မိုးသိကြား - သား မှားပြီ
မိုးသိကြား - သား မှားပြီ
မိုးမခ ၊ ဧပြီ ၁၀ ၊ ၂၀၂၅
"သား မှားပြီ၊ မှားပြီ မေမေရဲ့
အာဏာဇောတွေကြွယ်
သမ္မတဖြစ်ရေး ဦးစားပေးမိတယ်၊
တုပ၍မရနိုင်သော
အစ်မကြီးစုလို စေတနာတွေရယ်
ဘယ်သူ ကူလို့ရမှာလဲ
အမေ့သားဘဝ ခွေးဖြစ်ပါပြီကွယ်
တူ့နှယ်တယ့်နှယ်တယ့်နှယ်.........."
"သံနေသံထားနဲ့ တယ်ဆွေးစရာပါလား ကိုဗမာရေ"
"မအလကိုယ်စား ဂုဏ်ပြုရသပေါ့ ကိုယူအက်စ်ရေ"
"ကျုပ်လည်း ဒီလူ့လောက် ကံဆိုးတာ ရှိ၊ ရှိပါလေရဲ့လား တွေးမိပေါ့သဗျာ၊ အာဏာသိမ်းလိုက်ပြီးကတည်းက၊ ဒင်းဂြိုဟ်ဆိုးတွေချည်း တွေ့နေရပါကောလား"
"အမှန်ပဲ ကိုယူအက်စ်ရေ၊ တကယ်ဆို၊ ရေဘေးတို့၊ ငလျင်ဘေးတို့ ဆိုသဟာ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် သဘာဝဘေးမို့ မလွှဲလာပေမဟုတ်လားဗျ၊ ဒီအချိန်သာ အမေစု အုပ်ချုပ်နေရင် ပြည်သူတွေကလည်း ဒီထက် ခွန်အားဖြစ်ကြမယ်၊ နိုင်ငံတကာ ဆိုတာတော့ဗျာ၊ ဆယ်ဆ ဆယ်ဆ ပိုပေမယ်မို့လား"
"သိပ်သေချာပေရဲ့ ကိုဗမာရေ၊ အာဏာရှင်ကို ကူညီတာမျိုးက၊ ပြည်သူ့အစိုးရမျိုးကို ကူညီတာနဲ့ ဘယ်မှာ ယှဥ်လို့ရပေမလဲ၊ ကျုပ် စိတ်ပူတာက ငလျင်ဘေးအလွန်မှာ ခင်ဗျားတို့ ပြည်သူတွေ အလွန်ကျပ်တည်း ဆင်းရဲတာတွေ ကြုံတော့မှာကို တွေးမိလေသဗျ"
"သန်းခေါင်အပြင် ညဥ့်နက် ကျန်သေးရော့လား၊ သိပါရစေဦးလေ"
"ဒီငလျင်ဘေးမတိုင်ခင်က ကျုပ် သတင်းတိုလေး တွေ့လိုက်ပေရဲ့ဗျို့၊ စကစဟာ ပြည်ပကြွေးမြီပေါင်း ဒေါ်လာဘီလီယံချီ တင်နေသဗျ၊ တိုင်းပြည် ကုန်ထုတ်လုပ်မှုတွေက ကျ၊ လောင်စာဆီဈေး မြင့်တော့ ကူးသန်းရောင်းဝယ်ရေးတွေ အကုန်အကျများသမို့ ဈေးတွေ တက်သပေါ့ဗျာ၊ နိုင်ငံခြားပို့ကုန်က သွင်းကုန်ထက် နည်းပြန်တော့လိုငွေက တပြပြမို့လား၊ ကိုင်း အခုလို ဘေးဒုက္ခကြုံလေပဟဲ့ဆို၊ ဒင်းတို့ဘာလုပ်တတ်မယ် ထင်လေသလဲ၊ ငွေစက္ကူတွေ အတားအဆီးမဲ့ ရိုက်ထုတ်ပေမယ် မဟုတ်လားဗျ၊ ဒီဒဏ်တွေ ခံရမှာက ပြည်သူအပေါင်းပေမို့၊ ကျုပ် အတော်ရင်လေးသဗျို့"
"မှန်ပေါ့ဗျာ၊ နဂိုကမှ ကုန်ဈေးနှုန်းတွေက တစ်နှစ် တစ်နှစ် ဆတိုးတက်နေမို့လား၊ အခု ငလျင်ဘေး ကြုံရတဲ့ ပြည်သူများအဖို့ အိမ်တစ်လုံး ပြန်ထူထောင်ဖို့ ဆိုသဟာ၊ ဒီကုန်စျေးနူန်းနဲ့ မတွေးရက်စရာပဲဗျို့၊ စကစကတော့ ဟန်ရေးပြပါလိမ့်မယ်ဗျာ၊ ဘိလပ်မြေလေး တစ်အိတ်၊ သွပ်လေး သုံး လေးချပ် မျှပြီး မီဒီယာကနေ လုပ်ပြပေဦးမယ်"
"ကျုပ်မတော့ ပြည်သူတွေဘက်က တုံ့ပြန်လာမယ့် လူထုအုံကြွမှုကြီးတစ်ရပ် မြင်နေမိသဗျာ၊ ဒီလောက် တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ အခုလို ရစရာမရှိအောင် ဆင်းရဲဒုက္ခမျိုးစုံကြုံရတဲ့အတွက် ဘယ်ပြည်သူမှ ဆက်သည်းခံနိုင်မယ် မထင်တော့ဘူးဗျ၊ စစ်မှုထမ်းဥပဒေနဲ့ မိဘတွေမှာ အလွန်ပဲစိတ်မချမ်းမြေ့ကြပေမို့လား၊ ပညာရေးကြည့်ကြည့်၊ အလုပ်အကိုင် အခွင့်အလမ်း ကြည့်ကြည့်၊ လူတန်းစေ့ နေနိုင်ရေး ဆိုသဟာ နှစ်ပေါင်းရာချီ နောက်ကျန်ရစ်ခဲ့ပြီလေ၊ ဒါတွေဟာ အင်မတန်ကြီးမားတဲ့ လူထုအုံကြွမှု မလွဲပေဘူး ကိုဗမာရဲ့"
"အင်း၊ အဲဒီအခါဆိုရင်ဖြင့် စောစောက ဆိုတဲ့ တေးသီချင်းလေး ပိုအသက်ဝင်ပေလိမ့်မယ်ဗျို့၊ ဒင်းကံကြမ္မာကို စောင့်ကြည့်ကြစို့ရဲ့ဗျာ"
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar