Breaking News

နေသွင်နိုင်း - အမှောင်သားကို ဆွဲဖြဲ၊ ဘယ်လို ငရဲမျိုးလဲလို့ မေးတယ်


နေသွင်နိုင်း - အမှောင်သားကို ဆွဲဖြဲ၊ ဘယ်လို ငရဲမျိုးလဲလို့ မေးတယ်

မိုးမခ ၊ ဧပြီ ၁၉ ၊ ၂၀၂၅

၁။ ပင်လယ်ကို ထွန်ယက်သူများ

ဒီပင်လယ်ကို ဖြတ်ပြီးရင် တောအုပ်တစ်ခုကိုကျော်ဖြတ်ရဦးမယ်။ အသက်ကိုသေခြင်းတရားဆီ ဈေးပေါင်ကျိုးနဲ့ပစ်တင်လိုက်ရတာမျိုးပါပဲ။ မြေမြှုပ်မိုင်းတွေလို အန္တရာယ်တွေက နွယ်ရှင်တွေလို စောင့်ကြိုနေမယ် ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့... တစ်ချောင်းတည်းသော ခရီးမို့ ပင်လယ် ဆိုလည်း ပင်လယ်၊ မီးတောင် ဆိုလည်း မီးတောင် ကျွန်တော်တို့  ခရီးဆက်ခဲ့တယ်။ မီးညွန့်သရဖူမှာ ကိုယ့်နာမည် ရေးလို့။

တစ်နေ့ ။

ပင်လယ်ကမ်း‌ခြေတစ်ခုမှာ  ပင်လယ်ထဲ ပုလင်းလွတ်တွေ အများကြီး မျောလာတာ ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ ပုလင်းလွတ်တချို့ ဖွင့်ကြည့်မိတော့ ပုလင်းတိုင်းမှာ စာတစ်စောင်စီ ထူးထူးခြားခြား ပါရှိနေတာပါပဲ။

ပင်လယ်ဆီ ရောက်လာတဲ့ လူတွေကနေတစ်ဆင့် စာတွေအကြောင်း လူတွေ သိရှိသွားကြတယ်။ တချို့စာတွေက လိပ်စာမဲ့၊ အမည်မဲ့။ လူသေတွေလို တချို့စာတွေကတော့ ပင်လယ်ဆီ တအိအိ တပဲ့ပဲ့ ရွက်လွှင့်နေကြတုန်း။ တချို့ပုလင်းတွေကတော့ ကျောက်‌သောင်တွေနဲ့ ခတ်မိပြီး ကွဲကြ၊ တချို့ပုလင်းတွေကတော့  လူ့သမိုင်းအစဉ်အဆက် လူ့သမိုင်းအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းခဲ့ကြပါတယ်။

ကျွန်တော် ဖွင့်ဖတ်မိတဲ့ ပုလင်းတစ်လုံးမှာဆိုရင်— "ခင်ဗျားတို့ရုံးခန်းတွေမှာ ငါ့ဓာတ်ပုံကြီးကို ချိတ်ထားတာ မလိုချင်ဘူး"ဆိုတဲ့ ဇာလန်စကီးရဲ့ စာတစ်စောင်တောင် ပါသေးတယ်။

ကျွန်တော့်ဆီမှာ  ပင်လယ်ကပေးတဲ့ နောက်ထပ်ပုလင်းတွေ ရှိသေးတယ်။

၂။ သတိပေးချက်

ကန္တာရထဲ ခရီးရှည်သွားနေသူတစ်ယောက်ရဲ့ ဆာဟာရနေ့စဉ် အရေးအသား မှတ်တမ်းတစ်ခု ဒါမှမဟုတ် ပင်လယ်ထဲ မျောလာတဲ့ ပုလင်းတစ်လုံးထဲက  မီးဖိုချောင်တစ်ခု သေဆုံးသွားတဲ့ သတင်းပေးပို့ချက် စာတစ်စောင်အကြောင်းပါ။ ဗလာနတ္ထိလည်း ဖြစ်နေနိုင်သလို သုညမက်ဆေ့ခ်ျလည်း ဖြစ်နိုင်ပါတယ်။ မနက်စာ၊ ညစာအဖြစ် စားဖို့ သောင်းချီနေတဲ့ မီနူးဖတ်နေရင် ဆက်မဖတ်သင့်တာမျိုး။ မှိုတက်နေတဲ့ ပေါင်မုန့်ကို ရေဆေးပြီး မစားဖူးရင်၊ မီးသင့်တဲ့ဂျုံ၊ မီးသင့်ကုလားပဲ၊ မီးသင့်ဆန်ကို ပြာတွေ၊ ဖုန်သလဲခဲတွေ စင်ပြီး မစားဖူးရင်၊ အထူးသဖြင့် အဆိပ်မိတဲ့ ကြွက်သေကို စားရင်း သေသွားတဲ့ ကြောင်သား မစားဖူးရင်လည်း မဖတ်သင့်တာမျိုးဆို။ အထူးသဖြင့် နွေဦးဖွဲ့ တေးကို မယုံကြည်ကြသူတွေ မဖတ်သင့်တာမျိုး။

အခုချိန်များကို ဖွင့်ဖတ်ရင် ဆီးလမ်းကြောင်းမှာ ပိတ်နေတဲ့ ကျောက်စတစ်ခုလို ကျပ်တည်းမှုဟာ ‌ဆေးမပီသေးတဲ့ ပစ္စုပ္ပန်ဓာတ်သားမှန်ချပ်ကို လိုသလောက်ရရှိနိုင်မှာ ဖြစ်ပါတယ်။

၃။ ငရဲဓား

အတိတ်ကို ကျောခိုင်းပြီးမှ အတိတ်က လှည်းဘီးကြီးစီးပြီး ကိုယ့်ရှေ့ရောက်လာ။ တကယ်ဆို စောက်ရေးမပါတဲ့ လှည့်ဘီးကြီးပါပဲ ကာထရီးနား။ အချိန်စက်ဝန်းတစ်ခုထဲ ဝဋ်နာ ကံနာလို ပြန်ပြန်ပြုတ်ကျလို့ ဒီမီးဖိုချောင်လေးရဲ့ မီးခိုးထဲ အသက်ရှူကျပ် ရပ်နေရတယ်။ အနာဂတ်မှာ ဘာဖြစ်ချင်လဲ မင်း မေးတုန်းက နှစ်ယောက်တစ်အိပ်မက် ဘဝတစ်ခုလို့ ငါ ဖြေခဲ့။ မင်းက ရယ်မောခဲ့။ ဘဝကိုတူးပါတယ်ဆိုမှ ငရဲက တွင်းနှုတ်ခမ်းဝ မေးငေါ့တက်လာတယ်။ ကျိန်စာမိနေတဲ့ အမည်နာမ မျက်နှာပေးနဲ့။

မနက်မိုးအလင်း ဆွမ်းတော်ပန်းတော်ကပ်အပြီး ကုန်ဈေးနှုန်းကို  သတ္တဝါစာရင်းသွင်းပြီးမေတ္တာပို့နေရတဲ့ နေ့ရက်တွေ များလာတယ်။ ရိက္ခာခြောက်လုပ်နည်း တတ်လာတယ်။ လေယာဉ်လက်မှတ်ဈေးကြီးတာထက် ငရုတ်သီးတစ်တောင့် တစ်ရာ ဝယ်ရတာ မင်းက ပိုရင်ခုန်တယ်တဲ့လား ကာထရီးနား။

ရွှေပေါ်လည်း မတင်နိုင်ခဲ့၊ မြပေါ်လည်း မတင်နိုင်ခဲ့။ အိမ်ထောင်တစ်ခုမှာ ငွေရေးကြေးရေးကိုနောက်မှာထားလို့ ချစ်ခြင်းမေတ္တာ တစ်ခုကို ခေါင်းချအိပ်ခဲ့ကြတာလည်း မင်း ရယ်နေနိုင်ခဲ့တယ်။တစ်ယောက်ကိုယ်ပေါ်က ချွေး တစ်ယောက် စုပ်ယူလို့ အိုင်အိုဒင်းဓာတ် ရခဲ့တယ်။ မီးကို တွေ့ရှိခဲ့ကြတဲ့ ငါတို့ကမ္ဘာဦးမှာ အသားဓာတ် ဆိုတာကလည်း တစ်ယောက်နှုတ်ခမ်း တစ်ယောက် သိမ်းပိုက်ခဲ့ကြတာ တစ်ခုပါပဲ။

တစ်နေ့... ငရဲက လွတ်လာတဲ့ ခွေးတံဆိပ်နဲ့ မိစ္ဆာတစ်ကောင်က ပန်းပွင့်တိုင်းပြည်တစ်ခုရဲ့ ကိတ်မုန့်ကို သူ့လျှာနဲ့ လျက်မိရာက ပင်လယ်ခရီးသွားတွေ ပိုပိုများများလာခဲ့တယ်။

၄။ ရွှေ့ပြောင်းစနစ်

ငါတို့ဟာ ဂျစ်ပစီ။ ငါတို့ဟာ အိမ်‌မဲ့အသား။ငါတို့ဟာ အိမ်မဲ့အလံ။‌ ငါတို့ဟာ ‌ ကျောက်ခေတ် ယဉ်ကျေးမှု။ရွေ့လျားနေထိုင်ခဲ့ကြတယ်။ဟိုဘက်ရပ်ကွက်ကနေ ဒီဘက်ရပ်ကွက်၊ ဒီဘက်ရပ်ကွက်ကနေ ဟိုဘက်ရပ်ကွက်။ မရှိသလို နေတတ်ခဲ့ကြ။ ရှိသလို မနေတတ်ခဲ့ကြ။ လူလည်လုပ်နည်းကို သိခဲ့တယ်။ ဆယ်ရက်အတွင်း ချမ်းသာနည်းလည်း ရခဲ့တယ်။ ဒါပေမဲ့ ငါ ရိုးသားခဲ့ပါတယ်။ ငါတို့ဟင်းလျာထဲ ဘယ်မျက်ရည်မှ မပျော်ဝင်စေရ။ ငါတို့စားမြိန်ထုပ်မှာ ဘယ်သူ့ ငိုကြွေးသံမှ မရစ်သီစေရ။ ဆင်းရဲတာရှည်မှုမှာ လက်ခမောင်းခတ်ခဲ့လေတော့ ထမင်းကြမ်းခဲ ယပ်ခတ်စား။ ဒီထွန်ခဲ့‌ မြေသားကြား သားသမီးတွေ ပွားစီးလာတဲ့အထိ။

၅။ ငါ့မှာ အိပ်မက်တစ်ခု ရှိခဲ့တယ်

မိသားစုခြင်ထောင်ကြီးထဲ ညရဲ့ဟောက်သံတွေ ကျယ်လောင်လာသလို အစာအိမ်ကြီးကလည်း ကျယ်‌လောင်လာခဲ့ရပေါ့။ မီးကို စတင်တွေ့ရှိခဲ့သလို အချစ်ကို တွေ့ရှိပြီးတဲ့နောက် ကမ္ဘာဦးဂီတဟာ အလွမ်းနဲ့ ယဉ်ကျေးခဲ့ကြတယ်။ အချစ်နဲ့ဘဝဟာ ငါတို့ တိုက်ရမယ့် စစ်မြေပြင်တစ်ခု ငါတို့ရူးရဲယုံကြည်မှုမုန်တိုင်းကို ဗဟိုပြုထားတဲ့ လူငယ်လမ်းမှာ တယ်လီဖုန်းကြိုးထဲ အချစ်စကားတွေ ပစ်ထည့် လူးလှိမ့်ခဲ့ရတာကလည်း ပျော်ရွှင်မှုတစ်ခု။

ရစ်ချက်တာစကေး ဘယ်လောက်၊ မျက်ရည်တုန်ခါနှုန်း ဘယ်လောက် ရုပ်ရှင်ရုံထဲက အထွက် ငါတို့ရဲ့ ရိုးတွင်းချဉ်ဆီတွေထဲအထိ တုန်ခါခဲ့ကြတယ်။ အိမ်အပြန် လမ်းအခွဲမှာ ဘယ်တော့မှ မတွေ့မမြင်ရတော့မယ့်သူလို တစ်ယောက်လက် တစ်ယောက် အေးစက်လို့ ညဉ့်သုံးယံအိပ်မက်မှာ လည်ချောင်းတစ်ခုလုံး ကန္တာရထဲကလူလို ဆာလောင်ခြောက်သွေ့ခဲ့ကြတယ်။ မင်း ဖျားနာတဲ့အခါ စိုးရိမ်မှုပြဒါးတိုင်လေး ငါ ဖြစ်ချင်ခဲ့တယ်။ ငရဲဆိုတာ မင်းနဲ့ မ‌တွေ့ရတဲ့ အခိုက်အတန့်တွေ မင်းရှိရာအရပ်ဟာ နိဗ္ဗာန်ဘုံတစ်ခု။ ပြုပြုသမျှ ကုသိုလ်တွေကလည်း မင်းဘဝစိုပါစေပဲ။ ဘယ်ဘုရားမှ မပွင့်ချင်နေ မင်းအပြုံးလေးတစ်ပွင့် ပွင့်ဖို့ကလည်း ငါ ကျင့်ကြံတဲ့တရားပါပဲ။ ဒီလို အချစ်ကို ရွှေချခဲ့ပါတယ်။

ပုဂံဘုရား ဖူးခဲ့တယ်။ ဖိုဝင်တောင်ပေါ်တက်ခဲ့တယ်။ ပုပ္ပားတောင်ပေါ်က စံကားဝါပန်းတွေ ကောက်ခဲ့တယ်။ မီးရဲ့အသားဆိုလည်း မီးရဲ့အသား၊ ရေရဲ့အသားဆိုလည်း ရေရဲ့အသားပေါ့။ အလိုတော်အတိုင်း ဘုရားသခင်ရဲ့ စပျစ်ဝိုင်ကို အတူတူသောက်လို့ မိုးဦးလေဦးမှာ သမ္ဗန်ကောင်းသမားတစ်ယောက်လို မြစ်ကို ဒေါင်လိုက်ကူးလို့ စကြဝဠာကို ဆွဲဖြဲဖို့အထိ အ‌သွေးအသားကို အသက်သွင်းခဲ့ကြတယ်။ ပြီးတော့ ရွက်ဆုတ်ပြက္ခဒိန်‌တွေ အလွှာလိုက် အလွှာလိုက် ဆွဲဖြဲပြီး အိပ်မက်တစ်ခု မက်ခဲ့တယ်။

ငါတို့ ပိုက်ဆံရှိရင်....။

ငါတို့ အိမ်တစ်လုံးရှိရင်....။

ငါတို့မှာ... တော်တီလာဖလက်ရပ်ကွက်မှာ ငါတို့ဟာ ရေနုတ်မြောင်းထဲက တက်ကို မတက်ခဲ့ကြ။

၆။ ကာထရီးနား ကန်းထရီး

ဘဝမှာ သေခြင်းမဆိုက်မီစပ်ကြား မသေတော့မယ့်သူလို စကားတွေ ပြောခဲ့ကြဖူးတယ်။

ဥပမာ—

"တကယ်လို့ ရှင် ကျွန်မနဲ့ အိမ်ထောင်မကျရင် ချမ်းသာတဲ့ ဖေဖေ ချမ်းသာတဲ့ စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ချင်ဖြစ်နေမှာ"

"ငါချမ်းသာရင် ဒီအိမ်တန်းလျားက လူတွေကို ငါ ကိုယ်ချင်းစာချင်မှ စာတတ်မှာပေါ့။ ချမ်းသာတဲ့ဖေဖေ ဖြစ်နေရင် လမ်းလယ်ကျွန်းမှာ ခရေပန်းကောက်ပြီး မီးပွိုင့်မှာ ရောင်းနေကြတဲ့  ကလေးတွေကို သနားချင်မှ သနားတတ်မှာပေါ့။ ပြီးတော့  ချမ်းသာခဲ့ရင် ပွဲနေပွဲထိုင်တွေမှာ မတီးချင်တဲ့ လက်ခုပ်တွေတီးပြီး အသားသေနေတဲ့ အပြုံးတုတွေနဲ့ လူမှုဘာသာဗေဒမှာ မုသားနဲ့ နေသားကျပြီး သစ္စာတရားကို ကျောခိုင်းမိလျက်သား ဖြစ်ချင်ဖြစ်နေမှာပေါ့ ကာထရီးနားရယ်။ အခုတော့ ငါ့မှာ ကိုယ်ချင်းလည်းစာတတ်လို့။ ကိုယ့်လက်မောင်းသားကို ယုံကြည်လို့၊ ကိုယ့်ပခုံးသားကို ယုံကြည်လို့ဘယ်လောက်များ စိတ်ကို သန့်သန့်ထားနိုင်သလဲကွာ"

"အို........ရှင်ဟာလေ....ဘာလို့များ ဒီဆင်းရဲမွဲတေမှုမှာ ပျော်နေနိုင်ရတာလဲ"

"အချစ်ရှိနေလို့ပေါ့.. မင်း ရှိနေလို့ပေါ့....."

"မယုံပေါင်.....ရှင်က ရှင့်စာအုပ်တွေ၊ ရှင့်ကဗျာ‌တွေလောက် ကျွန်မကို မချစ်ဘူးမဟုတ်လား"

"မင်းက ငါ့စာအုပ်၊ မင်းက ငါ့ကဗျာ၊ မင်းက ငါရေးမပြီးတဲ့ စာမျက်နှာ၊ မင်းက ငါ ထိုင်ကြည့်နေရတဲ့ ကဗျာတစ်ခင်း။ ဒီစာအုပ်တွေ ဒီကဗျာတွေကို မင်းက သဝန်တိုနေတယ်ပေါ့လေ၊၊ ကြည့်စမ်း.....အပြစ်မဲ့တဲ့ သူတို့ကို ဘယ်အချိန်ကတည်းက သဝန်တိုနေတာလဲ"

"ကျွန်မကို ကျောခိုင်းပြီး သူတို့ဆီ ရှင့်အသည်းနှလုံးတွေ၊ ရှင်အာရုံတွေ အကုန်ပို့ထားတဲ့ အချိန်တွေမှာပေါ့..."

"မင်းသာ ကဗျာဆရာလုပ်လိုက်ပါတော့လား ကာထရီးနားရယ်"

"ဟင့်အင်း၊ ကျွန်မက ရှင့်ကဗျာစာသားတွေထဲက နာမ်စားတစ်ခုပဲ ဖြစ်ချင်တာ"

"အို....အချစ်က ကဗျာပါပဲလား"

"အချစ်တွေကဗျာ‌တွေ အသာထား၊ ညစာ  ကျွန်မတို့ ဘာစားကြမလဲ"

‌.............

.............။

ငါဟာ ငှက်ခတ်သမား။ပန်းကိုလည်း စိုက်ရတယ်၊ လမ်းကိုလည်း လိုက်ရတယ် ကာထရီးနား။ မီးမရှိလို့ မဖြစ်သလို မင်းမရှိ လို့ မဖြစ်ဘူး ကာထရီးနား။ မင်းအတွက်တော့ မီးဖိုချောင်ဟာ ဂါဇာ ၊မီးဖိုချောင်ဟာ အစ္စရေး၊ မီးဖိုချောင်ဟာ ခံစစ်။ ဘာပဲဖြစ်ဖြစ် အချစ်ကို ရှေ့တန်းတင်ကြရမယ် ကာထရီးနားရဲ့။ ဆန်အိုးကို ကုတ်ခြစ်တဲ့အခါ ငရဲအသံ ထွက်လာတာကအစ ငါတို့ ဂီတပဲပေါ့။ ဖိုက်တင်း ကာထရီးနား။

၇။ မီးဖိုချောင်သေဆုံးမှု သတင်း

အဆင်ပြေမှုက အဆင်မပြေသေးဘူး။ သက်တံလို ထင်းလင်းလာတဲ့ အိပ်မက်သားစိုစို တချို့ ပြာနံ့သင်းသွားရပါပြီ။ မနက်မိုးလင်းတာနဲ့ ချွေတာရေးတရား ရေဒီယိုက အသံမြည်တယ်။ ကမ္ဘာကြီးရဲ့လေးလံမှုကို လျှော့ချဖို့ ခြေတစ်ဖက်နဲ့ လမ်းလျှောက်ဖို့အထိ ရူးသွပ်ဖွယ် စဉ်းစားမိတဲ့အကြောင်း မိတ်ဆွေတချို့ကို ပြောဖြစ်တယ်။ အခုများဆို ထမင်းကြမ်းဟင်းခဲကို ဝက်စာပုံးထဲ အချည်းအနှီးအဖြစ်ခံ သွန်မပစ်တော့။

နိုင်ငံရေးဟာ မီးဖိုချောင်က စ ပါတယ်။ ရှူးရှဲ ၅၀ ၊ မာမား ၁၅၀၊ ကြက်ဥ တစ်လုံး ၇၀၊ ပလိန်းတစ်ခွက် ၂၀၀၊  အိုင်အိုဒင်း တစ်ထုပ် ၁၅၀၊ ကာရာအိုကေ တစ်ရာဖိုး သုံးပုဒ်၊။ ချစ်သူကို သတိရကြတဲ့အခါ လမ်းဘေးကြိုးဖုန်းမှာ  တစ်ဟဲလို ၂၀၀။ လူသုံးကုန်စည်တွေကို အလွမ်းအဖြစ် ရေတွက်တဲ့အခါ ဈေးအိမ်သာ တစ်ခါတက် ၅၀ ကလည်း သူ့ကိုလွမ်းဖို့ အော်နေပြန်ပါတယ်။အကြည်ရေ...ပဲပြုတ်နဲ့နံပြား ရရ မရရ မစားချင်တော့ဘူး။ ကိုအောင်ဆန်းဟာ သေရွာက ထလာပြီး ပြောတယ်။ သားကြီးက ခြံစည်းရိုးမှာ လှမ်းထားတဲ့ သူ့ညီရဲ့ တစ်ခါသုံး သေးခံကို ကင်းစောင့်ရတဲ့အကြောင်းကို ဒီနေရာမှာ ချန်လှပ်ထားခဲ့ချင်ပါတယ်။

၈။ အာလူးစားသူများ

တစ်ယောက်ယောက်က အဆင်ပြေလား မေးရင် ပြေတယ်၊ အဆင်မပြေဘူးလား မေးရင် မပြေဘူး။ ဒီလို ဖြေဖို့ ငါ့မှာ ရှိပါတယ်။

ဘဝက မိုးရွာရင် အစို ၊နေပူရင်အခြောက်။ မှိုရတဲ့ မျက်နှာထက် ဆီရတဲ့ မျက်နှာက လူရာပိုဝင်တဲ့ခေတ်မှာ ချစ်ခြင်းမေတ္တာကလွဲပြီး အရာရာ ချွေတာကြတာပေါ့ ကာထရီးနား။

ညနေက အိမ်ရှင် မိန်းမကြီးဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လို့။ မသေမရှင် ဖြစ်နေတဲ့ ကြွက်သေတစ်ကောင်ကို သူ့ကြောင်မကြီးက ခုတ်လိုက်သတဲ့။ ဖြစ်ချင်တော့ ကြွက်သတ်ဆေးမိတဲ့ ကြွက်ကို ကြောင်က စားမိပါလေရော။ မမျှော်လင့်ဘဲ ကြွက်ထောင် ကြောင်မိသတဲ့။အဲ့ဒါနဲ့  အဲ့ဒီကြောင်ကို မြစ်ဆိပ်ထဲ ပစ်ပေးဖို့ ငါ့ဆီ အကူအညီတောင်းတာပဲ။ ဒါနဲ့ ငါလည်း  ကြောင်သေစွန့်ပစ်ခ အဖြစ် သူ ပေးတဲ့ ဓာတ်ဆီဖိုးတစ်ထောင်ယူ၊ ကြောင်ကို မြစ်ဆိပ်ဘက် ယူသွား၊ပြီး အရေခွံဆုတ်၊ အူတွေနုတ်၊ ပြီး။ အဲဒါတွေ မြစ်ထဲပစ်။ အခုန ခုတ်ထစ်နေတာ ဇော်ဂျီဖိုလ်ဝင်သား။

စွန့်ပစ်ပစ္စည်းကနေ ညစာအဖြစ် ပြောင်းလဲဖို့ဆိုတာ ဘယ်လောကဓာတ်ဆရာကများ ဉာဏ်ထူထူနဲ့ တွေးမိကြမှာလဲ ကာထရီးနား။

၉။ ကန္တာရ မိစ္ဆာတောအုပ်ထဲက ဘီလူးများ/ ခွေးများ/ ငလျင်များ

ဖတ်လက်စ စာကို ပုလင်းထဲ ကျွန်တော်ထည့်လိုက်တယ်။ ကျွန်တော်ရရှိခဲ့တဲ့ ပုလင်းတစ်လုံးဟာ ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပုလင်းတစ်လုံး ဖြစ်ပါတယ်။

ပုလင်းတစ်လုံးဟာ ဆားငံသီးတစ်လုံးလို ပေါလော မျောလာလို့ ဖွင့်ကြည့်တဲ့အခါ လွန်ခဲ့တဲ့အထီးကျန်ရောဂါနှစ်များမှာ  ရေးခဲ့တဲ့ ကျွန်တော့်စာပုလင်း။ ကိုယ် ပြုသမျှ ကုသိုလ်က ကိုယ့်ဆီ ပြန်ရောက်မလာခင် ကိုယ့်စာက ကိုယ့်ဆီ ပြန်ရောက်လာတာ မြန်လိုက်တာ။

ပင်လယ်တစ်ခုအလွန်မှာ ကျွန်တော်တို့ဟာ တောအုပ်တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့ကြပါတယ်။  ကျွန်တော်တို့ဟာ ခရီးတလျှောက် ပင်လယ်ထဲက စာတွေဖတ်ရင်း အနားယူခဲ့ကြတယ်။ တစ်ခုသော တောအုပ်ကတော့ မိစ္ဆာတွေမြူးတဲ့ တောအုပ်လို့ နာမည်ကြီးပါတယ်။ လှည်းသား ၄၉၉ ယောက်စလုံးကတော့ ပြောပါတယ်။ဒါဟာ မိစ္ဆာပင်တွေတဲ့။ ဘီလူးလို နေထိုင်တယ်။ ခွေးအ လို နေထိုင်တယ်။ သတိ၊ ဉာဏ်ပညာ၊ ချစ်ခြင်းတရားနဲ့မှ ကျော်ဖြတ်နိုင်မယ်လို့ ပြောကြပါတယ်။

ကျွန်တော်တို့ဟာ ရေမဲ့ကန္တာရထဲ မိုးတိမ်ညွန့်ကို တွေ့ရတယ်။ မိုးမင်းဒေဝါရဲ့ လျှပ်ပြက်ဂီတကို မြင်ရတယ်။ လူအရိုးစု၊ နွားအရိုးစုတွေဟာ ပိုပေါ့ပြတိုက်ကြီးလို ထုထည်အပြည့်။ ပြီးတော့ မဟာပထဝီမြေကြီးရဲ့ ရယ်သံ။

"ငါတို့ အုပ်စည်းမပျက်ရှိမှ ဖြစ်မယ်"

ကျွန်တော်တို့ရဲ့ လှည်းမှူးက တစ်လမ်းလုံး အော်ခဲ့တယ်။

ညနက်နက်တွေမှာ တောခွေး‌တွေရဲ့ အူဟောင်သံတွေ ကြားရတယ်။

လှည်းမှူးဟာ သူ့နှင်တံကို ဝံ့ရင်း အော်ပြန်တယ်။ ငလျင်တော်လည်းသံတွေဟာ လေအိတ်တစ်အိတ်လို လူတွေ၊ သစ်ပင်တွေ၊ တိုက်တာတွေ ဝါးမျိုနေပြန်တယ်။ ဘယ်တော့မှ ထွေးမထုတ်မယ့်အတိုင်း။

"ခွေးတွေ ဘယ်လောက် ဟောင်ဟောင်၊  မြေကြီး ဘယ်လောက် ရယ်ရယ်၊ လှည်းတန်းကြီးကို ခုတ်မောင်းကြ၊ ငါတို့ရဲ့ စားမြိန်ထုပ်ထဲက ယုံရဲခြင်းကို တစ်လက်ခုပ်မျှ မစွန့်ဘဲ  ခရီးဆက်ကြ"

လှည်းမှူး စကားအဆုံးမှာ ကျွန်တော်တို့ရဲ့ လှည်းတွေကို မြင်းသိန္ဓောလို နှင်ခဲ့ကြတယ်။ ညအမှောင်သားကို ဆွဲဖြဲပြီး ဘယ်လို ငရဲမျိုးလဲလို့ မေးမယ်။

၁၀။ နောက်ထပ် ငလျင် ၊ နောက်ထပ်ငရဲ၊ နောက်ထပ်ပင်လယ်

ရှင်ကျန်သူတွေ ရေးခဲ့ပါလိမ့်မယ်။ ။

-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar