Breaking News

မြင့်အေး - "လမ်းများအားလုံး မျှော်စင်သို့"


"လမ်းများအားလုံး မျှော်စင်သို့"
မြင့်အေး ရေးသည်။
(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၅

ကျွန်တော့အိမ်နားကနေ သုံးမိနစ်လောက်လျှောက်ရင် တောအုပ်ထဲကို ရောက်ပါတယ်။ ထင်းရူးတောအုပ်ကြီးပါ။ အခုအချိန်မှာတော့ အရွက်တွေမစုံသေးတော့ ရှင်းလင်းနေပါတယ်။ အောက်ခြေမှာ ရှိတဲ့ ဘလူးဘယ်ရီရိုင်းပင်တွေက အရွက်ပင်မထွက်ကြသေးပါ။ တောအုပ်ရဲ့ဘယ်နေရာက ဖြတ်တက်တက် လူသွားလမ်းကလေးတွေက ထင်းနေတာပါ။

ဒီတောအုပ်အလယ် တောင်ထိပ်ပေါ်မှာ မျှော်စင်ကြီးတခုရှိပါတယ်။ မျှော်စင်ပေါ်က ကြည့်ရင် အော်စလိုပင် လယ်အော်နဲ့မြစ်ကိုမြင်ရတဲ့ အလွန်လှတဲ့မြင်ကွင်းကို ကြည့်လို့ရပါတယ်။ ပုံမှန်အားဖြင့်တော့ အိမ်ကနေ တောအုပ်တနေရာကိုသွား၊ အဲဒီမှာ ဗိုက်ကင်းခေတ်က အသုံးပြုတဲ့ကျောက်လမ်းကြီးဆီရောက်၊ အဲဒီကမှတဆင့် မျှော်စင်ကို သွားလေ့ရှိပါတယ်။ Oldtidsveien လို့ခေါ်ပါတယ်။ ရှေးလမ်းဟောင်းလို့ အနက်ရပါတယ်။

ဒီနေ့တော့ တောအစပ်ကစပြီး စိတ်ကူးပေါက်ရာ တောအုပ်ထဲကိုဝင်လည်ဖို့ စဉ်းစားကြပါတယ်။ တောလမ်းကလေးတွေက ရှင်းနေတာလည်းပါပါတယ်။ တောလမ်းလေးတွေထဲမှာ တချို့က သိပ်မရှင်းဘူး။ တချို့က တော့ ထင်ထင်ရှားရှားလမ်းကြောင်းပေါ်နေတယ်။ ဒီလိုနဲ့ ထင်ရှားတဲ့လမ်းတခုကိုရွေးပြီး တောင်အမြင့်ပိုင်းဘက်ဆီ တက်ကြပါတယ်။ မျှော်စင်ဆီကိုရည်မှန်းကြပေမဲ့ တကယ်တော့ ရောက်မရောက် အသေအချာမသိပါဘူး။

တောလမ်းက ကျောက်တွေ၊ ထင်ရှူးမြစ်တွေ ယှက်ဖြာနေတာမို့ ခါးသမား၊ ခြေဖနောင့်နာသူများအတွက် အတော်ကောင်းတယ်လို့ဆိုထားလေတော့ ခြေဖနောင့် နာနေတဲ့ကျွန်တော့အတွက် လေ့ကျင့်ခန်းလို သဘောထားပြီး အနိမ့်အမြင့် မညီမညာလမ်းကို သတိနဲ့ လျှောက်ပါတယ်။ တိုက်ဆိုင်တာက ကျွန်တော်တို့ရှေ့ကနေ အနက်ရောင် ရှိတဲ့ ငှက်တကောင်က မလှမ်းမကမ်းက ပျံလိုက်၊ သစ်ပင်မှာ နားလိုက်၊ သစ်ခေါက်ကိုပေါက်လိုက်နဲ့ လမ်းပြနေသလိုပါပဲ။ အသံနဲ့အပြုအမူက သစ်တောက်ငှက်လိုဖြစ်ပေမဲ့ အရောင်က ကျွန်တော်သိတဲ့ သစ်တောက်ငှက်လို မဟုတ်ဘဲ မဲနက်နေတာပါ။ အရွယ်ကလည်း သစ်တောက်ထက်ကြီးပြီး ကျီးကန်းနဲ့ ဥဩ ကြားက အရွယ်ပါ။



ဒီလိုနဲ့ ကျွန်တော်တို့အမြင့်ပိုင်း ရောက်လာတော့ အပေါ်ကစီးကြည့်တဲ့အခါ လမ်းသေးလမ်းမွှာလေးတွေ အများကြီး မြင်ရပါတယ်။ ကျွန်တော်တို့ကလည်း သွားနေကျ oldtidveien ပေါ် ရောက်လာကြပါတယ်။ တကယ်က ရမ်းမှန်းလျှောက်ရင်းရောက်လာတာပါ။ Oldtidsveien လမ်းလို့သိနိုင်တဲ့နှစ်ချက်က သူက အကျယ်ဆုံးနဲ့ လူသုံးအများဆုံးလမ်းဖြစ်သလို၊ လမ်းဘေးဝဲယာမှာ ရှေးဗိုက်ကင်းတွေကို မြှုပ်နှံထားတဲ့ မြေပုံမို့မို့တွေရှိနေလို့ပါ။ နောက်တကြောင်းကတော့ တခြားလမ်းတွေလိုမဟုတ်ဘဲ လမ်းဘေးဝဲယာက မြင်နိုင်တဲ့ သစ် ပင်တွေမှာ အပြာနဲ့အနီလိုင်းတွေကိုအမှတ်အသားပြုထားပါတယ်။ အနီလိုင်းက ဆောင်းအခါ စကီးစီးရင်လမ်း မပျောက်စေဖို့ပါ။ အပြာကတော့ လမ်းလျှောက်သူတွေ လမ်းမပျောက်စေဖို့ အညွှန်းပြတာပါ။ ဒါပေမဲ့ တောင် ထိပ်ရောက်စေတဲ့ လမ်းတိုင်းကိုတော့ အမှတ်အသားမပြပါဘူး။ အဓိက လမ်းကြောင်းတွေမှာသာ ပြပါတယ်။ အဲဒီလမ်းလေးတွေမှာပဲ ခွေးနဲ့ လမ်းလျှောက်သူ၊ ဒီလမ်းကြမ်းကို စက်ဘီးစီးကျင့်သူတွေကို ဟိုတစ ဒီတစ မြင်နေရပါတယ်။ 

ကျွန်တော်တို့လျှောက်လာရင်း မိနစ်အစိပ်လောက်နေတော့ မျှော်စင်ကြီးကို ဘွားခနဲ တွေ့လိုက်ရပါတယ်။ အတော်လည်း ဝမ်းသာသွားပါတယ်။ ခါတိုင်း မိနစ် ၅၀ လောက်တက်ရတဲ့ခရီးကို အချိန်တဝက်လောက်နဲ့ ရောက်လာလို့ပါ။ ဒီလိုနဲ့ မျှော်စင်ကြီးပေါ် တက်ကြပါတယ်။ မျှော်စင်ကြီးရဲ့ လှေကားတထစ်ချင်းမှာ လှူဒါန်းထားတဲ့ အလှူရှင်တွေရဲ့ နာမည်တွေကို သံပြားနဲ့ ရေးထိုးထားတာ တွေ့ရပါတယ်။ ကိုယ့်ဆီက စေတီပုထိုး အုတ်တံတိုင်းတွေမှာ အလှူ့ဒါယကာ ဘယ်သူ ဘယ်ဝါပါလို့ ရေးထိုးထားတတ်တာကို သတိရမိပါတယ်။
မျှော်စင်ထိပ်ရောက်တော့ သံမဏိပြားတခုပေါ်မှာ စက်ဝိုင်းသဏ္ဍာန် မြေပုံတခုရေးဆွဲထားတာကို တွေ့ရပြီး ဖတ်ကြည့်တော့ မျှော်စင်ကို လာတဲ့ လမ်းများရဲ့ အမည်နဲ့ အကွာအဝေးတွေ ရေးထားတာ တွေ့ရပါတယ်။
"လမ်းများအားလုံး မျှော်စင်သို့" လို့ ကဗ္ဗည်းထိုးထားသလိုပါပဲလား။

တချက်စဉ်းစားမိတာက တောထဲမှာ လမ်းတွေက ရာနဲ့ချီ ရှိနေတာပါ။ တောထဲမှာ လမ်းများစွာ ရှိပေမဲ့ မျှော်စင်ကိုလမ်းအားလုံးမရောက်နိုင်ပါဘူး။ မျှော်စင်ပေါ်က ပြထားတဲ့လမ်းတွေဟာလည်း ထိပ်ပိုင်းရောက်လေ၊ ထင် ရှားတဲ့လမ်း တခုမဟုတ် တခုနဲ့ ပေါင်းကြပြီးမှ မျှော်စင်ရှိရာကို ရောက်တာပါ။ မျှော်စင်နားကိုရောက်တဲ့ လမ်းက ၁၀ လမ်းလောက်ပဲ ရှိပါတယ်။ မျှော်စင်ကိုရောက်ဘို့ဆိုရင် မျှော်စင်ရောက်မဲ့ လမ်းမကြီး တခုခုနဲ့ ပေါင်းကြရပါလိမ့်မယ်။ ပြီးတော့မှ မျှော်စင်ကြီးမှာ ဆုံကြရမှာပါ။ မဟုတ်ရင်တော့ တောထဲမှာ ရွာလည်ပြီး မိုးကြီးစုပ်စုပ် ချုပ်သွားပါလိမ့်မယ်။

မြင့်အေး
-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar