Breaking News

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေချိန် ကမ္ဘာကြီးမှာ ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်ပြန်

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၉ မြင်ကွင်း

မိုးမခ၊ ဧပြီ ၁၀ ၊ ၂၀၂၅


မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေချိန် ကမ္ဘာကြီးမှာ ကုန်သွယ်ရေးစစ်ပွဲတွေ ဖြစ်ပြန်

၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် နကိုက ငြိမ်းလုဖြစ်နေတဲ့ ပြည်တွင်းစစ်မီးအပေါ် လောင်စာတွေနဲ့ မီးတောက်တွေ အများအပြား ကျရောက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့ ပြည်တွင်းစစ်၊ ခေတ်သစ် မြန်မာနိုင်ငံသမိုင်းမှာ အသေအပျောက်၊ အပျက်အစီး အများဆုံး ပြည်တွင်းစစ် အဖြစ်ကို ရောက်ရှိလာနေပါတယ်။ 

မြန်မာနိုင်ငံလိုပဲ ပြည်တွင်းစစ်နဲ့ နိုင်ငံအချင်းချင်း ဖြစ်တဲ့စစ်တွေလည်း ကမ္ဘာမှာ ဟိုနားသည်နားမှာ ဖြစ်ပွားနေကြတာပါ။ မြန်မာနိုင်ငံထက် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုပိုမိုများပြားတဲ့ စစ်ပွဲတွေ၊ ဖျက်ဆီးနိုင်စွမ်း ပိုမိုကြီးမားတဲ့ လက်နက်တွေ အသုံးပြုပြီး ဖြစ်ပွားနေတဲ့ စစ်ပွဲတွေလို့ဆိုရင် ၂၀၂၂ ကစခဲ့တဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာ ပြည်သူပေါင်း ၁သိန်း ကျော် ပျက်စီးခဲ့ပြီး ၊ အစ္စရေးက ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသက ဟားမားစ်လက်နက်ကိုင်တွေကို နှိမ်နှင်းတယ်ဆိုတဲ့ အစ္စရေးလ်ရဲ့ တိုက်ခိုက်ချေမှုန်း ဖျက်ဆီးမှုနဲ့ သတ်ဖြတ်မှုတွေကကနေ ၂၀၂၃ ခုနှစ်ကစလို့ ပါလစ္စတိုင်းပြည်သူ ငါးသောင်းကျော် သေဆုံးခဲ့တာတွေဟာ မြန်မာနိုင်ငံက ပြည်တွင်းစစ်နဲ့ မနှိုင်းသာလောက်အောင် သေဆုံးထိခိုက်ပျက်စီးရ ငတ်ပြတ်ရတဲ့ ဒုက္ခတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။ 

ဒါတွေက လက်နက်နဲ့ တိုက်ခိုက်ကြတဲ့ တကယ့်အသက်တွေ ကြေးထပ်ကြတဲ့ စစ်ပွဲတွေ ဖြစ်ပြီး စီးပွားရေးအတွက် တနိုင်ငံနဲ့ တနိုင်ငံ အပြန်အလှန် အခွန်တွေ တိုးကောက်ကြ၊ ကန့်သတ်မှုတွေလုပ်ကြနဲ့ အကျိုးစီးပွားချင်း တိုက်ခိုက်ကြပြီး နှစ်ဖက် ထိခိုက်နစ်နာကြတဲ့ စစ်ပွဲတွေကိုတော့ ကုန်သွယ်ရေး စစ်ပွဲလို့ ခေါ်ဆိုကြပါတယ်။ 

သမ္မတ ထရန့်အာဏာရလာပြီးနောက် ကမ္ဘာနိုင်ငံ ၁၈၀ ကျော်လောက်ကို သွင်းကုန်အခွန် တိုးမြှင့်စည်းကြပ်ရာက ကုန်သွယ်ရေး စစ်ပွဲက အခု ဧပြီလဆန်း သီတင်းပတ်တွေမှာ စတင်ခဲ့ပြီဖြစ်ပါတယ်။ 

ခုရက်ပိုင်းမှာ ထရန့်က နာမည်ပေးထားတဲ့ “reciprocal သွင်းကုန်အခွန်စည်းကြပ်မှု”  ဂယက်က တနေ့ပြီးတနေ့ အရှိန်မြင့်တက်လာနေတာ ဖြစ်ပါတယ်။ လဆန်း ၃ ရက်နေ့မှာ ကြေညာတဲ့ သွင်းကုန်စည်းကြပ်ခွန် ပမာဏက အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ အနောက်ဥရောပ နိုင်ငံတွေ၊ ဥရောပ သမဂ္ဂ၊ ဂျပန်၊ တောင်ကိုးရီးယား အပါအဝင် ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေအပေါ် ချမှတ်ခဲ့ပါတယ်။ ချမှတ်ခံရတဲ့အထဲ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့မယ့် ကုန်ပစ္စည်းတွေအပေါ် ၄၄ ရာနှုန်း သွင်းကုန်ခွန် စည်းကြပ်ဖို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ အမေရိကန်ပြည်ထောင်စုကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေလို့ ဆိုရင် လက်ခစားချုပ်တဲ့ အထည်ချုပ်လုပ်ငန်းထွက်ကုန်တွေက အဓိကလို့ ဆိုနိုင်ပါလိမ့်မယ်။ အခုလို မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ ကာလ၊ လျှပ်စစ်မီး မရသလောက် အနေအထားကြောင့်လည်း အထည်ချုပ်လုပ်ငန်းတွေက နဂိုကတည်းက အခြေအနေ မကောင်းတဲ့ အပေါ် ကုန်သွယ်ခွန် ထပ်တိုးခံရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေ့ နောက်ဆုံး သတင်းတွေအရ ထရန့်က ကုန်သွယ်ခွန် ၅၄ ရာနှုန်းသတ်မှတ်ခဲ့လို့ တရုတ်နိုင်ငံက အမေရိကန်က တရုတ်နိုင်ငံဆီသွင်းမယ့် ကုန်တွေအပေါ် ၅၄ ရာနှုန်း သတ်မှတ်ထားရာက တရုတ်နိုင်ငံက လက်တုံ့ပြန်တယ်ဆိုတာကြောင့် နောက်ထပ် ၅၀ ရာနှုန်း ထပ်တိုးပြီး ၁၀၄ ရာနှုန်းအထိ ကောက်မယ်လို့ ထပ်ကြေညာခဲ့ရာမှာ တရုတ်နိုင်ငံဘက်ကလည်း  အမေရိကန်ပြည်ထောင်စုက တင်သွင်းလာမယ့် ကုန်တွေအပေါ် ၅၀ ရာနှုန်းထပ်တိုးမြှင့်ပြီး စုစုပေါင်း ၈၄ ရာနှုန်း ကောက်ဖို့ လက်တုံ့ပြန်လိုက်ပါတယ်။ 

ဥရောပသမဂ္ဂနိုင်ငံတွေကလည်း ၄င်းတို့အပေါ် အမေရိကန်ပြည်ထောင်စုက ကောက်ခံတဲ့ ရာနှုန်းအတိုင်း တုံ့ပြန်ကောက်ခံဖို့  ဆုံးဖြတ်လိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ် ကုန်ခါနီး ကြာသာပတေး သောကြာနေ့တွေမှာ ကုန်သွယ်ခွန်တိုးကောက်မှုတွေကြောင့် အမေရိကန်ရဲ့ စစ်ရေး၊ စီးပွားရေး မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ တောင်ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတို့က လက်တုံ့ပြန်ခြင်းမပြုဘဲ အမေရိကန်ပြည်ထောင်စုကို ညှိနှိုင်းဆွေးနွေးဖို့ အပေးအယူလုပ်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်နေတာလည်း သတင်းတွေမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ ဝါရှင်တန်ကို လာရောက်ကြသူတွေ နဲ့ လာရောက်ဖို့ ဆက်သွယ်တဲ့ ဂျပန်၊ တောင်ကိုးရီးယားတို့လို အလားတူနိုင်ငံတွေ ၅၀ လောက်ရှိတယ်လို့ ထရန့်အစိုးရဘက်က ဆိုပါတယ်။ ဆိုလိုချင်တာကတော့ သူ လုပ်ဆောင်တာ မှန်တာကြောင့် ဒူးထောက်လာကြရပြီဆိုတဲ့ သဘောလို့ ဆိုလိုတာဖြစ်ပြီး တဖက်အမြင်မှာတော့ တကမ္ဘာလုံးကို လှည့်ပတ်ရမ်းကားသူနဲ့ ဖက်ပြိုင်ဖြစ်ရင် အကျိုးမဲ့ ဖြစ်ကုန်မှာမို့ ဖက်ပြိုင် ရန်မဖြစ်ဘဲ ကျိတ်ညှိနှိုင်းကြမယ့် သဘောမျိုးလို့ ယူဆကြတာ ဖြစ်နိုင်ပါတယ်။ 

သိူ့သော်လည်း စတော့စျေးကွက်နဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအပါအဝင် အမေရိကန်ပြည်တခုလုံး သွေးပျက်ပြီး ဈေးကွက်တွေ ထိုးကျကုန်တာ ဆက်တိုက် ဖြစ်လာတာကြောင့် စာရေးနေချိန်မှာတင် အမေရိကန်သမ္မတ ထရန့်က ဘယ်တော့မှ နောက်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ ကြိမ်းဝါးခဲ့ရာကနေ ပြန် လေသံပျော့သွားပြီး တရုတ်ကလွဲလို့ ကျန်ကုန်သွယ်ဖက်နိုင်ငံတွေက နောက်တိုးခွန်တွေ ရက် ၉၀ ဆိုင်းငံ့တယ်လို့ ကြေညာလိုက်ပြန်ပါတယ်။

သေချာတာတခုကတော့ အမေရိကန် ပြည်ထောင်စုဟာ သူတို့မဟာမိတ်တွေအတွက် ယုံကြည်ကိုးစားရတဲ့ မဟာမိတ်နိုင်ငံတနိုင်ငံမဟုတ်ဘူးဆိုတဲ့ ကောက်ချက်က ၄င်းနဲ့ စစ်ရေး၊ စီးပွားရေး မဟာမိတ်နိုင်ငံတွေအများစုမှာ မှတ်ယူထားကြတဲ့ အချက်ဖြစ်ပါတယ်။ ဂျပန်၊ တောင်ကိုးရီးယား၊ ဂျာမနီ စတဲ့ နိုင်ငံတွေအနေနဲ့ စစ်ရေးအရ အမေရိကန် လက်နက်ကိုင်တပ်တွေ အများအပြားရှိနေသလို အမေရိကန်စစ်အခြေစိုက်စခန်းတွေလည်း အဆိုပါနိုင်ငံတွေမှာ ရှိနေတာဖြစ်ပါတယ်။ 

ဒီတော့ တကမ္ဘာလုံး ယောက်ယက်ခတ်ကုန်ကြတဲ့ ကုန်သွယ်ရေးစစ်ပွဲက မြန်မာနိုင်ငံကို ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာ အခုနေမှာတော့ တိတိပပ မပြောနိုင်သေးပေမယ့် အမေရိကန်သမ္မတ ထရန့်က စမွှေးလိုက်တဲ့ မီးကာ ကမ္ဘာရဲ့ စီးပွားရေးပျက်ကပ် အထိ သက်ရောက်စေနိုင်တယ်လို့ ဘောဂဗေဒ ပညာရှင်တွေ၊ စီးပွားရေးရင်းနှီးမြှုပ်နှံသူ၊ ဘဏ်လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ပို့ကုန် ဦစားပေးနိုင်ငံတနိုင်ငံ မဟုတ်သလို လတ်တလောနှစ်တွေမှာ ပြည်တွင်းစစ်မီးထဲ ကျရောက်နေတဲ့ နိုင်ငံ ဖြစ်လို့ ကမ္ဘာ့စီးပွားရေး တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတွေက တိုက်ရိုက်ကြီး သက်ရောက်မှု မရှိနိုင်ဘူးလို့ ယူဆမှုတွေလည်း ရှိကောင်း ရှိကြပါလိမ့်မယ်။

မြန်မာနိုင်ငံပြဿနာက တိုးတက်ဖို့ဆိုတာထက် တည်ငြိမ်မှု မရှိ၊ နဂိုကတည်းက ဆုတ်ယုတ်နေပြီးဖြစ်လို့ ကမ္ဘာ့စီးပွားပျက်ကပ်ဘေးက ဘယ်လောက် သက်ရောက်မှု ရှိနိုင်မလဲလို့လည်း ဆင်ခြေပေးကောင်း ပေးပါလိမ့်မယ်။ 

မြန်မာလူထုက ဒူပေနာပေ ခံနိုင်ရည်မြင့်ပြီးသား ဖြစ်လို့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ခဲ့ရင်တောင် ဒီလောက် ထိခိုက်စရာမရှိဘူးလို့ ထင်ကောင်းလည်း ထင်ကြပါလိမ့်မယ်။ အမှန်တော့ မြန်မာနိုင်ငံရဲ့ အဓိက ဝင်ငွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ သတ္တု၊ ရွှေ၊  တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေနဲ့ ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ နိုင်ငံသားတွေရဲ့ ပြန်ပို့တဲ့ငွေ အစရှိတဲ့ ဝင်ငွေရလမ်းတွေကို ထိခိုက်မှု သက်ရောက်မှုတွေ ရှိမှာ အသေအချာပင် ဖြစ်ပါတယ်။ 

နဂိုက စစ်ဘေးနဲ့ ထိခိုက် ပျက်စီးနေတဲ့ မြန်မာနိုင်ငံအဖို့ ကမ္ဘာ့စီးပွားပျက်ကပ် ကျရောက်ခဲ့ရင် အနည်းနဲ့အများ သက်ရောက်ထိခိုက်မှုရှိမှာ အသေအချာ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် ဆုံးရှုံးတာတွေ၊ ဝင်ငွေလျော့ကျတာတွေ၊ မြန်မာနိုင်ငံရဲ့ သယံဇာတ ပို့ကုန်၊ စိုက်ပျိုးရေးပို့ကုန်တွေ ဈေးနှုန်းကျဆင်းတာ၊ ဝယ်အား ကျဆင်းတာတွေနဲ့ ကြုံရနိုင်ခြေ ရှိပါတယ်။ 

ထရန့်ရဲ့ မွှေးတဲ့ ကမ္ဘာ့ ကုန်သွယ်ရေးစစ်ပွဲဆိုတဲ့ မီးက နိုင်ငံအသီးသီး ကူးစက်လောင်ကျွမ်းရာက တဆင့်  ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေး ကျဆင်းမှုမှာ မြန်မာနိုင်ငံလည်း အတိုင်းအတာများစွာ အကျိုးသက်ရောက်မှု ခံစားကြရမှာ အသေအချာပင် ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar