အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံအကြား တင်းမာမှုအရှိန် မြင့်တက်နေ
အိန္ဒိယပိုင်ကက်ရှ်မီးယားမှာ အင်္ဂါနေ့က လူ ၂၆ ဦးသေဆုံးခဲ့တဲ့ ပစ်ခတ်မှုအပြီးမှာ အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံအကြား တင်းမာမှုအရှိန် မြင့်တက်နေပြီး သောကြာနေ့က စစ်ရေးထိန်းချုပ်မျဥ်းမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
နှစ်နိုင်ငံအပြန်အလှန် တုန့်ပြန်အရေးယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြတာမှာ နှစ်နိုင်ငံ သံတမန်အဆင့် လျော့ချမှုတွေ၊ နယ်စပ်ဖြတ်သန်းခွင့် ပိတ်ပင်မှုတွေ၊ နှစ်နိုင်ငံရဲ့ အထင်ကရ အင်းဒတ်စ် Indus မြစ်ရေ ခွဲေ၀သုံးစွဲမှု သဘောတူညီချက်ကို အိန္ဒိယဘက်က ဆိုင်းငံ့တာတွေ၊ သံတမန်တွေနဲ့ ပါကစ္စတန်ဗီဇာကိုင်ဆောင်သူတချို့ကို ၄၈ နာရီအတွင်း နိုင်ငံတွင်းက နှင်ထုတ်တာတွေ လုပ်ဆောင်နေကြပါတယ်။
ပါကစ္စတန်နိုင်ငံကလည်း ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ သူတို့နဲ့ ပတ်သက်မှုကို ငြင်းဆိုထားပြီး ဒီစွပ်စွဲမှုကို သက်သေအထောက်အထားနဲ့တကွပြဖို့ ပါကစ္စတန်နိုင်ငံခြားရေး၀န်ကြီးက တောင်းဆိုထားပါတယ်။
ကက်ရှ်မီးယားဒေသကို အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးက အပြည့်အဝပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုနေကြပေမယ့်လည်း နှစ်နိုင်ငံလုံးဟာ ဒီဒေသရဲ့ တစိတ်တပိုင်းတွေကိုပဲ ထိန်းချုပ်ထားကြပါတယ်။
ဒီပါဟလ်ဂမ်မြို့တိုက်ခိုက်မှုဟာ အခုနောက်ပိုင်းနှစ်တွေမှာ လူထိခိုက်သေဆုံးမှု အများဆုံးတိုက်ခိုက်မှုတခု ဖြစ်လာပါတယ်။ ၁၉၄၇ ခုနှစ် အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံ ခွဲထွက်ထူထောင်ပြီးနောက်၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြသည့် ဒီနှစ်နိုင်ငံဟာ ကတ်မီးယားဒေသပိုင်ဆိုင်မှု အငြင်းပွားမှု စစ်ပွဲများ ဆင်နွှဲခဲ့ကြတာပါ။
အခုနောက်ဆုံး ပစ်ခတ်တိုက်ခိုက်မှုမှာ သေနတ်သမားတွေဟာ မွတ်စလင်မဟုတ်သူတွေကို ပစ်မှတ်ထား ပစ်ခတ်ခဲ့တယ်၊ သေဆုံးသူအများစုဟာ ဟိန္ဒူအမျိုးသားတွေဖြစ်ပေမယ့် ဒေသခံမွတ်စလင်အမျိုးသားတဦးလည်း သေဆုံးသူတွေထဲမှာ ပါ၀င်တယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ဆိုပါတယ်။ ။
ဒီပါဟလ်ဂမ်တိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံအကြား ကာလရှည် အငြင်းပွားမှု၊ ပြိုင်ဆိုင်မှုတင်းမာမှုတွေ တခါပြန် အရှိန်တက်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။
အိန္ဒိယနိုင်ငံရဲ့ တုံ့ပြန်မှုဟာ ဒီသေနတ်သမားတွေကိုပဲ ပစ်မှတ်ထားတုန့်ပြန်တာထက် ကျော်လွန်မယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျ်နတ်ဆင်းကလည်း ပြောဆိုထားပါတယ်။
(စီစဉ် - ကိုနိုင် (မိုးမခ)၊ အသံ - နွေဦးလေပြေ (Radio NUG)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar