Breaking News

ကောင်းဇေလူ - မြန်မာ့အရေးသည် ပြည်တွင်းစစ် မဟုတ်၊ တော်လှန်ရေး ဖြစ်သည်၊ ရှီကျင့်ဖျင်အစိုးရ "မြန်မာမူဝါဒ" ပြင်စေလိုသည်

မြန်မာ့အရေးသည် ပြည်တွင်းစစ် မဟုတ်၊ တော်လှန်ရေး ဖြစ်သည်၊ ရှီကျင့်ဖျင်အစိုးရ "မြန်မာမူဝါဒ" ပြင်စေလိုသည်

ကောင်းဇေလူ 

မိုးမခ ၊ ဧပြီ ၃၀ ၊ ၂၀၂၅

တရုတ်နှင့် ပတ်သက်သော မှတ်သားစရာ သမိုင်းဝင် သင်ခန်းစာတခု မှတ်သားဖူးသည်။ ဦးနု၏ တာတေ စနေသား၌ ဖော်ပြထားသည်။

၁၉၄၉ ခုနှစ်တွင် တရုတ်ကွန်မြူနစ်တို့ အောင်ပွဲခံရန် နီးကပ်လာချိန် ရောက်လာသည်။ ထိုအချိန်၌ ဆိုဗီယက်ကွန်မြူနစ်ခေါင်းဆောင် စတာလင်က တရုတ်ခေါင်းဆောင်များကို မော်စကိုသို့ ဖိတ်ကြားခဲ့သည်။ စတာလင်က မော်စီတုံးတို့အနေဖြင့် ချန်ကေရှိတ်ကို ယန်စီမြစ်ဝှမ်းအထိသာ တိုက်ထုတ်ရန် သြဝါဒပေးခဲ့သည်ဟု ဆိုသည်။ ယန်စီမြစ်ဝှမ်းတောင်ပိုင်းတွင် ချန်ကေရှိတ်အဖွဲ့အား နေခွင့်ပေးလိုက်ပါဟု ညွှန်ကြားခဲ့သည်။ တရုတ်ကွန်မြူနစ်များ တပြည်လုံးကို သိမ်းနိုင်ပါက အလွန်အင်အားကြီးသွားပြီး ရုရှားကွန်မြူနစ်တို့ သြဇာအောက်က လွတ်မြောက်သွားမည်ကို စိုးရိမ်သဖြင့် ထိုသို့ စတာလင်က ညွှန်ကြားခဲ့သည်ဟုဆိုသည်။ ဆိုဗီယက် ရုရှား၏ အကြံကို တရုတ်တို့က ရိပ်မိကြသည်။ စတာလင်ရှေ့တွင် အလိုက်အထိုက် ငြိမ်နေခဲ့ပြီး တရုတ်ပြည်သို့ ပြန်ရောက်သောအခါ ချန်ကေရှိတ်တပ်များကို ပြည်မကြီးမှ အပြီးအပိုင် မောင်းထုတ်ခဲ့ကြသည်။ စတာလင်၏ သြဝါဒကို မော်စီတုံးက အိမ်သာထဲ ပစ်ချလိုက်သည်ဟူ၏။

ယခုအခါ မော်စီတုံး၏ စတာလင်အား ဆန့်ကျင်ခဲ့သည့် စံနမူနာကို မြန်မာတော်လှန်ရေးသမားတို့ ယူသင့်ကြပေသည်။ တရုတ်ဇာတ်ညွှန်းအတိုင်း တော်လှန်ရေးကို တွန့်ဆုတ် တွန့်ဆုတ် လုပ်နေကြရမည့်အချိန် မဟုတ်ပေ။ စတာလင်၏ သြဇာကို မော်စီတုံး ဆန့်ကျင်ခဲ့သလို မြန်မာတော်လှန်ရေးသမားတို့လည်း  'ရှီကျင့်ဖျင်' (Xi Jinping)၏ သြဇာပေးခြိမ်းခြောက်လာမှုကို ရဲရဲဝံ့ဝံ့ အိမ်သာထဲ ပစ်ချလိုက်သင့်ပြီ ဖြစ်သည်။

စစ်ကောင်စီနှင့် MNDAA ကိုယ်စားလှယ်တို့သည် ၂၀၂၅ ဇန်နဝါရီလ ၁၆ နှင့် ၁၇ ရက်များတွင် တရုတ်နိုင်ငံ ယူနန်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများအရ သိရှိခဲ့ကြပြီးဖြစ်သည်။ အဆိုပါ တွေ့ဆုံမှုအပြီး "နှစ်ဦးနှစ်ဖက် သဘောတူအပစ်ရပ်လိုက်ပြီဖြစ်သည်" ဟု တရုတ်နိုင်ငံက ကြေညာပေးခဲ့သည့် ဖြစ်စဉ်မှာ သံသယဖြစ်စရာ ကောင်းလှသည်။ MNDAA ခေါင်းဆောင်ပိုင်း မိသားစုဝင်တချို့ ယူနန်၌ ထိန်းသိမ်းခံနေရကြောင်း သတင်းများကြောင့် ဖြစ်သည်။ MNDAA သည် အခြားတော်လှန်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ထို့နောက် ၆ လကျော်အကြာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားဖြင့် လားရှိုးကို ထိန်းကျောင်း အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ ဖိအားပေး အကျပ်ကိုင်မှုများကြောင့် ဧပြီလ ၂၁ ရက်တွင် လားရှိုးမြို့မှ ၎င်းတို့၏ တပ်များကို ဆုတ်ခွာပေးရမည့်အကြောင်း MNDAA နှင့် နီးစပ်သည့် သတင်းရပ်ကွက်များထံမှ ကြားသိခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင် တရုတ်၏ ကမကထပြုမှုကြောင့် ကိုးကန့်တပ်-MNDAA နှင့် စစ်ကောင်စီတို့ လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေသခံများထံမှ သတင်းထွက်ပေါ် လာသည်။ လားရှိုးမြို့သို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးတစ်ခုကိုလည်း လားရှိုးတွင် ဖွင့်လှစ်သွားမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် အဆိုပါဆွေးနွေးပွဲရလဒ်များနှင့် ပတ်သက်၍ MNDAA နှင့် စစ်ကောင်စီတို့မှ တစ်စုံတစ်ရာ ထုတ်ပြောဆိုခြင်း မရှိခဲ့ပေ။

မြန်မာဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျင်း လားရှိုးမြို့သို့ ရောက်နေပြီး စစ်ကောင်စီကို အုပ်ချုပ်ရေးယန္တရား လွှဲပြောင်းပေးမည်ဟု စစ်တပ်နှင့် နီးစပ်သူများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များဘက်ကပါ အတည်ပြုပြောကြသည်ဟု ဘီဘီစီက သတင်းဖော်ပြခဲ့သည်။ စစ်တပ်နှင့် ကိုးကန့်တပ်(MNDAA)တို့ကြား အပစ်ရပ်ကတိကို တရုတ်က ကြားဝင်စေ့စပ်ခဲ့သည်ဟု ဆိုကြသည်။

အမှန်မှာ တရုတ်၏ အကျပ်ကိုင် ဖိအားပေးခံရမှုကြောင့် MNDAA လားရှိုးမြို့မှ ဆုတ်ခွာခဲ့ရသည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်တို့က အတည်ပြုထားသည်။ ဧပြီ ၂၁ ရက်မှာ ကိုးကန့်တပ်ဖွဲ့ဝင်အားလုံး လားရှိုးမြို့၏ အုပ်ချုပ်ရေးတာဝန်မှ ထွက်ခွာခဲ့ရသည်။ မြို့ထဲ၌ ကိုးကန့်အလံများ ဖြုတ်သိမ်းခံခဲ့ရသည်။ မြန်မာနိုင်ငံအလံတစ်ခုတည်းသာ လွှင့်ထူထားသည်ဟု သတင်းများအရ သိရသည်။ တရုတ်အထူးသံတမန် တိန့်ရွှီကျင်းအဖွဲ့သည် လားရှိုးမြို့လယ်အနီးရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တည်းခို၍ အုပ်ချုပ်ရေးယန္တရား ချောမွေ့စွာ လွှဲပြောင်းရေး ဦးဆောင်လုပ်မည့်သဘောဟု ဆိုကြသည်။

လားရှိးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းရသည့် ကိစ္စနှင့် ပတ်သက် ၍ စစ်ကောင်စီဘက်နှင့်  ကိုးကန့်တပ်ဘက်ကပါ တရားဝင်ထုတ်ပြောကြားမှု မရှိသေးပေ။

''တရုတ် ဦးဆောင်တဲ့ပုံစံက ကိုးကန့်တပ်တွေ လားရှိုးမြို့ကနေ စနစ်တကျဆုတ်ခွာနိုင်ရေးနဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့အတွက် ကောင်စစ်ဝန်ရုံးခွဲ အထိဖွင့်လှစ်ပြီး ဆက်လက်စောင့်ကြည့်မှာမျိုး'' ဟု လားရှိုးသတင်းရင်းမြစ်တစ်ဦးက သူ သိထားသရွေ့ကို ကိုးကားပြီး ရှင်းပြခဲ့သည်ဟု ဘီဘီစီက ဆိုသည်။

မြောက်ပိုင်းတပ်ဖွဲ့များနှင့် နီးစပ်သည့် အခြား သတင်းရင်းမြစ်တစ်ဦးက "စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားတဲ့ ဒီဇင်ဘာလ မရောက်ခင် ကြားကာလမှာ လက်ရှိအပစ်ရပ်ခိုင်မာရေးကို တရုတ်က အားထည့်လုပ်နေတာ"  ဟုပြောသည်။

''တရုတ်သဘောကတော့ နှစ်ဖက်လုံးက အခုကာလမှာ Ceasefire Status(အပစ်ရပ်အနေအထား)နဲ့ပဲ ဆက်နေကြ၊ ရွေးကောက်ပွဲပြီးသွားတဲ့နောက်မှပေါ်လာတဲ့ အခင်းအကျင်းကျမှ နိုင်ငံရေးအရ ညှိလို့ရမယ်ဆိုတဲ့ မိုဒယ်(ပုံစံ)ကို တရုတ်က သွားခိုင်းတာ'' လို့ တရုတ်အစိုးရနှင့် နီးစပ်သည့်  ဘီဘီစီ၏ သတင်းရင်းမြစ်က အစောပိုင်း သူသိထားသော အချက်ကို ရှင်းပြခဲ့ကြောင်း သိရသည်။  

၂၀၂၄ (အောက်တိုဘာ ၈ရက်)က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ မြန်မာ့ပြည်တွင်းရေးကို ဒေသတွင်းနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုထင်ထားသည်ထက်ပိုမိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။ ၂၀၂၄ အတွင်းက တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်ကို အားပေးထောက်ခံကြောင်း၊ တိုင်းရင်းသား တပ်ဖွဲ့များနှင့် တွေ့ဆုံစဉ် တရုတ်ကိုယ်စားလှယ်က ပြောဆိုဆွေးနွေးခဲ့သည့် အစည်းအဝေး မှတ်တမ်းပေါ်ထွက်လာချိန်တွင် ယာယီသမ္မတက ထိုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပြည်တွင်းရေးကိစ္စအပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင် ဖြစ်လာတာ တွေ့ရတယ်။ ဒေသတွင်းနိုင်ငံတွေဟာ လောလောဆယ်အားဖြင့် ပြည်တွင်းက လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို့ ကြိုးစားတယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

လက်ရှိဖြစ်ရပ်များသည် နိုင်ငံအတွင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်ပြီး ပံ့ပိုးလာသည့် စစ်အာဏာရှင်စရိုက်များ၏ စုပြုံအကျိုးပေးမှုကြောင့် ဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောသည်။ တရုတ်သည် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို စာပို့ခြိမ်းခြောက်ခြင်း၊ စစ်ပွဲရပ်ရန် ဖိအားပေးခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ 'ရှီကျ့ဖျင်' တရုတ်အစိုးရသည် တအာင်းတပ်(TNLA)ကို စစ်ပွဲ ချက်ချင်းရပ်ရန်နှင့် မရပ်ပါက "ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများ အသုံးပြုမည်" ဟု ခြိမ်းခြောက်ခဲ့ခြင်းမျိုးအထိ ဖြစ်ခဲ့သည်။ တအာင်းတပ်မတော်(TNLA)က တရုတ်၏ ဖိအားပေးမှုကို လက်မခံဘဲစစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နွှဲ လျက်ရှိသည်။

၃ ဖွဲ့ထဲက တဖွဲ့ကို သံတမန်စည်းမရှိတဲ့ စာနဲ့ဖိအားပေးတာ။ စိန သရုပ်မှန်ပြချင်လို့ အစည်းအဝေးမှတ်တမ်း လိုင်းပေါ်တင်လိုက်တာအားလုံး အမှန်ပါပဲ။” ဟု စာသားပါဝင်သည့် စာစု တစ်ခုကို TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြဿနာဖြစ်ခဲ့သော ရက်ပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့ကြောင်း People’s Spring သတင်းများကဆိုသည်။

လတ်တလော လူထုသဘောထားများကို နည်းလမ်းမျိုးစုံဖြင့် ဖော်ပြလာကြသည်ကို သတိပြုသင့်သည်။ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့များ၊ ဒေသခံပြည်သူများက ယခု(ဧပြီ ၂၇) တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်လှုပ်ရှားမှုများအသီးသီး ပြုလုပ်ခဲ့ကြသည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကျေးရွာပေါင်းစုံလူထုသပိတ်ဦးဆောင်ကော်မတီနှင့် ဒေသခံရွာသူ/သားများ ပူးပေါင်းကာ ကျဆုံး ရဲဘော်ဖိုးချမ်း၏ အာဇာနည်ဂူဗိမာန် ရှိရာသို့ သွားရောက် အလေးပြုခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းတွင်လည်း "သွေးမအေးတဲ့ရွှေနွယ်သွေး" သပိတ်စစ်ကြောင်းသည် နယ်မြေမတည်ငြိမ်သည့်ကြားက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်ခဲ့ကြသည်။ အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာ၌လည်း "အောင်လံလွှင့်မည် ဒေါင်းသွေးနီ" သပိတ်စစ်ကြောင်းက "မတရားသည့် စစ်မှုထမ်းဥပဒေ" နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြရန် လှုံဆော်ဆန္ဒပြခဲ့ကြသည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံတော်လှန် ပြည်သူများသည် တိုက်ပွဲများဖြစ်နေသည့် ကြားထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များကို နေ့စဉ် ပြုလုပ်နေကြသည်။ ယင်းပြည်သူလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များသည် စစ်အာဏာရှင်စနစ်အား ထောက်ကူပံ့ပိုးနေသည့် တရုတ်အစိုးရကိုလည်း သတိပေးနေခြင်းဖြစ်သည်။ နိုင်ငံတကာရှိ တရုတ်သံရုံးများ၏ ရှေ့တွင်လည်း ပြည်ပရောက် မြန်မာများက မြန်မာ့အရေး၌ တရုတ် စွက်ဖက် ဖိအားပေးမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာ့ပြည်တွင်းရေးကို အလွန်အကျူး ဝင်ရောက် စွက်ဖက်လာနေသော "ရှီကျင့်ဖျင်တရုတ်အစိုးရ" အားလည်း ပြည်သူအများက အလွန်စိတ်ဆိုး‌ဒေါသဖြစ်နေကြပေသည်။

မြန်မာပြည်သူများ အထူးစိတ်ပျက်ကြရသည့် အချက်မှာ ပြည်သူများအား စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်နေမှုများအပေါ်  တရုတ်နှင့် အာဆီယ့နိုင်ငံများက လုံးဝကန့်ကွက်မှုမပြုဘဲ နှုတ်ပိတ်နေကြသည့် ကိစ္စဖြစ်သည်။ ငလျင်လှုပ်ခတ် မှု ဖြစ်သည့် (မတ်လ ၂၈ ရက်မှစ၍ ဧပြီလ ၂၄ ရက်အထိ) စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၄၀၊ လက်နက်ကြီးပစ်ခတ်မှု  ၂၄ ကြိမ် အပါအဝင် တိုက်ခိုက်မှု အနည်းဆုံး ၂၀၇ ကြိမ် ရှိခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်ရေးရုံး က ထုတ်ပြန်ထားသည်။

အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာသည့် ဧပြီ ၂ ရက်က စ၍ တိုက်ခိုက်မှု ၁၇၂ ကြိမ်ရှိခဲ့သည်။  ၇၃ ကြိမ်က ငလျင်ဘေးသင့် ဒေသတွေမှာ ဖြစ်ပွားခဲ့သည်ဟု ကုလ က ဆိုသည်။

ဧပြီလ ၂ ရက်မှ ၁၈ ရက်အတွင်း စစ်ကောင်စီသည် တစ်ရက်လျှင် ပျမ်းမျှ လေယာဉ် သို့မဟုတ် ဒရုန်းတိုက်ခိုက်မှု ၉.၇ ကြိမ်ပြုလပ်ခဲ့သည်။ နေ့စဉ် လူ ၆ ဦးထက်မက သေဆုံးခဲ့ကြောင်း၊ ဤကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အပစ်အခတ်ရပ်စဲရေးမှာ စစ်ရေးလှုပ်ရှားမှုအားလုံးကို ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများ  ပံ့ပိုးပေးရန် ဖြစ်သည်။ သို့ သော်လည်း ယင်းသို့ ပံ့ပိုးမှုများ ဖြစ်မလာပါဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး လူ့အခွင့်အရေးကိုယ်စားလှယ် James Rodehaver က ပြောသည်။

စစ်ကောင်စီက ငလျင်ကြောင့် အပစ်အခတ်ရပ်စဲခဲ့သော ဧပြီလ ၂ ရက်မှ  ၂၂ ရက်အတွင်း ကရင်ပြည်နယ်တွင် ဝေဟင်မှ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၂၀ သေဆုံးခဲ့ရကြောင်း "ကရင်အမျိုးသားအစည်းအရုံး" (KNU) ဧပြီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲရေးကြေညာချက်သည် နိုင်ငံတကာအဖွဲ့အစည်းများအား လှည့်ဖျားခြင်းဖြစ်သည်။ အမှန်မှာ နိုင်ငံတကာ ထံမှ အကူအညီရရန် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့ရွာများရှိ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အဆက်မပြတ်လုပ်ဆောင်နေကြောင်း KNU ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ အပစ်ရပ် ကတိကဝတ်များကို အထပ်ထပ် အပြန်ပြန်ချိုးဖောက်နေသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို "ရှီကျ့ဖျင် တရုတ်အစိုးရ"နှင့် အာဆီယံနိုင်ငံများထံမှ ကန့်ကွက်ရှုတ်ချမှု လုံဝ မလုပ်ကြသည်မှာ အလွန် စိတ်ပျက်ဖွယ်ဖြစ်သည်။ တရားမျှတမှုကို မျက်ကွယ်ပြု၍ မတရားသဖြင့် အကြမ်းဖက်နေသည့် စစ်အုပ်စုကို "ရှီကျင့်ဖျင် တရုတ်အစိုးရ" က စစ်ရေး၊ နိုင်ငံရေးအရ ထောက်ခံ ပံ့ပိုးနေခြင်းသည် မြန်မာပြည်သူတို့အား စော်ကားမော်ကားပြုခြင်းဟု ဖော်ပြနေပေသည်။

လက်ရှိ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် အနေဖြင့် သူ့ရှေ့က တရုတ်နိုင်ငံခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping) ၏ စကားကို ပစ်ပယ်လိုက်ပြီလားဟု မေးခွန်းထုတ်ရပေလိမ့်မည်။

"တရုတ်နိုင်ငံအနေနဲ့ မဟာအင်အားကြီးနိုင်ငံ၊ မင်းဆိုးမင်းညစ် အုပ်ချုပ်တဲ့နိုင်ငံ၊ ဖိနှိပ် ဗိုလ်ကျ စိုးမိုးတဲ့နိုင်ငံ၊ မတရားအမြတ်ထုတ် အညွန့်ခူးစားတဲ့နိုင်ငံအဖြစ် အသွင်ပြောင်းသွားခဲ့မယ်ဆိုရင် နိုင်ငံတကာ ပြည်သူတွေအနေနဲ့ တရုတ်ပြည်သူတွေနဲ့ လက်တွဲကာ နယ်ချဲ့ဝါဒကျင့်သုံးတဲ့ နိုင်ငံအဖြစ် ဖော်ထုတ်ဖွင့်ချ တွန်းလှန်ပစ်ကြဖို့လိုကြောင်း" - ၁၉၇၄ ကုလအထူးညီလာခံမှာ တိန့်ရှောင်ဖိန် က ပြောကြားခဲ့ဖူးသည်။  ရှီကျင့်ဖျင် သတိမေ့နေဖွယ်ရှိသဖြင့် ဤနေရာမှနေ၍ သတိပေးလိုက်ရပေသည်။  

စစ်ကောင်စီ ကျူးလွန်နေလျှက်ရှိသော  ရာဇဝတ်မှုများ အဓမ္မစစ်သားစုဆောင်းမှုများကြောင့် မြန်မာပြည်သူတို့၏ လူမှုစီးပွားဘဝ အလွန်အမင်းထိခိုက်ပျက်စီးနေသည်။ ပြည်တွင်းမှာွင်မက  ပြည်ပနိုင်ငံများအထိ  နေရပ်စွန့်ခွာမှု စစ်ဘေးရှောင်မှုများ တိုးတက် များပြားလာနေသည်။ အာဆီယံဒေသတွင်း မတည်ငြိမ်မှုများ တိုးပွားလာနေပြီး အခြေအနေ ပိုမိုဆိုးရွားနေသည်။ မြန်မာပြည်သူများ လက်ရှိ ခံစားနေရသည့် ဆင်းရဲဒုက္ခများ ကို အမြန်ဆုံးကုစားနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအင်အားစုများ၏ တော်လှန်ရေးအား ထိထိရောက်ရောက် ထောက်ခံ ပံ့ပိုးကူညီပေးသင့်သည်ဟု တိုက်တွန်းလိုသည်။

မြန်မာနိုင်ငံတွင် မျက်မှောက် ဖြစ်ပွားနေသော  ပဋိပက်ခများသည်  ပြည်တွင်းစစ် မဟုတ်ပါ။ ခေတ်စနစ်ကို ပြုပြင်ပြောင်းလဲလိုသည့် မျိုးဆက်သစ်လူငယ်တိုံ၏ "တော်လှန်ရေး" (နွေဦးတော်လှန်ရေး) ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို မလိုလားတော့၍ တွန်းလှန်နေသော တော်လှန်ရေးဖြစ်သည်။ တရုတ်အစိုးရက သတ်မှတ်ပြောဆိုနေသကဲ့သို့ "ပြည်တွင်းစစ်" မဟုတ်ပါ။ မြန်မာနိုင်ငံ၏  ပြည်တွင်းရေးဖြစ်စဉ်ကို ရှီကျင့်ဖျင်-ဝမ်ယီအစိုးရက လမ်းပြမြေပုံဆွဲကာ ဖိအားပေး ပုံစံချပေးခြင်းကို အလိုမရှိပါ။ အိမ်နီးချင်းကောင်း ပီသလိုလျှင် မြန်မာပြည်သူလူထု၏ လိုလားတောင်းဆိုချက်များကို သိအောင်လုပ်ပါ။ မြန်မာပြည်သူတို့၏ သဘောထားကို မျက်ကွယ်ပြ၍ တရုတ်အစိုးရက ဗိုလ်ကျလွှမ်းမိုး ဖိအားပေးကာ အကျပ်ကိုင်ပါက မြန်မာပြည်သူတို့၏ ဆန့်ကျင်မှုနှင့် မုချတွေ့ကြုံနိုင်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် လုပ်သင့်သည်မှာ "နွေဦးတော်လှန်ရေး" ကို အသိအမှတ်ပြုပါ။ စစ်ကောင်စီကို ရုပ်သေးအစိုးရအဖြစ် ပုံစံသွင်းကာ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးခြင်း မပြုပါနှင့်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေသည်မှာ "နွေဦးတော်လှန်ရေး" ဖြစ်သည်။ ပြည်တွင်းစစ် မဟုတ်ပါ။ တော်လှန်ရေး တရပ်ကို မတားဆီးစေလိုပါ။ 

လက်ရှိတော်လှန်ရေးသည် ဂျင်နရေးရှင်း ဇက် (Generation Z) တို့၏ မျိုးဆက်တော်လှန်ရေးဖြစ်သည်။ သို့ဖြစ်၍ ဤတော်လှန်ရေးသည် သူ့ရည်မှန်းချက် မပြည့်မချင်း ရပ်မည်မဟုတ်ပါ။ အရှိန်အဟုန် မြင့်သည်ထက် မြင့်လာရန်သာ ရှိသည်။ မြန်မာတို့အနေဖြင့် အိမ်နီးချင်း တရုတ်နှင့် ရန်မဖြစ်လိုပါ။ ရှီကျင့်ဖျင်အစိုးရအနေဖြင့် တိန့်ရှောင်ဖိန် (Deng Xiaoping) ၏ စကားကို မပစ်ပယ်စေလိုပါ။ နယ်ချဲ့ဝါဒကျင့်သုံးသော တရုတ်နိုင်ငံအဖြစ် ဖော်ထုတ်ဖွင့်ချ မခံရစေလိုပါ။ နွေဦးတော်လှန်ရေးကို မထောက်ခံလိုလျှင် နေပါ။ အကြမ်းဖက်စစ်အုပ်စုကို စစ်ရေး နိုင်ံငံရေး အကူအညီပေးခြင်းများ ရပ်ဆိုင်းက်ပါဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။ ရှီကျင့်ဖျင်အစိုးရ  "မြန်မာမူဝါဒ" ပြင်စေလိုသည်။။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar