Breaking News

ငလျင်ဘေးဒဏ်ကနေ ဘယ်လို ပြန်လည်ရုန်းထကြမလဲ

မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၁၀ မြင်ကွင်း

မိုးမခ၊ ဧပြီ ၁၁ ၊ ၂၀၂၅


ငလျင်ဘေးဒဏ်ကနေ ဘယ်လို ပြန်လည်ရုန်းထကြမလဲ 

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းတိုင်းထဲမှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပျဥ်မနား၊ နေပြည်တော်၊ တောင်ငူနဲ့ ရှမ်းပြည်နယ်က အင်းလေးဒေသတို့က ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှု၊ နေအိမ်၊ ဘာသာရေးအဆောက်အဦ၊ စီးပွားရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဘယ်လောက်ထိ ရှိသလဲဆိုတဲ့ စာရင်းအင်းတွေ ငလျင်လှုပ်ပြီး ၁၃ ရက်လောက်ကြာမြင့်လာသည့်တိုင် စစ်အစိုးရ အနေနဲ့ ကောက်ယူနိုင်စွမ်း မရှိသေးပါဘူး။  

သေဆုံးသူ အရေအတွက်၊ ထိခိုက်ဒဏ်ရာရသူအရေအတွက်နဲ့ ပျောက်ဆုံးသူ အရေအတွက်တို့သာ အဓိက ထုတ်ပြန်နေတာတွေ့ရပြီး အဲဒီနောက် ဘာသာရေး အဆောက်အဦတွေ၊ နေအိမ်၊  ပျက်စီးတဲ့ကိန်းဂဏန်းတချို့လည်း ထုတ်ပြန်တာတွေ့ရပါတယ်။ အဲဒီစာရင်းတွေ အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေပမာဏလိုမျိုး မထုတ်ပြန်နိုင်သေးတာလည်း တွေ့ရပါတယ်။ 

အခုအချိန်ထိ နေပြည်တော် ဝန်ကြီးရုံးတွေ အပျက်အစီးအတိုင်း တွေ့မြင်နေရသလို စစ်အစိုးရ ဝန်ထမ်းမိသားစုတွေတောင် လမ်းနဘေးမှာ နေထိုင်နေရဆဲ ယာယီတဲနဲ့နေထိုင်နေကြရသူတွေ ရှိနေသေးတဲ့ အကြောင်း လူမှုကွန်ရက်တွေ သတင်းတွေမှာ ရေးသားထားကြတာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား အခုအချိန်ထိ ပြန်မလည်ပတ်နိုင်သေးဘူးလို့ဆိုရင် မှားမယ်မထင်ပါ၊ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ငလျင်ဘေးကို အကြောင်းပြုပြီး ရရှိလာတဲ့ အခွင့်အရေးကို အသုံးချဖို့ စိတ်စောနေကာ ၄င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ နေပြည်တော်က ဝန်ထမ်းတွေ အရေးပေါ် ကယ်ဆယ်ကူညီရေး ကို နောက်ထားပြီး နိုင်ငံတကာအစိုးရအချို့ရဲ့ ဝန်ကြီးတွေ၊ သံတမန်တွေနဲ့ ကုလသမဂ္ဂ အကြီးအကဲတွေကို ထိတွေ့ဆက်ဆံဖို့ကို ပိုမိုဦးစားပေးနေတာလည်း တွေ့မြင်ကြရပါတယ်။ 

ပျက်စီးဆုံးရှုံးမှုတွေက နိုင်ငံရဲ့ အသားတင် ကုန်ထုတ်လုပ်မှု GDP ပမာဏကို ကျော်လွန်နေတယ်လို့ အမေရိကန် USGS က ဂြိုဟ်တုမြေပုံတွေနဲ့ အခြားသော တွက်ချက်မှုကိန်းဂဏန်းတွေကို အခြေခံပြီးခန့်မှန်းထားပါတယ်။ အဆိုပါ ခန့်မှန်းချက် ပမာဏသာ မှန်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ အခုငလျင်ဘေးကနေ ပြန်လည်ရုန်းထဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေမှာ အမှန်ဖြစ်ပါတယ်။ 

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပွားတဲ့ မြို့တွေက မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပလိပ်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ပျဥ်းမနား၊ နေပြည်တော်၊ အင်းလေးနဲ့ တောင်ငူတို့ ဖြစ်ကြပါတယ်။ လူဦးရေ သောင်းဂဏန်းကနေ သိန်း၊ သန်းနဲ့ချီ ရှိတဲ့ အဆိုပါ မြို့တွေအပြင် အနီးအနားကျေးရွာတွေ၊ တိုက်နယ်မြို့လိုတွေလည်း ထိခိုက်မှု ပျက်စီးမှု များပြားခဲ့ပါတယ်။ 

ဒီမြို့တွေအားလုံးဟာ စစ်ကောင်စီ ထိန်းချုပ်မြို့တွေ ဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက PDF ထိန်းချုပ်နယ်မြေတွေမှာ ထိခိုက်ပျက်စီးမှုက အထက်ဖော်ပြပါ မြို့တွေလောက် မကြီးမားတာလည်း တွေ့ရပါလိမ့်မယ်။ အချို့သော ကျေးရွာတွေက တဖက်ဖက်က သတ်သတ်မှတ်မှတ် ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုးမဟုတ်တဲ့ ဒေသတွေလည်း ရှိနေကြတာပါ။ 

စစ်ကောင်စီ အနေနဲ့ ငလျင်ဘေးကနေ ပြန်လည်ထူထောင်ရေးနဲ့ ပြည်တွင်းစစ်ပွဲမှာ အနိုင်ရရေး နှစ်ခုအနက် ဘယ်အရာကို ပိုဦးစားပေးမလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ လက်ရှိ အနေအထားအရ ပြည်တွင်းစစ်မှာ အသာစီးရရေးကို ပိုပြီးအာရုံစိုက်လုပ်ဆောင်နေတာ တွေ့ရမှာပါ။ ငလျင်ဘေး ကျရောက်ပြီး တဖက်သတ် အပစ်ရပ်မှုကို ပထမဆုံး ကြေညာခဲ့တာက NUG အစိုးရ ဖြစ်ပါတယ်။ အဲဒီနောက် ရက်အနည်းငယ်အကြာ ဧပြီလ ၂ ရက်နေ့မှာမှ တဖက်သတ် ထိုးစစ်ရပ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြီးလှုပ်ပြီး နောက်ရက်တွေမှာတောင် ငလျင်ဒဏ်ခံရတဲ့ ဒေသ မဟုတ်တဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တာ တွေ့ရပါတယ်။ 

NUG ၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ စစ်ကောင်စီ နဲ့ ကေအိုင်အေတို့က အသီးသီး တဖက်သတ် အပစ်ရပ်တာ၊ ထိုးစစ်ရပ်တာတွေ ကြေညာကြပေမယ့် လက်တွေ့မြေပြင်မှာတော့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ 

အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက ငလျင်ဘေးကျရောက်တဲ့ ဒေသတွေ မဟုတ်ပေမယ့် ငလျင်ဘေးဒဏ်ခံရတဲ့ ဒေသတွေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နောင်ချိုမြို့နယ်လို ဒေသက မန္တလေးတိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်က မြို့နယ်ဖြစ်ပါတယ်။ 

ငလျင်ဘေးကျရောက်တဲ့ ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးသွားတဲ့ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ အခြားသော အများပြည်သူဝန်ဆောင်မှု ဆိုင်ရာ အဆောက်အဦတွေ၊ ထိခိုက်ပျက်စီးသွားတဲ့ ပစ္စည်းတွေ ပြန်လည်အစားထိုးဖို့ က ပြည်တွင်းစစ် စရိတ်နဲ့ မွဲပြာကျနေတဲ့ စစ်ကောင်စီအစိုးရအနေနဲ့  တတ်စွမ်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ရှိနေတာပါ။ သယံဇာတနဲ့  စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ အခွန်အကောက်က ရတဲ့ ဝင်ငွေတွေက စစ်ပွဲတိုက်ခိုက်တဲ့ အသုံးစရိတ်မှာ ဦးစားပေးသုံးစွဲနေတာပါ။  

ငလျင်ဘေးကျရောက်မှုအတွက် သီးခြားရန်ပုံငွေ အသုံးစရိတ်တွေ အခုချိန်ထိ သတ်မှတ်တာ၊ ကြေညာတာတွေ မတွေ့ရသေးပါဘူး။ ငလျင်ဒဏ်ကြောင့် အသက်သေဆုံးရသူတွေ ကို တဦးလျှင် ၁၀ သိန်းစီထောက်ပံ့မယ့် အစီအစဥ်ကိုသာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့တာ တွေ့ရပါတယ်။ 

နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့အစည်းတွေ အနေနဲ့ အကူအညီတွေ ပစ္စည်းအနေနဲ့ ပေးအပ်ကြတာလည်း သတင်းတွေမှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့ငလျင်ဘေးနဲ့ ပတ်သက်လို့ အကူအညီပေးမယ့် ပမာဏက ၁၃၆ သန်း ဝန်းကျင်ရှိကြောင်း သတင်းတွေမှာ တွေ့ရှိရပါတယ်။ ဧပြီလ ၁၁ ရက် နေ့စွဲနဲ့ တရုတ်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တရုတ်နိုင်ငံ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ CIDCA က မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ ယွမ်ငွေ ၁ ဘီလျံ ပံ့ပိုးပေးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြန်လည်ထူထောင်ရေးနဲ့ ဘေးအန္တရာယ်လျှော့ချရေးတွေမှာ ဒီပံ့ပိုးငွေတွေကို သုံးမယ်လို့ ဆိုပါတယ်။ ဆေးဝါး၊ ဆေးကုသရေးအဖွဲ့တွေ၊ ကာကွယ်ဆေး စတဲ့ အပိုင်းတွေအပြင် ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ ယဥ်ကျေးမှုဆိုင်ရာ အဆောက်အဦတွေ ပျက်စီးမှုကို စစ်ဆေးတာ၊ ပြန်လည်ပြင်ဆင်တာတွေမှာ သုံးစွဲမယ်လို့ ဖော်ပြထားပါတယ်။ 

ကန်ဒေါ်လာ ၁၃၆ သန်း ဝန်းကျင်နဲ့ ညီမျှတဲ့ တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုဟာ မြန်မာနိုင်ငံကို ကူညီရာမှာ နိုင်ငံ တနိုင်ငံချင်း အနေနဲ့ အများဆုံးပမာဏ ဖြစ်ပါလိမ့်မယ်။ 

ကမ္ဘာမှာ ကုန်သွယ်ရေး စစ်ပွဲတွေ ဖြစ်ပွားနေချိန် မြန်မာ့ငလျင်ဘေးကနေ ပြန်လည်ထူထောင်ရေး အကြောင်းအရာဟာ စိတ်ဝင်စားမှုများများစားစား ရရှိဖို့ မလွယ်ကူလှပါဘူး။ အမေရိကန် သမ္မတ ထရန့်က လက်မှတ်ထိုး ထုတ်ပြန်တဲ့ မျှော်လင့်မထားတဲ့ သွင်းကုန်စည်းကြပ်ခွန်ပမာဏတွေကြောင့် နိုင်ငံအသီးသီးက ပြဿနာကျရောက်နေကြချိန်မှာ မြန်မာ့အရေးဟာ မှေးမှိန်လာနိုင်စရာလည်း ရှိနေတာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ အနေနဲ့ ၄င်းရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ၄င်းတို့ နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖြစ်တဲ့ မြန်မာနိုင်ငံကို အခုလို အခက်အခဲကျရောက်ချိန် အကူအညီပေးမှုတွေနဲ့ စည်းရုံးသိမ်းသွင်းကာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဝေးအောင် ကြိုးပမ်းတဲ့ ရည်ရွယ်ချက်ရှိနေမှာ သံသယဖြစ်စရာ မလိုတဲ့ အချက် ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar