မောင်လူမွှေး - မှိန်းခံနေကြသူတွေ
မောင်လူမွှေး - မှိန်းခံနေကြသူတွေ
မိုးမခ ၊ ဧပြီ ၂၉ ၊ ၂၀၂၅
မှိန်းတယ် ဆိုတာ မျက်စိမှိတ်ပြီး ငြိမ်သက်စွာ နေတာလို့ မြန်မာအဘိဓာန်က ဖွင့်ဆိုပါတယ်။ "ခဏမှိန်းလိုက်ဦးမယ်" ဆိုတဲ့စကား၊ "ဘိန်းမှိန်း မှိန်းမနေနဲ့" ဆိုတဲ့ စကားတွေ ရှိသလို "မှိန်းခံမနေနဲ့" ဆိုတဲ့ စကားကိုလည်း သတိပြုဖွယ် တွေ့ရတယ်။ မှိန်းခံမနေနဲ့ဆိုတာ ပြုလုပ်ပြီးတဲ့အရာတစ်ခုအတွက် လိုအပ်တာထက်ပိုပြီး အရသာခံနေသူတွေ၊ ဂုဏ်ဖော်နေသူတွေအတွက် သတိပေးစကားလို့ မောင်လူမွှေး နားလည်ပါတယ်။
ဒီနေရာမှာ မောင်လူမွှေးရဲ့ ညီငယ် ကဗျာဆရာ မိသားစုအကြောင်း သတိရမိတယ်။ ကဗျာဆရာရဲ့ အဖေက မြို့နယ်ရဲမှူး ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကလည်း အခြား အစိုးရရုံးဝန်ထမ်းပါ။ ကဗျာဆရာရဲ့ ညီမကတော့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါ။ ကဗျာဆရာ ကိုယ်တိုင်ကတော့ ကျောင်းဆရာဖြစ်သင်တန်းကို တက်ဖို့ ပြင်ဆင်နေတဲ့ ဘွဲ့ရပြီးခါစ လူငယ်တစ်ယောက်ပေါ့။ အဲဒီအချိန်မှာ စစ်အာဏာသိမ်းပါတယ်။
စစ်တပ်က အာဏသိမ်းတော့ ကဗျာဆရာရဲ့အဖေ မြို့နယ်ရဲမှူးဟာ CDM ဝင်တယ်။ ကဗျာဆရာရဲ့အစ်ကိုလည်း CDM ဝင်တယ်။ ကဗျာဆရာရဲ့ ညီမ တက္ကသိုလ်ကျောင်းသူလည်း CDM လုပ်ပြီး ကျောင်းဆက်မတက်ပါ။ စစ်အာဏာသိမ်းပြီး မကြာမီမှာပဲ တမိသားစုလုံး မြို့ကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
ကဗျာဆရာရဲ့ အဖေဟာ တော်လှန်ရေးအတွက် သူ တတ်ကျွမ်းတာတွေကို လူငယ်တွေကိုသင်တန်းပေးတယ်။ ကဗျာဆရာ ကိုယ်တိုင်ကလည်း သင်တန်းတွေ အဆင့်ဆင့်တက်ပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေတယ်။ သူ့ချစ်သူကို သူ စွန့်လွှတ်ခဲ့ရတာတွေ မောင်လူမွှေး ကြားရပါတယ်။ သူ ထားတဲ့ ဆံပင်ရှည်ရှည်ကို ဖြတ်ရတာလည်း လူမှုကွန်ရက်ကနေ မောင်လူမွှေး မြင်လိုက်ရပါတယ်။
မောင်လူမွှေးဟာ မောင်လူမွှေးရဲ့ ညီငယ် ကဗျာဆရာမိသားစုကို သိပ်ကိုလေးစားပါတယ်။ တစ်မိသားစုလုံး CDM ဝင်တယ်။ ဒါနဲ့တင်ကို လေးစားစရာကောင်းနေပါပြီ။ ဒါတင်မက တော်လှန်ရေးထဲမှာပါ ဘဝကို ပုံရင်းထားတာ တွေ့မြင်ရတော့ ပိုပြီးလေးစားရပါတယ်။ ကဗျာဆရာလူငယ်ဟာ သူတို့မိသားစု CDM ဝင်ခဲ့တာတွေကို ထုတ်ဖော်ပြောဆိုနေတာမျိုးမရှိဘဲ တော်လှန်ရေးကိုပဲ တစိုက်မတ်မတ်လုပ်နေတာ တွေ့ရတော့ " နှစ်သက်လေးစားကြည်ညိုဖွယ်" လူငယ် ဖြစ်နေပါတော့တယ်။
မောင်လူမွှေးမှာ ဒီလို နှစ်သက်လေးစားကြည်ညိုဖွယ် ညီအစ်ကို မိတ်ဆွေ သူငယ်ချင်းတွေ တော်တော်များများ ရှိနေတဲ့အတွက် သိပ်ကိုဂုဏ်ယူနေပါတယ်။ တစ်ယောက် တစ်နေရာစီ နေကြရတော့ သတိရစိတ်တွေလည်း ဖြစ်ရတာပါပဲ။ အထူးသဖြင့် "မှိန်းခံနေကြသူတွေ" ကို တွေ့မြင်ရတဲ့အခါ မောင်လူမွှေးဟာ ကိုယ် လုပ်ခဲ့တဲ့ အလုပ်အတွက် မှိန်းခံနေတာမျိုးမရှိဘဲ လုပ်စရာရှိတာ ဆက်လုပ်နေတဲ့ မိတ်ဆွေတွေကို အထူးသတိရတတ်ပါတယ်။
"ငါတို့က CDM ဝင်ခဲ့တာ" ၊ "ဘယ်သူတွေမှ စာမသင်ရဲတဲ့အချိန်မှာ ကျွန်မတို့က စသင်ပေးခဲ့တာ"၊ " ခုလို အခြေအနေ မဟုတ်သေးဘူး ကျွန်တော်တို့ စလုပ်ခဲ့တာ" စတဲ့...စတဲ့ စကားတွေကို မောင်လူမွှေး ကြားရတတ်ပါတယ်။ ဒီလိုစကားတွေကို တွင်တွင်ပြောလွန်းတဲ့သူ အများစုဟာ ဘေးထွက်နေသူ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ရေသာခိုလိုက်နေသူတွေ ဖြစ်နေတာကို တွေ့မြင်ရလေ့ရှိလို့ပါ။ ဒီလိုလူတွေဟာ "မှိန်းခံနေကြသူတွေ" ဖြစ်ပါတယ်။
နိုင်ငံတစ်ခုရဲ့ တော်လှန်ရေးဆိုတာ လွယ်လွယ်ကူကူ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဝတ္တရားကျေလုပ်ရတဲ့ အလုပ်လည်း မဟုတ်ပါဘူး။ လေးနက်တဲ့ ခံယူချက်၊ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ လုပ်ရတာဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ လက်ရှိအနေအထားအထိ ရောက်ဖို့တောင် လူငယ်တွေရဲ့ အသက်ပေါင်းများစွာ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်ပေါင်းများစွာကို ရင်းနှီးခဲ့ကြရတာပါ။ တော်လှန်ရေး ဆိုတာ ကိုယ်တစ်ခုလေး လုပ်ပေးရုံနဲ့ ပြီးသွားနိုင်တဲ့အရာတစ်ခု မဟုတ်ပါဘူး။
တော်လှန်ရေးမှာ တစ်ခုခု လုပ်ပေးခဲ့သူတွေ၊ တစ်စုံတစ်ရာ စွန့်လွှတ်ခဲ့သူတွေကို မောင်လူမွှေး အမြဲလေးစားလျက်ပါ။ ဒါပေမဲ့ ကိုယ် လုပ်ခဲ့တာလေးကိုပဲ မှိန်းခံနေပြီး ဇွဲလုံ့လနဲ့ ဆက်မရုန်းကန်ရင်တော့ တော်လှန်ရေးအောင်မြင်ဖို့ ကြန့်ကြာပြီး လူ့အဖွဲ့အစည်းဟာလည်း တိုးတက်မှုမရှိတဲ့အပြင် ဆုတ်ယုတ်သွားနိုင်တဲ့ အခြေအနေရှိတယ်ဆိုတာကို သတိထားမိဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒီအချိန်၊ ဒီကာလဟာ မှိန်းခံနေရမယ့် ကာလ မဟုတ်ပါဘူး။ မှိန်းခံနေသူတွေ များလာမှာ မောင်လူမွှေး ကြောက်မိပါတယ် ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar