ ဘုရားပုထိုးစေတီတွေနဲ့ ပြည့်နှက်နေပြီး ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေ တောင်တန်းတလျှောက် အစီအရီရှိတဲ့ စစ်ကိုင်းတောင်နဲ့ စစ်ကိုင်းမြို့ တို့ကို အကြီးအကျယ် ပျက်စီးစေခဲ့တဲ့ အခုလို စစ်ကိုင်းဒေသကို ဗဟိုပြုတဲ့ ငလျင်ရဲ့ ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိမလဲ၊ အဆောက်အဦ၊ စီးပွားရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေစတဲ့ ရုပ်ဝတ္ထု ပျက်စီးမှုပမာဏ ဘယ်လောက်ရှိမလဲဆိုတဲ့ အချက်တွေက အခုအချိန်မှာ ဘယ်အဖွဲ့အစည်းကမှ အတိအကျ မသိရှိနိုင်သေးပါဘူး။
ငလျင်ဒဏ်ကြောင့် သေဆုံးမှုတွေကို ရေတွက်နေဆဲမှာပဲ အမေရိကန် နိုင်ငံ ဘူမိဗေဒတိုင်းတာရေး ဌာန USGS ကတော့ ငလျင်ရဲ့ ပြင်းအား ဂြိုဟ်တုမြေပုံတွေကို အခြေပြုပြီး ထိခိုက်ပျက်စီးမှုတန်ဖိုး ပမာဏကို ကန်ဒေါ်လာ ၆၇ ဘီလျံကျော်လို့ မှန်းဆထားပါတယ်။ ဒီပမာဏဟာ မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုးထက်ကျော်လွန်နေတယ်လို့လည်း ဆိုပါတယ်။ ဒီမှန်းဆချက်ဘယ်လောက် တိကျတယ် မတိကျတယ် ခုချိန်မှာ မပြောနိုင်သေးပေမယ့် မြန်မာနိုင်ငံအဖို့ အခု ငလျင်ရဲ့ ထိခိုက်မှုတွေက ပြီးခဲ့တဲ့ ရာစုနှစ်အတွင်းဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကာလ၊ ၁၉၄၉-၁၉၅၂ ခုနှစ် ပြည်တွင်းစစ်ကာလတွေရဲ့ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ နှိုင်းယှဥ်ရမယ့် ဆုံးရှုံးမှု ပမာဏ ဖြစ်ပါလိမ့်မယ်။
ဒုတိယကမ္ဘာစစ်မှာ မြန်မာတနိုင်ငံလုံးကို စစ်မြေပြင်အဖြစ် တဆင့်ပြီးတဆင့် ဖြစ်စေကာ လေယာဥ်ဗုံးကြဲမှု၊ အခြေခံအဆောက်အဦတွေ မြေလှန်ဖျက်ဆီးမှုတွေ၊ လူမျိုးရေး အဓိကရုဏ်းတွေ၊ အငတ်ဘေးတွေ၊ ရောဂါကပ်ဘေးတွေ နဲ့ အသက်ပေါင်း သောင်း သိန်းနဲ့ ချီသေဆုံးကာ တတိုင်းပြည်လုံး ၃ နှစ်တာ ကမ္ဘာစစ်ကြီးကို ဖြတ်သန်းခဲ့ကြရတာ ဖြစ်လို့ အခုပြည်တွင်းစစ်ထက် ပိုပြီး ပျက်စီးဆုံးရှုံးမယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။
တဖန် ဒုတိယကမ္ဘာစစ်ပြီးနောက် ၄ နှစ်အကြာမှာ မြန်မာနိုင်ငံက ပြည်တွင်းစစ်ထဲ သက်ဆင်းခဲ့ရပြန်ပြီး အဲဒီ ၃ နှစ်တာကာလမှာ သေဆုံးမှုအရေအတွက်ဟာ အရပ်သား ၂၂၀၀၀၊ လက်နက်ကိုင် နဲ့ အရပ်ဖက်ဝန်ထမ်း ၅၇၀၀ ရှိတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ပြည်သူလူထုပိုင် ပစ္စည်းဆုံးရှုံးမှုက ကန်ဒေါ်လာ ၉၅ သန်း (ယခုကာလ ကန်ဒေါ်လာ သန်း ၁၂၆၈ နဲ့ ညီမျှ)တဲ့ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အဆိုပါ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဥ်ရင် အခုလက်ရှိ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းစစ်ကာလမှာ ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်လို့ ခန့်မှန်းကိန်းဂဏန်းတွေ မတွေ့ရှိရသေးလို့ မသိနိုင်သေးပေမယ့် ပါလီမန်ဒီမိုကရေစီခေတ် ပြည်တွင်းစစ်ကာလထက်များပြားမှာ အသေအချာဖြစ်ပါတယ်။ အဲဒီကာလထက် လူဦးရေတိုးတက်များပြားပြီး လူဦးရေ အချိုးအစားနဲ့အမျှ စီးပွားရေးထုထည်ပမာဏလည်း ကြီးမားတာကြောင့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ငလျင်ဘေးမှာ ထိခိုက်ပျက်စီးမှုပမာဏက ဘယ်လောက်ထိ များပြားမယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ ဒီကိန်းဂဏန်းတွေ ပျက်စီးမှု ပမာဏတွေဟာ နိုင်ငံပြန်လည်ထူထောင်ဖို့ နာလံထူဖို့ ရာမှာ ဘယ်လောက်ထိ စိမ်ခေါ်မှုတွေ ကြီးမားနိုင်သလဲဆိုတာ ပြသနေတာဖြစ်ပါတယ်။
ရုပ်ဝတ္တုပျက်စီး ဆုံးရှုံးမှုလိုပဲ တဖက်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေကလည်း တိုင်းတာဖို့ မလွယ်ကူလောက်တဲ့ အတိုင်းအတာနဲ့ ရှိပါတယ်။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ထိခိုက်ရတဲ့ ဒဏ်ရာတွေက နက်ရှိုင်းလွန်းလှတာကြောင့် စေ့စေ့မကြည့်ရဲလောက်အောင် ပင်ဖြစ်ရပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ပျဥ်းမနား၊ နေပြည်တော် စတဲ့ မြို့တွေက နေထိုင်သူတွေရဲ့ စိတ်ထိခိုက်ကြေကွဲစရာ အဖြစ်အပျက်တွေက ဆိုရှယ်မီဒီယာမှာ ပြည့်နှက်နေတာပါ။ ပို့စ်တခု၊ ဗီဒီယို ကလစ်တခု၊ ဓါတ်ပုံတပုံက ကြည့်ရှုသူကို မျက်ရည်ကျစေ၊ စိတ်ထိခိုက်စေလောက်တဲ့ အဖြစ်အပျက်တွေချည်း ဖြစ်ပါတယ်။ အဖြစ်အပျက်တိုင်းဟာ ကြေကွဲစရာအတိနဲ့ ဒီလို စိတ်ဒဏ်ရာ ရုပ်ဝတ္တုဒဏ်ရာဒဏ်ချက်တွေကနေ ရုန်းထဖို့ တွေးဆကြည့်တဲ့ အခါ ပတ်ဝန်းကျင်မှာလည်း အလားတူ ဖြစ်ရပ်တွေ၊ ခံစားမှုတွေနဲ့ ကြုံတွေ့နေရသူ အများအပြားရှိနေလို့ ဒီသဘာဝဘေးဒဏ်၊ မိသားစု ခွဲခွာရခြင်းရဲ့ ဒဏ်တွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြရမလဲ ဆိုတာတွေးကြည့်ရုံနဲ့တင် ကြေကွဲဝမ်းနည်းစရာအဖြစ်တွေဖြစ်ပါတယ်။ ငလျင်ဒဏ်ခံရတဲ့ ဒေသက မဟုတ်တဲ့သူတွေပင်လျင် အပြင်မှာ မျက်စေ့နဲ့ ကိုယ်တိုင် မမြင်ရ၊ အနံ့အသက်တွေ ကိုယ်တိုင် မခံစားရ၊ ပျက်စီးမှုရဲ့ မြင်ကွင်းကျယ်ကို မိမိမျက်စေ့နဲ့ မမြင်ရသည့်တိုင် စိတ်နှလုံးကြေကွဲ ထိခိုက်စေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အဖို့ အခုလိုပြည်တွင်းစစ် ရဲ့ အရှိန်အမြင့်ဆုံး ကာလမှာ ရာစုနှစ် တခုမှာ တကြိမ်လောက် ကြုံရတဲ့ ငလျင်ဘေးနဲ့ ရင်ဆိုင်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံရဲ့ ကံကြမ္မာ၊ လူထုတွေရဲ့ ကံကြမ္မာက ဆိုးရွားလွန်းလှတယ်လို့ သာ ဆိုချင်ပါတော့တယ်။
ငလျင်ဒဏ်ခံရတဲ့ ဒေသအချို့ဟာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ဒေသ ဖြစ်နေတာက ဆိုးရွားလွန်းလှပါတယ်။ စစ်ကိုင်းလိုဒေသမှာ မကြာသေးခင်က စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး မြေမြှုပ်မိုင်းတွေ ရှိနေတဲ့ နေရာမျိုးမှာ ငလျင်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရတာလည်း စိတ်ထိခိုက်စရာ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့ကနေ မင်းကွန်းကိုသွားတဲ့ ကားလမ်းပေါ်က ခိုတောင်ရွာမှာ မကြာသေးခင်ကာလကပဲ လူနေအိမ်တွေနဲ့ ကားတချို့ မီးရှို့ထားလို့ ပျက်စီးနေတဲ့ မြင်ကွင်း၊ ဒေသခံတွေ တခြားမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အဖြစ်တွေက ငလျင်ဘေးကြုံနေရချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၁၀၀ကနေ ၁၅၀ ကြာကာလ မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် ဗြိတိသျှ ကိုလိုနီအဖြစ် ကျရောက်တဲ့ ၁၈၈၅ ခုနှစ် နောက်ပိုင်း အထက်မြန်မာနိုင်ငံနဲ့ အခြားဒေသတွေက လက်နက်ကိုင် ပုန်ကန်မှုတွေကို ဗြိတိသျှ ကိုလိုနီ အစိုးရက ရက်စက်စွာ နှိမ်နှင်းခဲ့တဲ့ ပြည်တွင်းစစ်သဖွယ်ကာလ၊ ဒုတိယ ကမ္ဘာစစ်ကာလ၊ ပါလီမန် ဒီမိုကရေစီခေတ် ပြည်တွင်းစစ်ကာလ နဲ့ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး ပြည်တွင်းစစ်ကာလတွေဟာ မြန်မာနိုင်ငံက လူထုအဖို့ အမှောင်မိုက်ဆုံးနဲ့ ဒုက္ခပင်လယ်ဝေရဆုံး ကာလတွေအဖြစ် မှတ်တမ်းတင်ရမယ့် အချိန်ကာလတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar