ဖိုးရွှေညီမှိုင်း - လူ
လူ
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၅
ငါတို့က အရမ်းနှေးပြီး
သူတို့က အရမ်းမြန်နေရင်
ကြွက်တကောင်ဟာ
ကြောင်စာဖြစ်ဖို့ လွယ်သွားပြီ။
ညှိယူခြင်းသီအိုရီတွေ
နိုင်-နိုင် သီအိုရီတွေ
အလုပ်မဖြစ်ဘူးဆိုတာ သက်သေပြဖို့
တို့တွေးလို့ တို့ရှိနေတာ မဟုတ်သလို
တို့ရှိလို့ တို့တွေးနေတာလည်း မဟုတ်ဘူး
မဟုတ်တာတွေ
ဟုတ်နေတာလည်း မဟုတ်ဘူး။
သင်္ကြန် ကျပြီတဲ့
လေရူးတွေတိုက်တယ်
အမှိုက်တွေလွင့်တယ်
သစ်ရွက်တွေကြွေတယ်
ပုရစ်တွေဖူးတယ်
ဒါ နွေပါပဲ။
မိုးလည်း ရွာချင်ရွာမယ်
မရွာချင်မရွာဘူး
ပိတောက်လည်း ပွင့်ချင်ပွင့်မယ်
မပွင့်ချင်မပွင့်ဘူး
ကွမ်တမ်သီအိုရီလည်း မှန်ချင်မှန်မယ်
မှန်ချင်မှလည်းမှန်မယ်။
မရေရာခြင်းနိယာမထဲမှာ အမှုန်တွေ
ရွေ့ချင်သလို ရွေ့နေကြတာ အမှားမဟုတ်ဘူး
သဘာဝက သဘာဝအတိုင်းပဲ
အစီအစဉ်မဲ့ခြင်းရဲ့ အစီအစဉ်အသစ်အရ
လူဖြစ်လာခဲ့မှတော့
လူသားဆန်ဆန်
ဉာဏ်ပညာ ချစ်ခြင်းအစစ်တွေနဲ့
လူဖြစ်ကြည့်ကြရုံ။
၂၀၂၅ ဧပြီ ၁၅
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar