ငလျင်နဲ့ နိုင်ငံရေး
မြန်မာနွေဦးခရိုနီကယ် - ဧပြီလ ၆ မြင်ကွင်း
မိုးမခ၊ ဧပြီ ၇၊ ၂၀၂၅
ငလျင်နဲ့ နိုင်ငံရေး
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က ကပ်ဘေးကြီးလို့ သတ်မှတ်ရတဲ့ အထိ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်နဲ့ ငလျင်ဘေးကျရောက်မှု အပေါ် ဘယ်လို တုံ့ပြန်ကြသလဲ၊ ဘယ်လို အသုံးချကြသလဲ ဆိုတာတွေက ငလျင်နဲ့နိုင်ငံရေးလို့ ယေဘုယျအားဖြင့် ဆိုနိုင်မယ် ထင်ပါတယ်။ ငလျင်ဘေး မကျရောက်မီ ကျရောက်နိုင်ချေနဲ့ ပတ်သက်လို့ အချို့သော ပညာရှင်တွေရဲ့ ရေးသားပြောဆိုချက်တွေကို ဂရုပြုမိကြသလား၊ ငလျင်ဘေးကျရောက်ပြီးပြီးချင်း အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှု၊ အပျက်အစီးတွေထဲ ပိမိ၊ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအတွက် ဘယ်လို စီမံဆောင်ရွက်ကြသလဲ၊ ထိခိုက်ပျက်စီးတဲ့ မြို့တွေ၊ ရွာတွေအကုန်လုံး တန်းတူအလေးထားအာရုံစိုက်မှု ရရှိခဲ့ရဲ့လား၊ အသက် ငလျင်ဘေးကျရောက်ပြီးချိန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ စစ်ပွဲတွေကို ရပ်တန့်ပြီး ကယ်ဆယ်ကူညီရေး အာရုံစိုက်လုပ်ဆောင်ကြသလား၊ နိုင်ငံတကာရဲ့အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီတွေကို ဘယ်လိုတုံ့ပြန် ဆောင်ရွက်ကြသလဲ၊ ငလျင်ဒဏ်ခံရတဲ့ဒေသတွေမှာ ထိန်းချုပ်ထားတဲ့ တာဝန်ရှိတဲ့ အုပ်ချုပ်သူတွေက ဘယ်လိုစီမံခန့်ခွဲသလဲ၊ ငလျင်ကပ်ဘေးနဲ့ လာမယ့်နှစ်ကုန် သို့မဟုတ် နောင်နှစ်ဆန်းမှာ ကျင်းပမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအလားအလာ၊ နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီကရလိုက်တဲ့အကျိုးအမြတ်တွေ စတာတွေက ငလျင်နဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ နိုင်ငံရေးတွေ လို့ဆိုရမှာ ဖြစ်ပါတယ်။
ငလျင်ကပ်ဘေးနဲ့ပတ်သက်လို့ ယေဘုယျ ခြုံငုံကောက်ချက်ချကြည့်ရင် ငလျင်ဘေးဒဏ် အများဆုံး ထိခိုက်မှုရှိခဲ့တဲ့နယ်မြေတွေဟာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့နေပြည်တော်အပါအဝင် စစ်ကောင်စီ ထိန်း ချုပ်နယ်မြေဒေသတွေဖြစ်ပြီး အချို့သော စစ်ကိုင်းတိုင်းက ကျေးရွာတွေကတော့ LPDF နဲ့ NUG အစိုးရလက်အောက်က ပကဖ ထိန်းချုပ် နယ်မြေတွေ ဖြစ်ပါတယ်။
ထိခိုက်ပျက်စီးမှုနဲ့ လူ့အသက်ဆုံးရှုံးမှုအများဆုံးက အထပ်များတဲ့ တိုက်အဆောက်အဦတွေရှိတဲ့ မြို့ပြတွေမှာ ဖြစ်ပြီး ဒီဒေသတွေကို ကယ်ဆယ်ရေးကူညီရေးလုပ်ဆောင်ဖို့ နိုင်ငံတကာအစိုးရတွေက စစ်ကောင်စီကိုဦးတည်ဆက်သွယ်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာစစ်ကောင်စီနဲ့ နကိုကတည်းက ဆက်ဆံရေးကောင်းပြီးဖြစ်တဲ့တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းတို့လိုနိုင်ငံတွေသာမက အခြားသောဒေသတွင်းနိုင်ငံတွေလည်းလျင်လျင်မြန်မြန်ဆက်သွယ် အကူအညီပေးကြတာတွေ့ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီကို ဝေဖန်မှုတွေ တောက်လျှောက်လုပ်ဆောင်နေတဲ့ အာဆီယံ အလှည့်ကျ ဥက္ကဌ နိုင်ငံဖြစ်တဲ့ မလေးရှားလို နိုင်ငံကလည်း လူသားချင်းစာနာမှု အရေးပေါ် အကူအညီအတွက် ချက်ခြင်း တုံ့ပြန်ဆောင်ရွက် သလို စင်ကာပူနိုင်ငံကလည်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးကို အစဥ်တစိုက် ထောက်ခံအားပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကတော့ သမ္မတအသစ် လက်ထက် မြန်မာ့အရေး စိတ်ဝင်စားခြင်းလည်း မရှိသလို၊ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေမှာလည်း မထင်မှတ်ထားလောက်တဲ့ နည်းပါးတဲ့အကူအညီပမာဏသာပေးအပ်မယ်လို့ ကြေညာခဲ့တာတွေ့ရပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာ့အရေးကနေ သိသာထင်ရှားတဲ့ နောက်ဆုတ်သွားတဲ့ခြေလှမ်းဟာ အမေရိကန်ပြည်ထောင်စုထောက်ခံမှုကိုအားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖို့ စိတ်ပျက်စရာ ဖြစ်ရပ်ဖြစ်ပါတယ်။ ငလျင်ကပ်ဘေးမှာသာ အကူအညီမပေးရုံသာမက အနာဂတ်ကာလ မြန်မာ့ဒီမိုကရေစီအရေးမှာပါ အမေရိကန်ပြည်ထောင်စုရဲ့ရပ်တည်ပေးမှုက မရေမရာဖြစ်စေတာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အာဏာလွှဲပြောင်းယူတဲ့ ထရန့် အစိုး ရရဲ့ မြန်မာ့နိုင်ငံအပေါ် ထားရှိတဲ့မူဝါဒ၊ စိတ်ဝင်စားမှုကို စစ်ကိုင်းငလျင်နိုင်ငံရေးက လှစ်ဟပြလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေး အကြောင်းဆက်ရရင် တရုတ်နိုင်ငံအနေနဲ့ ခုငလျင်ကပ်ဘေးမှာ လျင်မြန်တဲ့ အရေးပေါ် ကယ်ဆယ်ရေးအကူအညီ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားနိုင်ငံအားလုံးထက်ပိုမိုအရေအတွက်များတဲ့ အရေးပေါ် ကယ်ဆယ်ရေးအင်အား၊ နိုင်ငံတကာအကူအညီတွေအနက် ပမာဏအများဆုံးကို ကူညီပေးခဲ့ကာ မြန်မာနိုင်ငံက လူထုရဲ့ မယုံကြည်မှုနဲ့ သံသယတချို့ကိုချေဖျက်နိုင်ခဲ့တဲ့ အကျိုးအမြတ်ရရှိခဲ့တာလည်း တွေ့ရမှာပါ။
ငလျင်ကပ်ဘေးကနေ နိုင်ငံရေးအရ အကျိုးအမြတ် ရခဲ့တယ်လို့ ဆိုရင် မှားမယ်မထင်ပါ။ လတ်တလော ကိုးကန့်တပ်တွေကို လားရှိုးက ဆုတ်ခွာဖို့ တရုတ်နိုင်ငံက ကြားဝင်ဖိအားပေးခဲ့တဲ့ အဖြစ်က ငလျင်ဘေး အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေက တရုတ်နိုင်ငံဆန့်ကျင်ရေး အရှိန်အဟုန်ကို လျော့ကျစေခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ငလျင်ဘေးကျရောက်ပြီးရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံက BIMSTEC နှစ်လည် အစည်းအဝေးကို စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်အပါအဝင် ဒေသတွင်းက ခေါင်းဆောင်တွေနဲ့ သီးခြားစီတွေ့ဆုံမှုတွေလုပ်နိုင်ခဲ့တာကို စစ်ကောင်စီဘက်က လွန်ခဲ့တဲ့ ၄နှစ်တာအတွင်း သံတမန်ရေးအရ အကြီးဆုံးအောင်မြင်မှုအဖြစ် ရှုမြင်ကြပါလိမ့်မယ်။ အစည်းအဝေးပြီးနောက် ထိုင်း နဲ့ မလေးရှား နိုင်ငံ ခြားရေးဝန်ကြီးတွေ နေပြည်တော်လာရောက်ခဲ့တဲ့အဖြစ်ကလည်း သံတမန်ရေးအရ ဖယ်ကျဥ်ထားမှုတွေကို အဆုံးသတ်သွားစေတာမဟုတ်သော်လည်း လူသားချင်းစာနာမှု အကူအညီကိုအကြောင်းပြုပြီး ဖယ်ကျဥ်မှုအတိုင်းအတာတခုထိ ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေး သံတမန်ရေးတွေနဲ့ ပတ်သက်တဲ့ အပိုင်းအပြင် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကို ခြုံငုံအကဲဖြတ်ရရင် သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်မှာ ကမ္ဘာ့နိုင်ငံတိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ကယ်ဆယ်ရေးမှာ အင်တိုက်အားတိုက် ပါဝင်လေ့ရှိကြပေမယ့် မြန်မာနိုင်ငံမှာ အလားတူ ကယ်ဆယ်ရေး မတွေ့ရခြင်းက မြို့တွေပေါ်မှာ စစ်တပ်အင်အားမရှိသလောက် ဖြစ်နေတဲ့ အနေအထားနဲ့ လူထုနဲ့စစ်တပ်အကြား မယုံကြည်မှုက ဘယ်လောက်ကြီးမားသလဲဆိုတဲ့အချက် ၂ ချက်ကို သက်သေပြလိုက်သလို ဖြစ်စေပါတယ်။ စစ်တပ်အင်အားတွေ တနိုင်ငံလုံးက စစ်မြေပြင်တွေမှာ ဖြန့်ကျက်ထားပြီး အဆိုပါနေရာတွေကနေ ပြန်လည်ခေါ်ယူပြီး ကယ်ဆယ်ရေးလုပ်ဆောင်တာမျိုးမလုပ်နိုင်တဲ့အခြေအနေ ငလျင်ဘေးကျရောက်ချိန်မှာတောင် စစ် မျက်နှာတွေမှာ ထိန်းချုပ်နယ်မြေ လက်လွှတ်လိုက်ရမှာကိုစိုးရိမ်မှုကြောင့် အပစ်အခတ် ချက်ခြင်းမရပ်သလို လေကြောင်းတိုက်ခိုက်မှုလည်း မရပ်နားခဲ့ပါဘူး။
ဒီအချက်တွေက စစ်ကောင်စီအဖို့ ငလျင်ဘေးအန္တရာယ်နဲ့အတူ ပြည်တွင်းက လူထုရော နိုင်ငံတကာက အသိုင်း အဝိုင်းကပါ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေပေါ်ထွက်စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
နောက်တချက်က စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားဗဟိုချက်ဖြစ်တဲ့ နေပြည်တော်က ဝန်ကြီးရုံးတွေ၊ အဆိုပါရုံးတွေမှာလုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ အိမ်ရာတွေလည်း ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုခံရပြီး စစ်ကောင်စီ အနေနဲ့ စစ်ရုံးလို၊ စစ်တိုင်းဌာနချုပ်လိုနေရာတွေရဲ့အပျက်အစီးတွေကို အရပ်ဖက်ဝန်ထမ်းတွေ ရဲ့ အသက်အန္တရာယ်ထက်ပိုပြီး အလေးထားတဲ့ အချက်လည်း ပေါ်လွင်စေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဝန်ကြီးရုံး အချို့ သုံးမရလောက်အောင် ပြိုပျက်သွားသလို ဝန်ထန်းတွေမှာလည်း ဝန်ထမ်းအိမ်ရာတိုက်တန်းတွေ ပြိုပျက်၊ ထိ ခိုက်သေဆုံးသူတွေကို အချိန်မီမကယ်ဆယ်နိုင်၊ ငလျင်လှုပ်ပြီး ရက်အတန်ကြာသည်အထိ လမ်းဘေး သစ်ပင်ရိပ်အောက်မှာ အမိုးအကာ၊ သုံးရေ၊ အိမ်သာမလုံမလောက်နဲ့ နေထိုင်ကြရတဲ့အဖြစ်တွေက စစ်ကောင်စီ အုပ် ချုပ်ရေး ယန္တရားထဲကသူတွေကို စည်းရုံးရေးပျက်ပြားစေ၊ ယုံကြည်မှု လျော့ကျစေမှာ အသေအချာဖြစ်ပါတယ်။
အချို့သော မြို့ငယ်တွေမှာ အရေးပေါ် ကယ်ဆယ်ရေးလိုမျိုးကို လုံလုံလောက်လောက်မရရှိခဲ့သည့်တိုင် အရေးပေါ်ကယ်ဆယ်ရေး ကာလဟာ မကြာခင် အချိန်အတွင်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ နောက်တဆင့်ဖြစ်တဲ့ ပြန်လည်ထူထောင်ရေးအဆင့်ကို စတင်ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ စစ်ကိုင်း မန္တလေး၊ ကျောက်ဆည်၊ ပျဥ်းမနား၊ တောင်ငူ၊ အင်းလေးဒေသ အစရှိတဲ့ဒေသတွေက လူထုအနေနဲ့ ပြန်လည်ထူ ထောင်ရေးကို ကိုယ်ထူကိုယ်ထအနေအထားနဲ့ လျှောက်လှမ်းကြရမယ့် အခြေအနေလို့လည်းဆိုရင် မှားမယ် မထင်ပါ။ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေ မှာ ပြန်လည်ထူထောင်ရေး နဲ့ စစ်ဘေးကနေ တိမ်းရှောင်နေထိုင်ရေးတို့ တပြိုင်နက်ထဲကျရောက်မယ့် အနေအထားလည်းဖြစ်ပြီး ငလျင် နိုင်ငံရေးက လက်နက်ကိုင် ပဋိပက္ခအပေါ် ဘယ်လိုသက်ရောက်လာမလဲ ဆိုတာက လောလောဆယ် မှန်းဆဖို့ စောသေးတဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar